မော်ရင်ဟို ထွက်ခွာသွားမည့် အခြေအနေအတွက် ချယ်လ်ဆီးအသင်း ပြင်ဆင်နေ

မော်ရင်ဟို ထွက်ခွာသွားမည့် အခြေအနေအတွက် ချယ်လ်ဆီးအသင်း ပြင်ဆင်နေ

အောက်တိုဘာ ၂၆၊ လန်ဒန် ။             ။ ချယ်လ်ဆီးအသင်းသည် စနေနေ့တွင် ဝက်စ်ဟမ်းအသင်းကို အရေးနိမ့်ပြီးနောက် နည်းပြမော်ရင်ဟို ထွက်ခွာသွားမည့် အခြေအနေအတွက်   ပြင်ဆင်နေပြီဟု   ဒေးလီးမေးလ်သတင်းစာက ဖော်ပြလိုက်သည်။

ပေါ်တူဂီလူမျိုးနည်းပြ၏ ရာသီအစပိုင်းရလဒ်ဆိုးများအတွက် အသင်းပိုင်ရှင် အေဘရာမိုဗစ်ကထောက်ခံခဲ့ပြီး သုံးပတ်အကြာတွင် မော်ရင်ဟို ၏ရာထူးကို ချယ်လ်ဆီးဘုတ်အဖွဲ့က   ပြန်လည်သုံးသပ် လာခဲ့ခြင်းဖြစ်သည်။

မော်ရင်ဟိုအနေဖြင့် ယခုတစ်ပတ်တွင် စတုခ်စီးတီးနှင့်ကစားမည့် ကက်ပီတယ်ဝမ်းဖလားပွဲ၊ လီဗာပူးလ်နှင့်အိမ်ကွင်းတွင်ကစားရမည့် ပရီးမီး ယားလိဂ်ပွဲတို့တွင် ရာထူးကိုကာကွယ်ရန် အခွင့်အရေးပေးခံရနိုင်ချေရှိသော်လည်း ယင်းမတိုင်မီ ဘုတ်အဖွဲ့ထံမှ ဆုံးဖြတ်တခုခုကျလာနိုင် သည်။

စနေနေ့တွင် ဂျာဂင်ကလော့ပ်၏ လီဗာပူးလ်အသင်းကို ရှုံးလျှင် မော်ရင်ဟို၏ စတမ်းဖို့ဒ်ဘရစ်ချ်ဒုတိယသက်တမ်းမှာ အဆုံးသတ်သွားနိုင် သည်ဟု ဒေးလီးမေးလ်က သုံးသပ်နေသည်။

သြဂုတ်လတွင် ပေါင်သန်း ၃၀ တန် လေးနှစ်စာချုပ်သစ်ကိုချုပ်ထားသည့် မော်ရင်ဟိုကိုထုတ်ပယ်ဖြစ်ပါက လျော်ကြေးအပြည့်မပေးရနိုင်ရေး အတွက်လည်း ချယ်လ်ဆီး တာဝန်ရှိသူများက   မော်ရင်ဟိုနှင့် ဆွေးနွေးရမည်ဖြစ်သည်။

အခြားတစ်ဖက်တွင် မော်ရင်ဟို၏နေရာကို ဆက်ခံမည့်နည်းပြကိုလည်း ဆုံးဖြတ်ရွေးချယ်ရမည်ဖြစ်သည်။ အရည်အသွေးမြင့်နည်းပြ ရှားပါး နေခြင်းကလည်း ချယ်လ်ဆီးတာဝန်ရှိသူများအတွက် စိုးရိမ်စရာဖြစ်နေရသည်။

လက်ရှိအချိန်တွင် ချယ်လ်ဆီးနည်းပြဟောင်း အန်ဆလော့တီနှင့် ဟစ်ဒင့်တို့သာ အသင်းလက်မဲ့ဖြစ်နေပြီး နွေရာသီအထိစောင့်ဆိုင်းနိုင်မည် ဆိုပါက အက်သလက်တီကိုနည်းပြ ဆီမြွန်နီနှင့် ဘိုင်ယန်မြူးနစ်နည်းပြ ဂွာဒီယိုလာတို့ကို ရနိုင်ဖွယ်ရှိသည်ဟု ဒေးလီးမေးလ်သတင်းစာက သုံးသပ်ခဲ့သည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly