အက်သလက်တီကို ဆိုပြီး ခွဲခြား သိမြင်စေတဲ့ ‘နှလုံးသား၊ ခွန်အားနဲ့ ယုံကြည်မှုတွေကို မြင်တွေ့ခဲ့ရမှာပါ။’ - ဆီမြွန်နီ

အက်သလက်တီကို ဆိုပြီး ခွဲခြား သိမြင်စေတဲ့ ‘နှလုံးသား၊ ခွန်အားနဲ့ ယုံကြည်မှုတွေကို မြင်တွေ့ခဲ့ရမှာပါ။’ - ဆီမြွန်နီ
Photos: EPA

အက်သလက်တီကိုမက်ဒရစ်နည်းပြ ဆီမြွန်နီက ဘာစီလိုနာကို နောက်ကလိုက်ကစားပြီး အနိုင်ရယူပြခဲ့တဲ့ သူ့ရဲ့အသင်းကို ချီးကျူးမှုပြုလုပ်သွားခဲ့ပါတယ်။

မနေ့ညက ဆော်ဒီအာရေဗျမှာ ယှဉ်ပြိုင်ကစားသွားခဲ့ကြတဲ့ စပိန်စူပါဖလား ဆီမီးဖိုင်နယ်ပွဲစဉ်မှာ အက်လက်တီကိုဟာ ဘာစီလိုနာကို "မဖြစ်နိုင်လုနီးပါး အခြေအနေမှာ" အနိုင်ယူပြီး ပြန်လာနိုင်ခဲ့တယ်လို့ ဆီမြွန်နီက ကြွေးကြော်သွားခဲ့ပါတယ်။

အက်လက်တီကိုအသင်းဟာ ပွဲကစားချိန်နောက်ဆုံး (၉)မိနစ်အတွင်းမှာ (၂)ဂိုးဆက်တိုက် သွင်းယူပြီး (၃-၂)ဂိုးနဲ့ ဘာကာကို အလဲထိုး အနိုင်ယူနိုင်ခဲ့တာဖြစ်ပါတယ်။

မိုရာတာရဲ့ ပင်နယ်တီဂိုးနဲ့ ကော်ရီယာရဲ့ သွင်းဂိုးတွေက ဗိုလ်လုပွဲမှာ မြို့ခံပြိုင်ဘက် ရီးယဲလ်မက်ဒရစ်နဲ့ တွေ့ဆုံစေတာဖြစ်ပြီး နည်းပြ ဆီမြွန်နီကတော့ အက်သလက်တီကို ဆိုပြီး ခွဲခြား သိမြင်စေတဲ့ ‘နှလုံးသား၊ ခွန်အားနဲ့ ယုံကြည်မှုကို မြင်တွေ့ခဲ့ရမှာဖြစ်တယ်လို့ ပြောဆိုသွားပါတယ်။

"ကျနော်တို့ ဗိုလ်လုပွဲစဉ်ကို တက်လှမ်းနိုင်ဖို့ အေးဆေးတည်ငြိမ်အောင် လုပ်နိုင်ခဲ့တယ်လို့ ထင်မိပါတယ်။ ဒီနိုင်ပွဲဟာ ပရိသတ်တွေအတွက် အရေးပါလှပြီး ကလပ်အသင်းအတွက်ရော၊ ကစားသမားတွေအတွက်ပါ အရေးပါလှတဲ့ နိုင်ပွဲတစ်ပွဲပါ။"လို့ သူက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

"ကမ္ဘာ့အကောင်းဆုံးအသင်းတွေထဲက တစ်သင်းနဲ့ ရင်ဆိုင်ကစားခဲ့ရတာမို့ အရမ်းကို ခက်ခဲတဲ့ ပွဲတစ်ပွဲဖြစ်ခဲ့ပါတယ်။ သူတို့ဟာ ဘောလုံးပိုင်ဆိုင်မှု အသားစီးရယူလာပြီး ဒါနဲ့ပဲ တိုက်စစ်ကစားလာတဲ့အခါ သူတို့ဟာ အကောင်းဆုံးပါ။"

"ကျနော်တို့ ပထမပိုင်းအတွင်း အလူးအလဲပဲ ခံခဲ့ရတယ်။ ဒုတိယပိုင်းမှာ ကွဲပြးခြားနားသွားခဲ့တယ်လို့ ထင်ပါတယ်။ ပွဲကစားချိန် ၇၅ မိနစ်အရောက်မှာ အက်သလက်တီကိုရဲ့ တန်ဖိုးတွေလို့ ခွဲခြား သိမြင်စေတဲ့ ကျနော်တို့ရဲ့ နှလုံးသား၊ ကျနော်တို့ရဲ့ ခွန်အား၊ ကျနော်တို့ရဲ့ ယုံကြည်မှုတွေ ပေါ်ပေါက်လာခဲ့တယ်ဆိုတာ ခင်ဗျား မြင်တွေ့ခဲ့မှာပါ။"

"ကျနော်တို့ ခက်ခဲတဲ့ အခြေအနေေတွေ ရင်ဆိုင်ခဲ့ရပါတယ်။ မဖြစ်နိုင်လုနီးပါး အခြေအနေတစ်ခုပါ။ ဒါပေမယ့် ကျနော်တို့ သရေရလဒ် ရယူနိုင်သေးတယ်ဆိုရင် ပြိုင်ပွဲကို အနိုင်ယူနိုင်တယ်ဆိုတဲ့ ခံစားချက်မျိုး ရှိခဲ့တယ်။ နောက်တော့ အဲဒါက ဖြစ်လာခဲ့တာပါပဲ။"

အက်သလက်တီကိုအသင်းဟာ ဘာစီလိုနာအသင်းကို ဖြတ်ကျော်ပြနိုင်ခဲ့ပြီးနောက် တနင်္ဂနွေနေ့မှာ ဂျက်ဒါမြို့မှာ ရီးယဲလ်မက်ဒရစ်နဲ့ ဗိုလ်လုပွဲဟာ နောက်ထပ် ကြီးမားတဲ့ စမ်းသပ်မှုကို ရင်ဆိုင်ရမှာဖြစ်ပါတယ်။

Ref; AFP, Fox Sports

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly