အမေရိကန်နဲ့အီရန် ပြဿနာကြောင့် ပြည်တွင်းမှာ ရွှေဈေးနဲ့ စက်သုံးဆီဈေးနှုန်းများ မြင့်တက်

By ချမ်းငြိမ်း၊ မိုင်းယိုင်နီ
08 January 2020
အမေရိကန်နဲ့အီရန် ပြဿနာကြောင့် ပြည်တွင်းမှာ ရွှေဈေးနဲ့ စက်သုံးဆီဈေးနှုန်းများ မြင့်တက်

ရန်ကုန် ဇန်နဝါရီ ၈ ။            ။ အမေရိကန်နဲ့ အီရန် ပြဿနာကြောင့် မြန်မာ့ရွှေဈေးနှင့် စက်သုံးဆီဈေးနှုန်းများ မြင့်တက်လာကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောသည်။

ဇန်နဝါရီလ ၇ရက် ညနေအပိတ်ဈေးမှာ အခေါက်ရွှေတစ်ကျပ်သားကိုကျပ် ၁၂၁၆၅၀၀ရှိခဲ့ပြီးတော့ဇန်နဝါရီလ၈ရက်နေ့လည် ၂နာရီမှာတော့ကျပ်၁၂၃၄၅၀၀အထိပေါက်ဈေးရှိနေကာကျပ်နှစ်သောင်းနီးပါးဈေးတက်သွား ခဲ့သည်။

“အာရှစျေးကွက်ကကျတယ်။ အီးယူစျေးကွက်ကတက်တယ်။ ဒေါ်လာစျေးကျတဲ့အတွက် ရွှေစျေးက အများကြီးမတက်နိုင်ဘူး။ ကမ္ဘာ့ဆီစျေးတက်ရင်တော့ ရွှေစျေးကတက်တယ်။ ဒီဇယ်ဆီနဲ့ ရွှေကိုထုတ်ရတာ။ စက်ယန္တယားသုံးရတဲ့အတွက် ဒီဇယ်စျေးတက်လာရင် ရွှေစျေးက တက်လာတယ်”ဟု ဦးမျိုးမြင့် ကပြောသည်။

ကမ္ဘာ့ရွှေဈေးအနေနဲ့ကလည်းရွှေတစ်အောင်စကိုအမေရိကန်ဒေါ်လာ ၁၅၈၇ အထိဈေးပေါက်နေကြောင်း ရွှေလုပ်ငန်းရှင်တွေဆီကသိရသည်။ ပြည်တွင်းဒေါ်လာဈေးအနေနဲ့ကတော့ အမေရိကန်တစ်ဒေါ်လာကို မြန်မာကျပ်ငွေ ၁၄၇၀နဲ့ အကျဘက်ကိုသာဦးတည်နေရတာက ပြည်တွင်းကနေ နိုင်ငံခြားကိုသွားရောက်လုပ်ကိုင်နေသူတွေဆီကဒေါ်လာအဝင်များတဲ့အတွက်ဖြစ်ကြောင်းဦးမျိုးမြင့်ကသုံးသပ်သည်။

ရေနံအဓိကလုပ်ကိုင်နေသည့် အီရန် နှင့် အမေရိကန်တို့စစ်ရေးတင်းမာနေချိန်မှာ ပြည်တွင်းစက်သုံးဆီဈေးနှုန်းများလည်းတစ်ဖြည်းဖြည်းမြင့်တက်လာခဲ့သည်။

လက်ရှိစက်သုံးဆီဈေးနှုန်းများမှာ  92တစ်လီတာကို ၉၀၅ကျပ်၊ 95 တစ်လီတာကို၉၉၅ကျပ်၊ ပရီမီယံတစ်လီတာကို ၉၉၅ကျပ်နှင့် ဒီဇယ်တစ်လီတာကို ၉၈၅ကျပ်ဈေးပေါက်နေသည်။ဇန်နဝါရီလ ၆ ရက်နေ့ ဈေးနှူန်းမှာ 92 တစ်လီတာကို ၈၉၅ ကျပ် ၊ 95 တစ်လီတာကို 985 ကျပ်၊  ပရီမီယံ တစ်လီတာကို ၉၈၅ကျပ်နဲ့ ဒီဇယ်တစ်လီတာကို ၉၇၅ ကျပ်ရှိခဲ့တာကြောင့်  စက်သုံးဆီဈေးနှုန်းတွေက တစ်လီတာကို ကျပ်တစ်ဆယ်ခန့်မြင့်တက်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required