လီဗာပူးလ်အသင်းရဲ့ ဆာဒီယို မာနေးဟာ အာဖရိကဘောလုံးအဖွဲ့ချုပ်က ချီးမြှင့်တဲ့ တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုကို ရရှိသွားခဲ့ပါတယ်။
ဆီနီဂေါတိုက်စစ်မှူးဟာ ဒီဆုကို လီဗာပူးလ်အသင်းဖော် အီဂျစ်လက်ရွေးစင်တိုက်စစ်မှူး ဆာလတ်နဲ့ မန်ချက်စတာစီးတီးရဲ့ အယ်လ်ဂျီးရီးယားတောင်ပံကစားသမား မာရက်ဇ်တို့ကို ကျော်ဖြတ်ပြီး ရရှိခဲ့တာဖြစ်ပါတယ်။
အသက် (၂၇)နှစ်အရွယ်ရှိ မာနေးဟာ ပြီးခဲ့တဲ့ရာသီက ပြိုင်ပွဲစုံ သွင်းဂိုး (၃၀)သွင်းယူပြီး ကြိုးကြာနီတို့ကို ၂၀၁၈-၁၉ ချန်ပီယံလိဂ်ဖလားရရှိအောင် ကူညီနိုင်ခဲ့ပါတယ်။
ဒါ့အပြင် သူဟာ ၂၀၁၉-၂၀ ရာသီမှာ ဂိုး (၁၅)ဂိုးသွင်းယူထားပြီး လီဗာပူးလ်အသင်းကို ပရီးမီးယားလိဂ်ရဲ့ အမှတ်ပေးဇယားထိပ်ဆုံးနေရာမှာ ရမှတ် (၁၃)မှတ်ဖြတ်ကာ ရပ်တည်နိုင်အောင် စွမ်းဆောင်ပေးထားပါတယ်။
"ဒီဆုကို ရရှိတဲ့အတွက် အလွန်ပျော်ရရွှင်မိပါတယ်။ ဘောလုံးဟာ ကျနော်ရဲ့ အလုပ်ဖြစ်တာကြောင့် ဒါကို ကျနော် ချစ်မြတ်နိုးပါတယ်။"လို့ မာနေးက ပြောပါတယ်။
"ကျနော့်မိသားစု၊ ကျနော့်ရဲ့ လက်ရွေးစင်အသင်း၊ ဝန်ထမ်းတွေ၊ အဖွဲ့ချုပ်နဲ့ လီဗာပူးလ်အသင်းကို ကျေးဇူးတင်ရှိပါတယ်။ ဒီနေ့ဟာ ကျနော့်အတွက် ကြီးမားတဲ့နေ့ဖြစ်ပါတယ်။"
မာနေးဟာ သူ့ရဲ့ဆုကို အီဂျစ်နိုင်ငံ၊ ဟူဂါဒါးမြို့က အခမ်းအနားမှာ လက်ခံရရှိခဲ့တာဖြစ်ပါတယ်။
အာာဖရိက တစ်နှစ်တာ အကောင်းဆုံး လူငယ်ကစားသမားဆုကို မော်ရိိုကို လက်ရွေးစင်အသင်းနောက်ခံလူ ဟာကီမီက ရရှိခဲ့ပြီး၊ အကောင်းဆုံး အမျိုးသမီး ကစားသမားဆုကို နိုင်ဂျီရီးယား ကစားသမား အိုရှိုအာလာက ရရှိခဲ့ပါတယ်။
အမျိုးသား တစ်နှစ်တာ အကောင်းဆုံးနည်းပြဆုကို အယ်လ်ဂျီးရီးယား အသင်းကို အာဖရိကနိုင်ငံများဖလား ရရှိအောင်ဦးဆောင်နိုင်ခဲ့တဲ့ ဘယ်လ်မာဒီက ရရှိခဲ့ပြီး၊ အမျိုးသမီး နည်းပြဆုကို တောင်အာဖရိကအသင်းနည်းပြ အယ်လ်လစ်က ရရှိသွားခဲ့တယ်။
Ref; BBC