ONE Championship ၏ အကောင်းဆုံး ရုရှား ကစားသမားများ

ONE Championship ၏ အကောင်းဆုံး ရုရှား ကစားသမားများ

ပရိသတ်များကို ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ ပွဲကောင်းများ တင်ဆက်ပေးနေသည့် ONE Championship ပြိုင်ပွဲသည် အာရှအခြေစိုက် ပြိုင်ပွဲတစ်ခု ဖြစ်သော်လည်း ဥရောပ၊ အမေရိကနှင့် အခြားတိုက်ကြီးပေါင်းစုံမှ နိုင်ငံတကာ ကစားသမားကောင်းများ ပါဝင်ယှဉ်ပြိုင် နေသည့် ပြိုင်ပွဲဖြစ်သည်။ ယင်းကစားသမားများထဲတွင် ရုရှားနိုင်ငံသား ကစားသမားများလည်း ပါဝင်ပြီး ONE ကမ္ဘာ့ချန်ပီယံခါးပတ်များ ကိုပင် သိမ်းပိုက်နိုင်ခဲ့သူများ ရှိခဲ့သည်။ ထို့ကြောင့် ONE Championship ၏ အကောင်းဆုံး ရုရှားကစားသမားများကို စာရင်း ပြုစုကြည့်သည့်အခါ အောက်ပါအတိုင်း တွေ့ရသည်။

၁။မစ်ဒယ်ဝိတ်တန်း ချန်ပီယံဟောင်း Bigdash

ONE Championship ပြိုင်ပွဲတွင် အောင်လအန်ဆန်ကို ပထမဆုံးနှင့် တစ်ပွဲတည်းသော ရှုံးပွဲကို ကြုံတွေ့စေခဲ့သည့် Vitaly Bigdash သည် ပြိုင်ပွဲ၏ အကောင်းဆုံးနှင့် ဝိတ်တန်းအမြင့်ဆုံး ရုရှားကစားသမား ဖြစ်သည်။ မစ်ဒယ်ဝိတ်တန်း ချန်ပီယံအဖြစ် ရက်ပေါင်း ၆၃၃ ရက်ကြာ ရပ်တည်ခဲ့သူ Bigdash သည် ချန်ပီယံဟောင်း Igor Svirid ကို နှစ်ချီအတွင်း အလဲထိုးကာ ခါးပတ်လုယူ နိုင်ခဲ့သူ ဖြစ်သည်။ အောင်လအန်ဆန်သည် ၎င်း၏ မစ်ဒယ်ဝိတ်တန်းချန်ပီယံ ခါးပတ်အတွက် နှစ်ကြိမ်တိုင်တိုင် စိန်ခေါ်ခဲ့ရပြီး ဒုတိယအကြိမ်တွင်မှ အိမ်ရှင် ပရိသတ်ရှေ့တွင် အမှတ်ဖြင့်အနိုင်ရကာ လုယူသိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။
ကရာတေးနှင့်မွေထိုင်းကို ကျွမ်းကျင်စွာ ကစားနိုင်သည့် Bigdash သည် အသက် ၃၅ နှစ်ရှိပြီ ဖြစ်သော်လည်း အောင်လအန်ဆန်ကို ရှုံးနိမ့်သည့်ပွဲ မတိုင်မီက ကစားသမား ဘဝတွင် တစ်ကြိမ် တစ်ခါမျှ ရှုံးနိမ့်ခဲ့ဖူးခြင်း မရှိသူ ဖြစ်သည်။ သို့သော် ၎င်း၏ ပထမဆုံး ရှုံးပွဲကို ကြုံတွေ့ခဲ့ရ ပြီးသည့်နောက် မစ်ဒယ်ဝိတ်တန်း ပြိုင်ဘက် Leandro Ataides ကို ထပ်မံ ရှုံးနိမ့်ခဲ့သည်။ နောက်ဆုံး ကစားခဲ့သည့် ဂျပန်သား Yuki Niimura နှင့် ပွဲတွင်မှ နိုင်ပွဲပြန်လည် ရရှိခဲ့ပြီး Ataides နှင့် မကျေပွဲထိုးရန် စီစဉ်ထားသော်လည်း ဒဏ်ရာကြောင့် ပွဲပျက်ရသည်။ Bigdash သည် အောင်လအန်ဆန်ကို ပြန်လည် စိန်ခေါ်နိုင်ချေရှိသည့် ကစားသမားတစ်ဦးလည်း ဖြစ်သည်။

(၂) ဘန်တန်ဝိတ်တန်း Kickboxing ချန်ပီယံ Ramazanov

ONE ဘန်တန်ဝိတ်တန်း Kickboxing ချန်ပီယံ ခါးပတ်ကို ပူပူနွေးနွေး ရရှိထားသည့် Alaverdi “Babyface Killer” Ramazanov သည် IFMA ကမ္ဘာ့ ချန်ပီယံ ၃ ကြိမ် ဖြစ်ထားသူလည်း ဖြစ်သည်။ အသက် ၂၅ နှစ်ရှိသူ Ramazanov သည် ONE Championship တွင် ၆ ပွဲ တိတိ ပါဝင်ယှဉ်ပြိုင် ခဲ့ပြီး Petchmorakot Petchyindee Academy၊ Andrew Miller နှင့် Ognjen Topic တို့ ကဲ့သို့ ကစားသမားကောင်း များကို အနိုင်ရ ထားသည်။ နောက်ဆုံး ကစားခဲ့သည့် ဘန်တန်ဝိတ်တန်း ချန်ပီယံလုပွဲတွင် တရုတ် ကစားသမား Zhang Chenglong ကို အနိုင်ရကာ ပထမဆုံး ဘန်တန်ဝိတ်တန်း Kickboxing ချန်ပီယံ ဖြစ်လာခဲ့သည်။
ရုရှား၏ နာမည်ကြီး ကိုယ်ခံပညာ အားကစား သမား အများစု ထွက်ပေါ်ရာ Dagestan ဒေသတွင် မွေးဖွားခဲ့သည့် Ramazanov သည် အသက် ၁၃ နှစ် ကတည်းက မွေထိုင်းကို စတင်သင်ယူ လေ့ကျင့်ခဲ့ပြီး ၁၈ နှစ်တွင် ပြိုင်ပွဲများ ယှဉ်ပြိုင်နေပြီ ဖြစ်သည်။ သူပါဝင် ယှဉ်ပြိုင်သည့် ပွဲတိုင်းနီးပါး အနိုင်ရလဒ်ကို ရရှိခဲ့ပြီးနောက် မွေထိုင်း၏ မွေးရပ်မြေ ဖြစ်သော ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့ အခြေချကာ ပရော်ဖက်ရှင်နယ် ကစားသမားတစ်ဦး အဖြစ် ရပ်တည်ခဲ့သည်။ မွေထိုင်း ပြိုင်ပွဲများတွင် နိုင်ပွဲများ ဆက်တိုက် ရနေခဲ့သည့် Ramazanov ကို ONE Championship က စိတ်ဝင်စားပြီး ခေါ်ယူခဲ့ခြင်း ဖြစ်သည်။

၃။ ဖယ်သာဝိတ်တန်း ချန်ပီယံဟောင်း Gafurov

ONE ဖယ်သာဝိတ်တန်း ချန်ပီယံဟောင်း Marat “Cobra” Gafurov သည် ကစားသမားဘဝ စကတည်းက တစ်ပွဲမှ မရှုံးခဲ့ဖူးဘဲ ၁၄ ပွဲ ဆက်တိုက် အနိုင်ရ ခဲ့ဖူးသူ ဖြစ်သည်။ Gafurov ၏ ပထမဆုံး ရှုံးပွဲကို ၂ဝ၁၇ တွင်မှ တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး ထိုစဉ်က ၎င်း၏ ချန်ပီယံ ခါးပတ်ကို လက်ရှိ ဖယ်သာဝိတ်တန်း ချန်ပီယံ ဖြစ်နေသူ Martin Nguyen က စိန်ခေါ်လာခဲ့သည်။ Gafurov သည် ယင်းပွဲတွင် ဒုတိယ အချီအတွင်း အလဲထိုး ခံခဲ့ရသဖြင့် ၎င်း၏ ချန်ပီယံ ခါးပတ်ကိုပါ လက်လွှတ်ခဲ့ရသည်။ ထို့နောက်ပိုင်း ကစားသည့် သုံးပွဲတွင် ၂ ပွဲနိုင် ၁ ပွဲရှုံး ရလဒ် ရှိခဲ့ပြီး ဖယ်သာဝိတ်တန်း ချန်ပီယံ ခါးပတ်ကို စိန်ခေါ်နိုင်ချေ ရှိသည့် ကစားသမားများ စာရင်းတွင် ထိပ်ဆုံးမှ ရပ်တည်လျက် ရှိသည်။

