Social Drink ကနေ တဆင့်တက်လို့ အရက်စွဲနေပြီလား ဆန်းစစ်ကြည့်ပါ

Social Drink ကနေ တဆင့်တက်လို့ အရက်စွဲနေပြီလား ဆန်းစစ်ကြည့်ပါ

ရေးသားသူ Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

အလုပ်သဘောအရဖြစ်ဖြစ်၊ သူငယ်ချင်းတွေစုံမိလို့ဆိုပြီး အရက်ကို တစ်ခွက်စ နှစ်ခွက်စသောက်တာ Social Drink ဆိုပေမယ့် ဒီလိုနဲ့တစ်ပတ်ကို ၃ ရက်အထက်သောက်မိနေမယ်ဆိုရင်တော့ ကိုယ့်ကိုယ်ကိုယ် ပြန်ဆန်းစစ်ကြည့်ဖို့လိုပါပြီ။ တကယ်ပဲအားနာလို့ သောက်မိနေတဲ့ Social Drink လား၊ မသောက်ရမနေနိုင်လို့ သောက်မိနေတဲ့ အရက်စွဲပြဿနာစနေတာလားဆိုတာကိုပါ။

Social Drink ဆိုတာ
“ Social drinking” ဆိုတာက သောက်ချင်လို့ဆိုတဲ့ ဆန္ဒထက် အလုပ်သဘောအရ လိုအပ်လို့သောက်တာပါ။ သောက်တဲ့အခါမှာလည်း မူးနေအောင်သောက်တာမျိုးမဟုတ်ဘဲ တစ်ခွက်၊နှစ်ခွက်လောက်ပဲ မိတ်ဖြစ်ဆွေဖြစ်သောက်တာမျိုးပါ။

Social Drink ကြောင့် အရက်စွဲနိုင်လား…….
ဒါကတော့ လူနဲ့ပဲဆိုင်တယ်လို့ပြောပါရစေ။ Social Drink ကြောင့် အရက်မစွဲနိုင်ပေမယ့် ကိုယ့်စိတ်ကိုယ်မထိန်းနိုင်ရင်တော့ အရက်ဆိုတာမျိုးကလည်း စွဲလမ်းစေတတ်တဲ့အရာဆိုတော့  အရက်စွဲတာမျိုးဖြစ်သွားနိုင်ပါတယ်။ အရက်စွဲတယ်ဆိုတာက ငွေကုန်ကြေးကျများသလို ခန္ဓာကိုယ်ရော ဦးနှောက်ကိုပါ ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် အလုပ်သဘောအရ လိုအပ်လို့သောက်မယ်ဆိုရင်တောင် အကန့်အသတ်လေးနဲ့ သောက်တာက အကောင်းဆုံးပါ။

ဘာတွေကများ အရက်စွဲစေတာလဲ…..

  • အရက်စွဲတယ်ဆိုတာက စိတ်ရောဂါတစ်ခုပါ။ ဘဝတလျှောက်လုံး ဒုက္ခပေးနိုင်တဲ့ စိတ်ကျန်းမာရေးအခြေအနေတစ်ရပ်ဆိုလည်း မမှားပါဘူး။ အရက်စွဲတာကိုဖြစ်စေတဲ့အကြောင်းအရင်းက တစ်ခုမကရှိနိုင်ပါတယ်။
  • စိတ်ပိုင်းဆိုင်ရာ အခြေအနေကြောင့်
  • အပြုအမူပိုင်းဆိုင်ရာ အခြေအနေတွေကြောင့်
  • မျိုးရိုးကြောင့်ဆိုတဲ့ အချက်တွေက အရက်စွဲနိုင်ခြေအပေါ်မှာ သက်ရောက်နေပါတယ်။
  • အရက်စွဲနေပြီလား ဘယ်လိုသိနိုင်မလဲ…..
  • အရက်စွဲတဲ့ လက္ခဏာက တစ်ယောက်နဲ့တစ်ယောက်မှာ မတူနိုင်ပါဘူး။ အရက်စွဲနေပြီဆိုရင် များသောအားဖြင့်က
  • မကြာခဏဆိုသလို အရက်သောက်မယ် (ပျော်လို့ဖြစ်ဖြစ်၊ စိတ်ညစ်လို့၊ ပင်ပန်းလို့ဆိုတဲ့ အမျိုးမျိုးသောအကြောင်းပြချက်တွေနဲ့ သောက်မယ်)
  • အရက်နာကျတာမျိုး သိပ်မရှိဘူး
  • အချိန်မတော်လည်း သောက်တယ် ( မနက်ခင်းစောစောမှာတောင် သောက်တာမျိုး)
  • နေရာမရွေးသောက်မယ်
  • သောက်တတ်တဲ့သူတွေနဲ့ပဲ တတွဲတွဲလုပ်မယ်
  • ချစ်ခင်တဲ့သူတွေနဲ့ အဆက်အသွယ်မလုပ်ဘဲနေမယ်
  • နေ့တိုင်း အရက်မသောက်ရမနေနိုင်ဖြစ်မယ်
  • စိတ်ဓာတ်ကျတာမျိုး ခဏခဏဖြစ်မယ်
  • လူမှုဆက်ဆံရေးမှာ ပြဿနာတွေရှိလာမယ် စတဲ့လက္ခဏာတွေ ခံစားရနိုင်ပါတယ်။
  • အရက်စွဲတာက အချိန်ကြာလေ ပိုဆိုးလာလေဖြစ်တာကြောင့် စောစောသိရင် စောစောပြင်တာက အကောင်းဆုံးပါ။ အရက်စွဲတာကို ကာကွယ်နိုင်တာက ခန္ဓာကိုယ်ကို ရောဂါတွေအန္တရာယ်ကနေ ကာကွယ်ရာရောက်ပါတယ်။

အရက်စွဲတာကြောင့် ဘာတွေဖြစ်လာနိုင်လဲ…….
အရက်စွဲတာက အချိန်ကြာလာတဲ့အခါ လူမှုဆက်ဆံရေးကို ထိခိုက်လာနိုင်သလို အခုလို ကျန်းမာရေးပြဿနာတွေကိုလည်း ခံစားရနိုင်ပါတယ်။ အရမ်းပြင်းထန်မယ်ဆိုရင်တော့ အသက်ဆုံးရှုံးတာအထိဖြစ်နိုင်ပါတယ်။

  • နှလုံးရောဂါ
  • အသည်းရောဂါ
  • ပါးစပ်အတွင်းအနာပေါက်တာ
  • ဆီးချိုကြောင့်ဖြစ်တဲ့ နောက်ဆက်တွဲပြဿနာတွေခံစားရတာ
  • သန္ဓေအောင်နိုင်ခြေအပေါ်မှာ ထိခိုက်စေနိုင်တာ
  • ကလေးမှာ မွေးရာပါချို့ယွင်းချက်ဖြစ်စေတာ
  • အရိုးပွတာ၊ အရိုးပါးတာ
  • အမြင်အာရုံပြဿနာ
  • ကင်ဆာဖြစ်နိုင်ခြေများတာ
  • ကိုယ်ခံအားနည်းတာလိုမျိုး ပြဿနာတွေဖြစ်လာနိုင်ပါတယ်။

ဒါကြောင့် မိတ်ဖြစ်ဆွေဖြစ် အလုပ်သဘောအရ မဖြစ်မနေသောက်ရမယ်ဆိုရင်တောင်မှ ကျန်းမာရေးကို မထိခိုက်စေဖို့ အတိုင်းအချင့်လေးနဲ့ သောက်ကြဖို့ ပြောပါရစေ။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly