မြန်မာကျပ်ငွေဖြင့် ကျောက်မျက်ရောင်းချပွဲ ၅၉ ဘီလီယံကျော်ဖိုး ရောင်းရ

မြန်မာကျပ်ငွေဖြင့် ကျောက်မျက်ရောင်းချပွဲ ၅၉ ဘီလီယံကျော်ဖိုး ရောင်းရ

နေပြည်တော်၊ ဒီဇင်ဘာ ၇ ။       ။ နေပြည်တော်၌ ကျင်းပခဲ့သည့် မြန်မာကျပ်ငွေဖြင့် ကျောက်မျက်ရတနာများ ရောင်းချပွဲတွင် ကျောက်စိမ်းနှင့် ကျောက်မျက် စုစုပေါင်း ၅၉ ဘီလီယံကျော်ဖိုး ရောင်းချခဲ့ရကြောင်းသိရသည်။

“ဒီပွဲမှာတော့ ပြီးခဲ့တဲ့ ပွဲထက်စာရင် အတွဲအရေအတွက် ရာခိုင်နှုန်း အနေနဲ့ ပိုခဲ့ပါတယ်။ သို့ရာတွင် ငွေပမာဏ အနေနဲ့တော့ ငွေကျပ် တစ်ဘီလီယံ နီးနီးလောက် လျော့တဲ့ အခြေအနေရှိပါတယ်”ဟု မြန်မာ့ ကျောက်မျက်ရတနာ ရောင်းဝယ်ရေး လုပ်ငန်း အထွေထွေ မန်နေဂျာ ဦးသက်ခိုင်က ပြောသည်။

အဆိုပါ ကျောက်မျက် ရောင်းချပွဲကို ဇန်နဝါရီ ၂ ရက်မှ ၇ ရက်နေ့အထိ နေပြည်တော် မဏိရတနာ ကျောက်စိမ်းခန်းမတွင် ကျင်းပခဲ့ခြင်းဖြစ်သည်။

မြန်မာကျပ်ငွေဖြင့်ရောင်းသည့် ကျောက်မျက်ပြပွဲများတွင် အရည်အသွေး မြင့်မားသည့် ကျောက်စိမ်းအတွဲများ ပါဝင်စေလိုသည်ဟု လုပ်ငန်းရှင်အချို့က ပြောဆိုကြသော်လည်း ကျောက်စိမ်းအချောထည်လုပ်ငန်းများအတွက် ကျောက်အရိုင်းများ ရရှိစေရန် ရည်ရွယ်၍ ကျင်းပရခြင်း ဖြစ်သည်ဟု ဦးသက်ခိုင်က ပြောသည်။

ယခုပြပွဲတွင် နိုင်ငံတော်ပိုင် ကျောက်စိမ်း ၂၅တွဲ တင်ပြခဲ့ရာ အကုန်ရောင်းချရပြီး ကျပ်သိန်းပေါင်း ၅၃၀၀ကျော် ရရှိကြောင်း သိရသည်။ ယခုကျောက်မျက်ပြပွဲတွင် တန်ဖိုးအများဆုံး ရောင်းချရမှု မှာ ကျပ်သိန်းပေါင်း ၅၈၀၀ ဖြင့် ရောင်းချခဲ့ရခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၉ခုနှစ် ဇွန်လက ကျင်းပခဲ့သည့် မြန်မာငွေဖြင့် ရောင်းချခဲ့သောပွဲတွင် ကျောက်မျက်၊ ကျောက်စိမ်း တွဲ စုစုပေါင်း ၃၃၆၈တွဲ တင်ပြခဲ့ကာ ၃၀၆၀ တွဲ ရောင်းချခဲ့ရပြီး ရောင်းချရငွေ ၆၀၈၉၁.၉၇ သန်း ရှိခဲ့သည်။

ယခုနှစ်ပွဲ ၌ ကျောက်မျက်၊ ကျောက်စိမ်း အတွဲ စုစုပေါင်း ၃၉၈၁တွဲ တင်ပြခဲ့ကာ ၃၅၀၀တွဲရောင်းချခဲ့ပြီး ကျပ်သန်းပေါင်း ၅၉၄၉၆.၇၂သန်း ရရှိခဲ့ခြင်းဖြစ်သည်။

ယခုကျောက်မျက်ပြပွဲသို့ ရတနာကုန်သည် ၂၀၂၃ယောက် တက်ရောက်ခဲ့ပြီး ၂၀၁၉ ဇွန်လကျောက်မျက်ပွဲသို့ ရတနာကုန်သည် ၂၀၁၀ ဦးတက်ရောက်ခဲ့သည်။

 

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly