အီရန်နှင့်အကြား နောက်ထပ် စစ်ရေးပဋိပက္ခ ဖြစ်မည့်အရေး ဒေါ်နယ်ထရမ့် ရှောင်လွဲ 

အီရန်နှင့်အကြား နောက်ထပ် စစ်ရေးပဋိပက္ခ ဖြစ်မည့်အရေး ဒေါ်နယ်ထရမ့် ရှောင်လွဲ 
Photo: EPA

ဇန်နဝါရီ ၉ ။        ။ အီရတ်ရှိ အမေရိကန်စစ်စခန်းများကို အီရန်က ဒုံးကျည်ပစ်လွှတ်တိုက်ခိုက်ခဲ့သည့်ဖြစ်စဉ် ဇန်နဝါရီ ၈ ရက်နေ့ အစောပိုင်းက ပေါ်ပေါက်ပြီးနောက် ယင်းနေ့မှာပင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မိန့်ခွန်းတစ်ရပ် ပြောဆိုသွားခဲ့သည်။

ယင်းသို့ မိန့်ခွန်းပြောဆိုစဉ် သမ္မတ ထရမ့်သည် အီရန်နှင့်အကြား နောက်ထပ် စစ်ရေးအရ ထိပ်တိုက်တွေ့မည့်အခြေအနေဆီ ဦးတည်ခြင်းမရှိဘဲ နောက်ဆုတ်ရှောင်လွဲသည့် သဘောထားကို ပြသသွားခဲ့သည်။

အီရန်တို့၏ ဒုံးကျည်တိုက်ခိုက်မှုကြောင့် အမေရိကန်တပ်ဖွဲ့ဝင်တစ်ဦးတစ်ယောက်မှ ထိခိုက်ဒဏ်ရာရခြင်းမရှိဘဲ ဘေးကင်းခဲ့ကြောင်း ထရမ့်က ယင်းမိန့်ခွန်းထဲတွင် ပြောသွားသည်။

ယခုကဲ့သို့ ဒုံးကျည်ဖြင့် တိုက်ခိုက်ခဲ့သည့် အီရန်အပေါ် စီးပွားရေးအရ အရေးယူပိတ်ဆို့မှု လုပ်ဆောင်သွားမည်ဟု ထရမ့်က ပြောသွားသည်။

အလားတူ အရှေ့အလယ်ပိုင်းဒေသ တည်ငြိမ်အေးချမ်းရေးအတွက် နေတိုးအဖွဲ့ ပိုမို ပါဝင်လုပ်ဆောင်ရေး တောင်းဆိုသွားမည်ဟုလည်း ထရမ့်က ပြောသွားသည်။

အမေရိကန်ဘက်ကတော့ တည်ငြိမ်အေးချမ်းမှုကို ပွေ့ဖက်ရန် အသင့်ရှိနေသည်ဟု ၎င်းက ပြောသွားသည်။

ယခုကဲ့သို့ အီရတ်ရှိ အမေရိကန်တပ်ဖွဲ့ဝင်တို့၏ စခန်းများကို ဒုံးကျည်များဖြင့် ပစ်လွှတ်တိုက်ခိုက်ခဲ့ပြီးနောက် အီရန်တို့အနေဖြင့် ရှေ့ဆက်မတိုးတော့ဘဲ နောက်ဆုတ်သွားမည့်ပုံ ရကြောင်း ထရမ့်က ပြောသွားသည်။

“ ကျွန်တော်တို့ စစ်သည်တွေ အားလုံး ဘေးကင်းပါတယ်၊ နောက်ပြီး ကျွန်တော်တို့ စစ်အခြေစိုက်စခန်းတွေမှာ ပျက်စီးမှု အနည်းငယ်ပဲ ရှိခဲ့ပါတယ်၊ ကျွန်တော်တို့ရဲ့ ကြီးကျယ်တဲ့ အမေရိကန်တပ်ဖွဲ့တွေကတော့ အရာရာတိုင်းအတွက် အသင့်ပြင်ထားပြီးသားပါ” ဟု ထရမ့်က အိမ်ဖြူတော် မိန့်ခွန်းတွင် ပြောသွားသည်။

“ ကြည့်ရတာ အီရန်တို့ဘက်က ရန်လိုတဲ့ လုပ်ရပ်တွေ ထပ်မလုပ်ဘဲ ရပ်ဆိုင်းသွားမယ့်ပုံရပါတယ်၊ ဒါကလည်း စိုးရိမ်ပူပန်နေသူအားလုံးအတွက် ကောင်းတဲ့ ကိစ္စပါ၊ ကမ္ဘာကြီးအတွက် အရမ်းကောင်းတဲ့ ကိစ္စပါ၊ အမေရိကန်ရော အီရတ်ပါ ဘယ်သူမှ အသက်မဆုံးရှုံးခဲ့ပါဘူး” ဟု ထရမ့်က ပြောသွားသည်။

ယခုကိစ္စအတွက် အီရန်အပေါ် နောက်ထပ် ဒဏ်ခတ်မှု ဆန်ရှင်များသာ ချမှတ်မည်ဟု ထရမ့်က ပြောသွားပြီး စစ်ရေးအရ လက်တုန့်ပြန်မှု စကားကို ပြောဆိုသွားခြင်း မရှိပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required