ဝန်ကြီးများရုံးကိစ္စ အငှားချခံရသူအပေါ် အထူးအခွင့်အရေး ပေးသလိုဖြစ်နေဟု တိုင်းစာရင်းစစ်ချုပ်တင်ပြ

ဝန်ကြီးများရုံးကိစ္စ အငှားချခံရသူအပေါ် အထူးအခွင့်အရေး ပေးသလိုဖြစ်နေဟု တိုင်းစာရင်းစစ်ချုပ်တင်ပြ
ပုံ- ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်(fb)

ရန်ကုန်၊ ဒီဇင်ဘာ ၈။            ။ ဝန်ကြီးများရုံးကို ငှားထားသည့် ကိစ္စနှင့် ပတ်သက်၍ စာချုပ်ပါ အချက်အလက်များသည် အငှားချပေးထားသော အနော်မာကုမ္ပဏီအပေါ် အထူးအခွင့်အရေး ပေးသလို ဖြစ်နေသည်ဟု ရန်ကုန်  တိုင်းဒေသကြီး စာရင်းစစ်ချုပ် ဒေါ်ခင်သန်းလှက လွှတ်တော်မှာ တင်ပြခဲ့သည်။

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့ ကျင်းပသည့် ဇန်နဝါရီ ၈ ရက်နေ့ ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်၏ ၂၀၁၇-၂၀၁၈ ခုနှစ် အစီရင်ခံစာကို ဖတ်ကြားစဉ် ထည့်သွင်း တင်ပြခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ် ဒေါ်ခင်သန်းလှက “ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အနေနဲ့ စာချုပ်အပိုဒ် ၈ (က) နဲ့ အပုဒ် ၁၅ ပါ စည်းကမ်းချက်များနဲ့အညီ ဆောင်ရွက် ရန် လိုအပ်ခြင်းနဲ့ စာချုပ်ပိုဒ် ၈ (က) ပါ ငှားရမ်းခနှုန်းထားများ စတင်ကောက်ယူမည့်နေ့သည်  လုပ်ငန်း စတင် ဆောင်ရွက် သည့်နေ့ ဖြစ်သည်ဟု ထည့်သွင်း ချုပ်ဆိုထားခြင်းသည် အငှားချထားခြင်း ခံရသူအပေါ် အထူးအခွင့်အရေး ပေးနေသည့် သဘော သက် ရောက်နေခြင်းနဲ့ နိုင်ငံတော်ရငွေများ သတ်မှတ်ကာလအတွင်း အပြည့်အဝ ရရှိရေးဆောင် ရွက်ရန်လို  အပ်ပါသည်” ဟု ပြောသည်။

အလားတူ အနော်မာကုမ္ပဏီမှနေပြီး နိုင်ငံတော်ကို ငှားရမ်းခ ပေးသွင်းရန် သတ်မှတ်ကာလ ကျော်လွန်ကာမှ ငွေပေးသွင်း ခဲ့ခြင်းကြောင့် ဒဏ်ကြေးငွေဖြစ်သည့် လခ၏ ၁၀ ရာခိုင်နှုန်းကိုလည်း တောင်းခံရန် ပျက်ကွက်ခဲ့ ကြောင်း ၎င်းက တင်ပြခဲ့ သည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့် ဝန်ကြီးများ လုပ်ကြံခံခဲ့ရသည့် ဝန်ကြီးများရုံးကို အနော်မာကုမ္ပဏီက တစ်လလျှင် ကျပ်သိန်း ၂၅၀၊ သက်တမ်း နှစ်(၇၀)ဖြင့် ပြုပြင် ထိန်းသိမ်းကာ ပြတိုက်အဖြစ် လုပ်ကိုင်ခွင့် ရထားခြင်း ဖြစ်သည်။

ဒဂုံမြို့နယ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက “ အဲတာတွေရဲ့ အနှစ်ချုပ် ပြောရင်တော့ ၂၀၁၆-၁၇ အပေါ်ရဲ့ စရင်းစစ်ချုပ် အစီအရင်ခံစာအပေါ် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က မလိုက်  နာတဲ့ သဘောရှိ တယ်၊ အများကြီး တွေ့နေရတယ်။ ဝန်ကြီးများရုံးလည်း ဒီအတိုင်းပဲ မြေငှားရမ်းခကို ထောက်ပြတယ်။  နစ်နာတယ်ဆိုတာ ထောက်ပြတယ်သူက။ သို့သော်လည်းပဲ ဆောက်လုပ်ခွင့်ကာလ သက်တမ်း တိုးတာ တွေ ဘာတွေတောင် ပီပီပြင်ပြင် ထပ်ပြီးတော့ မလုပ်တဲ့ သဘောရှိတယ်” ဟု ပြောသည်။

ထို့အပြင် ဝန်းကြီးများနှင့်ပတ်သက်၍ မြေငှားရမ်းခ နည်းပါးသည့်အတွက် ၂၀၁၆-၁၇ မှာ စာရင်းစစ်ချုပ် အစီအရင်ခံစာတွင် ထောက်ပြခဲ့သော်လည်း ၂၀၁၇-၁၈  ခုနှစ်တွင်လည်း မထူးမခြားပင် ဖြစ်နေသည်ဟုလည်း ၎င်းက ပြောသည်။ ထို့ကြောင့် ယခုလာမည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် အဆိုပါ ကိစ္စကို ဆွေးနွေးမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ အဆောက်အအုံ လုပ်ပိုင်ခွင့်အတွက် ၂၀၁၄ ခုနစ်တွင် ဦးသိန်းစိန် အစိုးရနှင့် အနော်မာကုမ္ပဏီတို့က စာချုပ် ချုပ်ဆိုခဲ့ကြခြင်း ဖြစ်ပြီး စာချုပ်အရ ကုမ္ပဏီက ယိုယွင်းနေသည့် ဝန်ကြီးများရုံးကို ပြင်ဆင်ပေးရပြီး နှစ် ၇၀ (နှစ် ၅၀ + ၁၀ နှစ် သက်တမ်းတိုးခွင့် နှစ်ကြိမ်) သက်တမ်းဖြင့် တစ်ဦးတည်း မူပိုင် စီးပွားရေး လုပ်ကိုင်ခွင့် ရရှိခဲ့သည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required