ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် သဘောတူညီမှု ၈ ချက်ရရှိခဲ့

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် သဘောတူညီမှု ၈ ချက်ရရှိခဲ့

နေပြည်တော်၊ ဇန်နဝါရီ ၈။             ။ ရှစ်ကြိမ်မြောက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိုနှိုင်း အစည်းအဝေး(JICM) တွင် ၂၁ရာစု ပင်လုံ စတုတ္တအကြိမ် အစည်း အဝေး ကျင်းပရန် အချိန်သတ်မှတ်မှု အပါအဝင် သဘော တူညီချက် ရှစ် ချက်ရရှိခဲ့ကြောင်း အစည်းဝေးအပြီး သတင်းစာရှင်းလင်းပွဲတွင် တာဝန်ရှိသူများက ပြောသည်။

၂၀၂၀ နှစ်ဆန်းပိုင်း၏ ငြိမ်းချမ်းရေး အရွေ့ ဖြစ်သည့် အဆိုပါအစည်းအဝေးကို နေပြည်တော်ရှိ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနတွင် ဇန်နဝါရီ ၈ ရက်နေ့ မနက်က ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

သဘောတူညီချက်များမှာ NCA စာချုပ် အခန်း သုံး၊ လေး၊ ခြောက် တို့နှင့် ပတ်သက်ပြီး ဆောင်ရွက်ရန် ၊ NCA အကောင်အထည်ဖော်မှုအတွက် နှစ်ဦးနှစ်ဖက် ကြား မူဘောင်သဘောတူညီချက်များရယူရန် ၂၀၂၀ အလွန် ရှေ့ဆက်ဆောင်ရွက်မည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး အဆင့်လိုက်ဆောင်ရွက်ရန်နှင့် ပြည်ထောင်စုသဘောတူညီမှုစာချုပ် အစိတ်အပိုင်း သုံး တွင် ချုပ်ဆိုမည့် စာချုပ်ပုံစံ တို့ကို သသောတူခဲ့ကြသည်။

အဆိုပါအချက်များအပြင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ပင်လုံ စတုတ္တအစည်းအဝေးကို ၂၀၂၀ ပြည့်နှစ် နှစ်ဆန်းပိုင်း၏ ပထမ လေးလတာ ကာလအတွင်း ကျင်းပရန် ၊ NCA ဝေါဟာရ အဓိပ္ပာယ်ဖွင့် ဆိုချက်များနှင့် ပတ်သက်ပြီး အလုပ်အဖွဲ့ ဖွဲ့စည်းဆောင်ရွက်ရန်၊NCA မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ ပါဝင်နိုင်ရေးအတွက် NCA အခြေခံအတိုင်း ဆက်လက်ဆောင်ရွက်သွားရန် ၊ ယခု ရှစ်ကြိမ်မြောက် JICM အစည်းအဝေးအပြီး နှစ်လအတွင်းတွင် UPDJC နှင့် JMC အစည်းအဝေးများ ကို ခေါ်ယူကျင်းပရန်ဆိုသည့် အချက်များကို သဘောတူညီခဲ့ကြသည်။

“ ကျွန်တော်တို့ အစိုးရ လွှတ်တော် တပ်မတော် အဲ့အပိုင်းမှာ ကျွန်တော်တို့ ဘုံအားဖြင့် သဘောတူညီထားတဲ့ ဖက်ဒရယ် အခြေခံမူတွေရှိတယ် တဖက်မှာလည်း EAOဘက်မှာလည်း ဘုံအားဖြင့် သဘောတူထားတဲ့ ဖက်ဒရယ် အခြေခံမူတွေရှိတယ် ဒါတွေနဲ့ ကျွန်တော်တို့ နှစ်ဦးနှစ်ဖက် ညှိနှိုင်းလိုက်မယ်ဆိုရင် အားလုံး သဘောတူ လက်ခံတဲ့ ဖက်ဒရယ်မူတွေ ရနိုင်သမျှ ရမယ်ပေါ့ ။ ရလာတဲ့ ဟာတွေကို လည်း ဒီ အပိုင်း သုံးအနေနဲ့ ထည့်ချုပ်မယ်” ဟု သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

၂၀၂၀ ခုနှစ် ပထမလေးလပတ်တွင် ကျင်းပရန် သဘောတူညီထားသည့် ၂၁ရာစု ပင်လုံ စတုတ္တအကြိမ် ညီလာခံသည် လက်ရှိအစိုးရလက်ထက်တွင် နောက်ဆုံးကျင်းပသည့် ညီလာခံဖြစ်ပြီး NCA မထိုးရသေးသည့် တိုင်းရင်း သား လက်နက်ကိုင် အဖွဲ့အစည်းများကိုလည်း ဖိတ်ကြားရန် ရှိကြောင်း ၎င်းက ပြောသည်။

“ ကျွန်မတို့ ဒီဟာတွေအပေါ်မှာ အခြေခံပြီးတော့ အများကြီး ကြိုးစားရဦးမယ် အလုပ်လုပ်ရဦးမယ် ဆိုတာ ကျွန်မ နားလည်ပါတယ် ။ဒါပေမယ့်အစကောင်းရင် အနှောင်းသေချာတယ်ဆိုသလိုမျိုး ဒီနှစ်သစ်က စပြီး တော့ ကောင်းတာကြောင့်မို့လို့ လာမယ့် ပိုပြီးတော့ ပို၍ ပို၍ ကောင်းတဲ့ ရလဒ်တွေ ပေါ်လာမယ်လို့လည်း ကျွန်မတို့ ယုံကြည်ပါတယ်” ဟု နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အစည်းအဝေး အပိတ်မိန့်ခွန်းတွင် ထည့်သွင်း ပြောဆိုခဲ့သည်။

ယခုအစည်းအဝေးတွင် ရရှိခဲ့သည့် သဘောတူညီချက်များကို အချိန်တိုအတွင်း အကောင်အထည်ဖော်ကြရန် ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကလည်း တိုက်တွန်းပြောဆိုခဲ့သည်။

“အကောင်အထည်ဖော်တဲ့ အချိန်မှာလည်းပဲ အဖွင့်မှာ ကျွန်တော်ဆွေးနွေး တင်ပြသလိုပဲ အချိန်ကာလ ယန္တယားကို အတတ်နိုင်ဆုံးလျော့ချ ပြီးတော့မှ အောင်မြင်တဲ့ထိ အောင်မြင်တဲ့ ရလဒ်အသီးအပွင့်တွေ ရရှိတဲ့ထိ အား လုံးဝိုင်းဝန်း ကြိုးစားကြမှသာလျှင် ကျွန်တော်တို့ လိုလားတောင့်တနေတဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ် စနစ်ကိုအခြေခံ တဲ့ ပြည်ထောင်စုကြီးက မလွဲမသွေ ရောက်နိုင်မှာဖြစ်ကြောင်း ပြောကြားလိုပါတယ်”ဟု ဒုတိယ ကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောသည်။

ယခုအစည်းကို အစိုးကိုယ်စား နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ပြီး တပ်မတော်ဘက်မှ ဒုတိယ ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့် အပစ်ရပ် လက်မှတ်ထိုး ထား သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက ခေါင်းဆောင်များ တက်ရောက်ခဲ့ကြသည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အကောင်အထည် ဖော်မှုဆိုင်ရာ ညှိုနှိုင်း အစည်းအဝေး(JICM)ကို မကျင်းပနိုင်သည်မှာ တစ်နှစ်ကျော် ကြာမြင့်နေပြီ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly