မန္တလေးတက္ကသိုလ် ပါချုပ် စုံစမ်းစစ်ဆေးမှု ရလာဒ် ထုတ်ပြန်ပေးရန် ဆန္ဒပြတောင်းဆို

မန္တလေးတက္ကသိုလ် ပါချုပ် စုံစမ်းစစ်ဆေးမှု ရလာဒ် ထုတ်ပြန်ပေးရန် ဆန္ဒပြတောင်းဆို
ဓာတ်ပုံ - အောင်ကိုဦး / မဇ္ဈိမ

မန္တလေး၊ ဇန်နဝါရီ ၉။         ။ မန္တလေးတက္ကသိုလ် ပါမောက္ခချုပ် အနေဖြင့် နိုင်ငံတော်သမ္မတ၏ ညွှန်ကြားချက်ကို ချိုးဖောက်ပြီး ၎င်းနှင့် ရင်းနှီးကျွမ်းဝင်သည့် လုပ်ငန်းရှင်အား Food Court လုပ်ပိုင်ခွင့် ပေးသည်ဟု ဆိုကာ ကျောင်းသားများ၏ ကန့်ကွက်မှုအပေါ် ပညာရေးဝန်ကြီးဌာန၏ စုံစမ်းစစ်ဆေးမှု ရလာဒ်ကို ထုတ်ပြန်ပေးရန် မန္တလေးတက္ကသိုလ် ကျောင်းသားသမဂ္ဂ (သပိတ်မှောက်ကော်မတီ) က ဇန်နဝါရီ ၉ ရက် နံနက် ၁၁ နာရီတွင် မန္တလေးတက္ကသိုလ်ဝင်း အတွင်း လှည့်လည် ဆန္ဒပြတောင်းဆိုခဲ့ပြီး ပင်မဆောင်ရှေ့၌ ထိုင်သပိတ်ပြုလုပ်ကာ တောင်းဆိုနေသည်။

စုံစမ်းစစ်ဆေးမှုပြုလုပ်ခဲ့သည်မှာ လေးလကြာပြီဖြစ်သည့်အတွက် ယခုကဲ့သို့ ဆန္ဒထုတ်ဖော်ရခြင်း ဖြစ်ပြီး စုံစမ်းစစ်ဆေးမှု အဖြေ မရမချင်း ထိုင်သပိတ်ပြုလုပ်တောင်းဆိုသွားမည်ဟု သပိတ်မှောက် ကော်မတီကဆိုသည်။

"ပညာရေးဝန်ကြီးဌာနက အချိန်ဆွဲ ဘက်လိုက်နေတာနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ကနေ စုံစမ်းစစ်ဆေးမှု အဖြေ ထုတ်ပြန်ပေးဖို့အတွက် ဒီနေ့ကနေစပြီး တောင်းဆိုတာပါ။မရမချင်း ထိုင်သပိတ်လုပ်ပြီး တောင်းဆိုသွား ပါမယ်"ဟု သပိတ်မှောက် တောင်းဆို နေသည့် မန္တလေးတက္ကသိုလ်ကျောင်းသား ကိုဝေယံထက် ကပြောသည်။

စုံစမ်းစစ်ဆေးခြင်းကို စက်တင်ဘာ ၇ ရက်ကစတင် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့တွင် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးညွှန့် နှင့် မော်လမြိုင် တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ အောင်မြတ်ကျော်စိန် တို့ပါဝင်ခဲ့သည်။

ဆန္ဒပြကျောင်းသူများသည် ကျောင်းဝင်းအတွင်း လှည့်လည်၍ ပညာရေးဝန်ကြီးဌာန၏ အချိန်ဆွဲ၍ ဘက်လိုက်သောဖြေရှင်းမှု အလိုမရှိ၊ မှန်ကန် မျှတသော အပြီးသတ် စုံစမ်းစစ်ဆေးမှုရလာဒ် အမြန်ဆုံးထုတ်ပြန်ပေးရေး တို့အရေး၊ မန္တလေးတက္ကသိုလ်အား အသုံးချ၍ ကိုယ်ကျိုးရှာသော ပါမောက္ခချုပ် အလိုမရှိနှင့် နိုင်ငံတော်သမ္မတ ညွှန်ကြားချက်နှင့် တည်ဆဲ ဥပဒေများအား ဖောက်ဖျက်ကျူးလွန်သည့် ကျောင်းအုပ်ချုပ်ရေးအဖွဲ့အား အမြန် ဆုံး အရေးယူပေးရေး တို့အရေးဟု ကြွေးကြော် ချီတက်ခဲ့ကြပြီးနောက် ပင်မဆောင်ရှေ့တွင် ထိုင်သပိတ်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

Food Court ကို ၂၀၁၈ခုနှစ်ကစတင်တည်ဆောက်နေခြင်းဖြစ်ပြီး ထိုစဉ်က ကန့်ကွက်မှုများ ပြုလုပ်ခဲ့သော်လည်း ဆက်လက် တည်ဆောက်ခဲ့ရာ ယခုအခါတွင် ပြီးစီးနေပြီဖြစ်သည်။

ယခုကဲ့သို့ ဆန္ဒထုတ်ဖော် ထိုင်သပိတ်ပြုလုပ်နေခြင်းနှင့်ပတ်သက်၍ ကျောင်းအုပ်ချုပ်ရေးအဖွဲ့က ပြန်လည်တုန့်ပြန်ပြောဆိုမှုများမရှိဘဲ မန္တလေးတက္ကသိုလ် အဝင်အထွက်ကို ကျောင်းသားကဒ် ပါမှသာလျှင် ဝင်ထွက်ခွင့်ပြု မည်ဟု ကန့်သတ်လိုက်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required