မိုးခေါင်သည့်အတွက် ရေကို ချွေတာကြရန် ထိုင်းဝန်ကြီးချုပ် တိုက်တွန်း

By Chiang Rai Times
08 January 2020
မိုးခေါင်သည့်အတွက် ရေကို ချွေတာကြရန် ထိုင်းဝန်ကြီးချုပ် တိုက်တွန်း

ချင်းရိုင်၊ ဇန်နဝါရီ ၈။             ။ ထိုင်းနိုင်ငံအလယ်ပိုင်းနှင့် မြောက်ပိုင်းဒေသများတွင် မိုးခေါင်ရေရှားမှုကြုံနေရသည့်အတွက် ရေပိုက်များကို ပိတ်ထားကြရန်၊ ရေလျှော့ချိုးကြရန်နှင့် တတ်နိုင်သမျှ ရေကိုသိုလှောင်ထားကြရန် ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ပြည်သူများအား တိုက်တွန်းလိုက်သည်။

ထိုင်းနိုင်ငံသည် နိုင်ဝင်ဘာမှ ဧပြီအထိ ခြောက်သွေ့သည့်ရာသီဖြစ်ပြီး  ဇွန်လအထိ ကြာသွားနိုင်ကြောင်း အာဏာပိုင်များက ခန့်မှန်းထားသည်။ နိုင်ငံအလယ်ပိုင်း၊ မြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်းလယ်ယာမြေဒေသများရှိ ပြည်နယ် ၁၄ ခုတွင် မိုးခေါင်မည်ဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်ထားသည်။

“ပြည်သူအားလုံး ကျေးဇူးပြုပြီး  ရေချွေတာကြပါ၊ ရေပိုက်တွေအားလုံးကို ပိတ်ထားကြပါ၊ ရေကို လျှော့သုံးကြပါ၊ ရေချိုးချိန်နဲ့ သွားတိုက်ချိန်ကို တစ်မိနစ်လျှော့ကြပါ” ဟု ဝန်ကြီးချုပ်က တိုက်တွန်းပြောဆိုခဲ့သည်။

ဘုံဘိုင်ရေသည် ဆားငန်ရေလိုဖြစ်လာပြီဖြစ်ကြောင်း၊ ကျောက်ဖယားမြစ်ရေ လျော့နည်းလာသည့်အတွက် ပင်လယ်ရေများ ဝင်ရောက်လာကြောင်း ဘန်ကောက်ရေအရင်းအမြစ်ဆိုင်ရာ တာဝန်ရှိသူများက ပြီးခဲ့သည့် ရက်သတ္တပတ်က ပြောကြားခဲ့သည်။

မြေအောက်ရေကို ရရှိနိုင်ရေး အဝီစိပိုက်လိုက်များနှင့် ရေပိုက်များအတွက်ကုန်ကျစရိတ် ဘတ်ငွေ (၃) ဘီလီယံ (စင်္ကာပူဒေါ်လာ ၁၃၄ သန်း) သုံးစွဲရန် ဇန်နဝါရီ ၇ ရက်နေ့တွင် ကက်ဘိနက်က သဘောတူညီခဲ့ပြီးဖြစ်သည်။

မိုးခေါင်မှုကြောင့် ရေလှောင်တမံများ ရေလျော့နည်းလာနေပြီး တောင်သူများကိုလည်း ရာသီမဟုတ်သည့် ဆန်စပါးများ မစိုက်ပျိုးကြရန် အစိုးရက မှာထားသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required