အသက် ၃၅ နှစ် ရှိသူ Gafurov သည် Dagestan ဒေသမှ ထွက်ပေါ်လာသည့် ကစားသမား တစ်ဦးဖြစ်ပြီး ပန်ကရေးရှင်း ပြိုင်ပွဲတွင် ကမ္ဘာ့ချန်ပီယံ ဖြစ်ဖူးကာ ဘရာဇီး ဂျူဂျစ်ဆု ခါးပတ်နက်လည်း ဖြစ်သည်။ ဝူရှူး (ဆန်ဒါ)၊ ပန်ကရေးရှင်း၊ ဆမ်ဘိုအတိုက် ပညာရပ် များကိုလည်း ကျွမ်းကျင်သည့် Gafurov သည် ၂ဝ၁ဝ ခုနှစ်တွင် ၎င်း၏ ပထမဆုံး ကိုယ်ခံပညာ သိုင်းပေါင်းစုံ ပွဲကို စတင် ကစားခဲ့ကာ M1-Global ဖယ်သာဝိတ်တန်း တံခွန်စိုက် ရှုံးထွက် ပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သည်။ မြေပြင်ချုပ်ကွက် အားသန်သူ Gafurov သည် Rear Naked Choke ချုပ်ကွက် တစ်မျိုးတည်းဖြင့် ၆ ပွဲဆက်တိုက် အနိုင်ရရှိ ခဲ့ဖူးသူလည်း ဖြစ်သည်။

၄။ အမြန်ဆုံး အလဲထိုး စံချိန်ရှင် Nastyukhin

ONE Championship ၏ ဖယ်သာဝိတ်တန်းတွင် ကစားနေသည့် ရုရှားကစားသမား Timofey Nastyukhin သည် ထူးခြားသည့် ဂုဏ်ပုဒ် နှစ်ခုဖြင့် ထင်ရှားသူ ဖြစ်သည်။ ၎င်း၏ ပထမဂုဏ်ပုဒ်မှာ ONE Championship ပြိုင်ပွဲတွင် အမြန်ဆုံး အလဲထိုး အနိုင်ယူခဲ့ ဖူးသည့် စံချိန်ရှင် ဖြစ်ခြင်း ဖြစ်သည်။ Nastyukhin သည် ၂ဝ၁၆ ခုနှစ်က ကစားခဲ့သော ပွဲတစ်ပွဲတွင် ပြိုင်ဘက် ကစားသမား Rob Lisita ကို ၆ စက္ကန့်ဖြင့် အလဲထိုး ပွဲသိမ်းနိုင်ခဲ့ ဖူးသည်။ ထို့ပြင် နောက်ထပ် ဂုဏ်ပုဒ် တစ်ခုမှာ UFC နှင့် Bellator ပြိုင်ပွဲများတွင် ကမ္ဘာ့ ချန်ပီယံ ဖြစ်ခဲ့သည့် နာမည်ကြီး ကစားသမား Eddie Alvarez ကို ပထမ အချီတွင်ပင် ဒိုင်ပွဲရပ်ဖြင့် အနိုင်ယူခဲ့ဖူးခြင်း ဖြစ်သည်။
Nastyukhin သည် အမှန်တကယ် အားဖြင့် ကာဇက်စတန်တွင် မွေးဖွားခဲ့သူ ဖြစ်ပြီး ဆိုဗီယက် ပြည်ထောင်စု ပြိုကွဲသည့် အချိန်တွင်မှ ဆိုက်ဘေးရီးယားသို့ မိသားစုလိုက် ပြောင်းရွှေ့ နေထိုင်ခဲ့သူ ဖြစ်သည်။ အသက် ၈ နှစ် ကတည်းက ပန်ကရေးရှင်း ပညာရပ်ကို သင်ယူ ခဲ့သည့် Nastyukhin သည် နိုင်ငံအဆင့်တွင် ၄ ကြိမ်၊ ဥရောပ အဆင့်တွင် ၂ ကြိမ် ဗိုလ်စွဲခဲ့ဖူးသည်။ ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစား လောကထဲ ဝင်လာသည့် အခါတွင်လည်း ပထမဆုံး တစ်ပွဲသာ ရှုံးနိမ့်ခဲ့ပြီး နောက် ၉ ပွဲဆက်တိုက်ကို ပထမ အချီအတွင်းပင် အနိုင်ယူ ခဲ့ဖူးသည်။

ONE: A New Tomorrow ပြိုင်ပွဲကို လာမည့် ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ Impact Arena တွင် ကျင်းပပြုလုပ်မည်ဖြစ်ရာ ကနဦးတွဲဆိုင်းများကို မြန်မာစံတော်ချိန် ညနေ ၅ နာရီအချိန်တွင်လည်းကောင်း၊ အခြေခံတွဲဆိုင်းများကို ညနေ ၆ နာရီ အချိန်တွင်လည်းကောင်း Facebook၊ Youtube နှင့် ONE Super Apps တို့တွင် တိုက်ရိုက်ပြသမည်ဖြစ်သည်။

အဓိက တွဲဆိုင်းများ (Main Card) များကို ည ၈ နာရီအချိန်တွင် MNTV နှင့် Skynet ရုပ်သံလိုင်းတို့မှ တိုက်ရိုက်ကြည့်ရှုနိုင်မည်ဖြစ်သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly