တောက်လောင်နေတဲ့ ဒေါသမီးကို ဒီလိုလျှော့ပါ

တောက်လောင်နေတဲ့ ဒေါသမီးကို ဒီလိုလျှော့ပါ

ရေးသားသူ Ye Myo Myat
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

လူရယ်လို့ ဖြစ်လာရင် ဘယ်လောက်ပဲ ပျော်ရွှင်အောင် ကြိုးစားကြိုးစား၊ တစ်ခါတလေ စိတ်ညစ်စိတ်ဆိုး ဒေါသထွက်ရတာမျိုး ဖြစ်တတ်တာပဲလေ။ လူ့လောကဆိုတာ ပြီးပြည့်စုံတဲ့နေရာတစ်ခုမှ မဟုတ်ပဲကိုး။ အမြင့်ရှိသလို အနိမ့်ဆိုတာလည်း ရှိတယ်။ ဒါကြောင့် အနိမ့်ကိုရောက်နေတဲ့ ကာလအတွင်းမှာ ကိုယ့်ဒေါသကြောင့် ကိုယ့်စိတ်နဲ့ ကျန်းမာရေးမညှိုးနွမ်းရစေဖို့ နည်းနည်းတော့ သတိထားဖို့ လိုတာပေါ့။

ဒေါသထွက်ရင် ဘာဖြစ်မလဲ။
အရင်ဆုံး ကိုယ့်စိတ်နဲ့ ခန္ဓာက ထိခိုက်မှာပါ။ ဒေါသကြောင့် အသက်ရှူမြန်လာတယ်၊ နှလုံးခုန်မြန်လာတယ်၊ ဦးနှောက်ထဲ သွေးတွေရောက်ပြီး သွေးတိုးကာ သတိလစ်စေတယ်၊ နှလုံးကို အမောဖောက်လာစေတယ်၊ စိတ်က မကြည်မလင်ဖြစ်ပြီး ပျော်ရွှင်ခြင်းရဲ့ ရသကို မခံစားနိုင်တော့ဘူး၊ ဒီအခါ ဘဝမှာဖြစ်ပျက်နေတဲ့ အရာတွေကို အကောင်းမမြင်တော့ဘူးပေါ့။ အထူးသဖြင့် သွေးတိုး၊ နှလုံးရောဂါအခံရှိသူတွေ၊ အသက်အရွယ်ကြီးသူတွေ၊ အာရုံကြောမကောင်းသူတွေဆိုရင် ဒေါသထွက်လာတာနဲ့ အမောဖောက်ပြီး သတိလစ်သွားနိုင်တယ်နော်။

လူတစ်ယောက်က ဒေါသထွက်လာရင် ကိုယ့်ကိုယ်ကိုယ် ထိခိုက်အောင် လုပ်ရင်လုပ်၊ မဟုတ်ရင်လည်း ကိုယ့်ဘေးမှာ ရှိတဲ့သူတွေဆီကို ထိခိုက်အောင် အော်ဟစ်ဆဲဆိုမိလိုက်တာ၊ စကားကြမ်းကြမ်းပြောလိုက်တာ၊ အကြမ်းဖက်တာ အစရှိသဖြင့် အမျိုးမျိုးထိခိုက်မိအောင် လုပ်တတ်ပါတယ်။ အဲ့လိုမဟုတ်ဘဲ ကိုယ့်ဒေါသကြောင့် ကိုယ်က ပူလောင်နေတဲ့အချိန် ကိုယ့်ကိုချစ်တဲ့သူတွေအနေနဲ့ ဒါကိုမြင်ပြီး ဘယ်စိတ်ကောင်းနိုင်တော့မလဲ၊ အဲ့အချိန်ကျတော့ တိုက်ရိုက်မဟုတ်ပေမဲ့ တစ်ယောက်ရဲ့ အပူမီးက နောက်တစ်ယောက်ကို ကူးစက်သွားတော့တာပေါ့။

ဒေါသစိတ်သည် လူတစ်ယောက်ရဲ့ အသိစိတ်ကိုလည်း လွတ်သွားစေနိုင်ပြီး ကိုယ့်စိတ်ကို ထိန်းချုပ်မရဖြစ်စေတယ်။ ဘေးပတ်ဝန်းကျင်၊ အလုပ်ခွင်၊ နေအိမ်၊ လူမှုပတ်ဝန်းကျင်မှာ ကိုယ့်ရဲ့ဒေါသစိတ်ကြောင့် မလိုလားအပ်တဲ့ ပြဿနာတွေကို ဆင့်ခေါ်မိသလို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဒေါသထွက်လာပြီဆိုရင် အဲ့ဒီစိတ်ကို ဖြည်းဖြည်းချင်းလျှော့ချဖို့အတွက် ဘာတွေလုပ်သင့်လဲဆိုတာကို ဒီဆောင်းပါးမှာ ပြောပြပေးချင်ပါတယ်။

၁။ အသက်ပြင်းပြင်းရှူပါ။
ဒေါသဖြစ်လာရင် အရင်ဆုံး ဘာမှမတွေးပါနဲ့။ ခါးကိုမတ်မတ်ထား၊ ထိုင်ခုံမှာ ငြိမ်ငြိမ်ထိုင်၊ မျက်လုံးကို မှိတ်ပြီး အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းရှူထုတ်လုပ်လိုက်ပါ။ ၅ မိနစ်ကနေ ၁၀ မိနစ်လောက် ကြာလာရင် စိတ်က သူ့အလိုလို တည်ငြိမ်သွားပါလိမ့်မယ်။

၂။ စိတ်အေးချမ်းစေမယ့် တီးလုံးတွေ ဖွင့်ပေးပါ။
ဆူဆူညံညံအသံတွေနဲ့ ဝေးရာ နေရာလေးမှာ ယောဂတီးလုံးသံစဉ်တွေ၊ အိပ်တဲ့အခါ နားထောင်တဲ့ တီးလုံးလေးတွေကို ဖွင့်ထားပေးပါ။ ဒီသံစဉ်တွေကို ပူလောင်နေတဲ့ကိုယ့်ရဲ့ စိတ်နဲ့ တင်းမာနေတဲ့ ပုခုံးကြွက်သားတွေကို ပြေလျော့စေပြီး စိတ်ကို အနည်းငယ်တော့ အေးချမ်းသွားစေနိုင်မှာပါ။

၃။ အေးချမ်းမှုကို ပြန်လည်တည်ဆောက်ပါ။
အသက်လေး ခပ်ပြင်းပြင်းရှူပြီး သံစဉ်အေးအေးလေးတွေ နားထောင်ရင်းနဲ့ စိတ်အာရုံထဲမှာ ကိုယ့်ကို ပျော်ရွှင်စေခဲ့တဲ့ အတိတ်ပုံရိပ်လေးတွေ၊ ရယ်စရာဟာသလေးတွေ၊ ဘာသာရေးကိုင်းရှိုင်းတဲ့သူဆိုရင် ဘုရားပုံတော်တွေကို မျက်စိထဲ ပြန်မြင်ယောင်ကြည့်ပါ။

၄။ မျက်စိမှိတ်အိပ်လိုက်ပါ။
လူကစိတ်အရမ်းညစ်နေတဲ့အချိန် ဘာမှလည်း မလုပ်ချင်၊ မကိုင်ချင်ဖြစ်နေရင် အကောင်းဆုံးက မျက်စိမှိတ်ပြီး လှဲသာအိပ်ချလိုက်ပါ။ အကြာကြီးမဟုတ်ရင်တောင် ၁၅ မိနစ်လောက်ပေါ့။ နိုးလာတဲ့အချိန်ဆိုရင် များသောအားဖြင့် ဒေါသမီးတွေက အရှိန်လျော့သွားတတ်ပြီး စိတ်တော်တော်လေး ပြေနေလောက်ပါပြီ။ အဲ့အချိန်မှပဲ ကိုယ်လုပ်စရာရှိတာ၊ ဖြေရှင်းစရာရှိတာတွေကို ဆက်လုပ်ပါ။

၅။ တစ်ယောက်ယောက်ကို ရင်ဖွင့်ပါ။
ကိုယ်ချစ်ရတဲ့သူ၊ ကိုယ်နဲ့ စိတ်ချင်းနီးပြီး အရမ်းခင်တဲ့သူတွေဆီမှာ ရင်ဖွင့်ခြင်းဟာလည်း ကိုယ့်ရဲ့ ဒေါသကို ပြေလျော့စေတဲ့ နည်းလမ်းတွေထဲက တစ်ခုပါပဲ။ ကိုယ်က အော်ဟစ်မိလိုက်ရင်တောင် သူတို့အနေနဲ့ နားလည်ခွင့်လွှတ်ပေးနိုင်တာကြောင့် မလိုလားအပ်တဲ့ ပြဿနာတွေ မဖြစ်တော့သလို ဖြစ်နေတဲ့ ပြဿနာ၊ စိတ်ခံစားချက်တွေအတွက်လည်း သင့်တော်မယ့် ဖြေရှင်းနည်းလမ်းတွေကို အကြံရနိုင်ပါသေးတယ်။

၆။ ကိုယ့်ပတ်ဝန်းကျင်က မျက်စိရှုပ်စရာတွေ အကုန်ရှင်းထုတ်ပါ။
ဒေါသထွက်ရင် မျက်စိထဲ မြင်ရာက စိတ်တိုစရာတွေ ဖြစ်နေတာ တော်တော်များများ သိကြမှာပါ။ အဲ့လိုအချိန်မှာ ကိုယ့်ပတ်ဝန်းကျင်မှာ ရှိနေတဲ့ အမှိုက်တွေကို ဖယ်ရှားပစ်တာ၊ သန့်ရှင်းရေးလုပ်တာ၊ ပစ္စည်းတွေကို နေရာတကျ စီတာမျိုး လုပ်ပေးလို့ရပါတယ်။ ဘာမှလုပ်စရာမရှိရင်လည်း အိမ်သာထဲသွားပြီး မျက်နှာသစ်လက်ဆေးလိုက်တာ၊ လမ်းပတ်လျှောက်တာ၊ တရားမှတ်တာ၊ အပေါ်မှာ ပြောခဲ့တဲ့ အသံတိတ်တဲ့နေရာတစ်နေရာသွားပြီး ကိုယ့်စိတ်ကို ဖြေလျှော့တာမျိုး လုပ်နိုင်ပါတယ်။

ဒီနည်းလမ်းတွေဟာ လောလောလတ်လတ် တောက်လောင်လာတဲ့ ဒေါသမီးတွေကို အကုန်မဟုတ်ရင်တောင် တော်တော်လေး ငြိမ်းအေးသွားစေနိုင်ပါတယ်။ ကိုယ့်ရင်ထဲမှာ ပူလောင်နေတာတွေ ပျောက်သွားပြီဆိုတော့မှ လက်ရှိဖြစ်နေတဲ့ ပြဿနာကို သေချာပြန်စဉ်းစားကြည့်ပါ။ ဘယ်သူကမှားတာလဲ၊ သူ့ဘက်၊ ကိုယ့်ဘက် မတူညီတဲ့ အမြင်နဲ့ တွေးခေါ်ပုံတွေ၊ သူ့နေရာမှာသာဆိုရင်ရော ကိုယ်ဘယ်လိုလုပ်မိမလဲ၊ ဖြစ်နေတဲ့ ပြဿနာကို ဘယ်လိုဖြေရှင်းခြင်းဟာ အကောင်းဆုံးလဲ၊ ဘာကို အရင်ဆုံး အာရုံစိုက်ထားရမလဲဆိုပြီး တွေးနေပါ။ အဖြေရပြီဆိုတာနဲ့ ပြဿနာတွေကို တစ်ခုချင်း ရှင်းထုတ်ပါ။ ကိုယ့်ရဲ့ ဒေါသကြောင့် တစ်ခြားသူတွေဆီကို မီးစ မစင်သွားစေဖို့ သေချာဂရုစိုက်ပေးဖို့ ထပ်ပြီးအကြံပေးလိုက်ပါတယ်နော်။

Hello ဆရာဝန်ပရိတ်သတ်ကြီးလည်း နှစ်သစ်မှာ စိတ်သစ်လူသစ်နဲ့ ပျော်ရွှင်ကျန်းမာစိတ်ချမ်းသာစရာကောင်းတဲ့ နေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required