Orental Balloning မီးပုံးပျံကို ပင်းတယနှင့်ဘားအံမြို့မှာ စမ်းသပ်ပျံသန်း

By နောင်နောင်
07 January 2020
Orental Balloning မီးပုံးပျံကို ပင်းတယနှင့်ဘားအံမြို့မှာ စမ်းသပ်ပျံသန်း
ဓာတ်ပုံ - သူရ/မဇ္ဈိမ

ရန်ကုန်၊ ဇန်နဝါရီ ၇ ။          ။ တောတောင်ရေမြေနှင့် သဘာဝအလှ ရှုခင်းများကို ကောင်းကင်ပေါ်မှ ကြည့်ရှုနိုင်မည့် Oriental Balloning မိုးပျံ ပူပေါင်းစီး ခရီးစဉ်ကို ရှမ်းပြည်နယ်တောင်ပိုင်း ပင်းတယမြို့မှာ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလက စတင် စီးနင်း နိုင်မည် ဖြစ်ကြောင်း Oriental Balloning ကုမ္ပဏီမှ သိရသည်။

Oriental Balloning ကုမ္ပဏီအနေဖြင့် ထိုမိုးပျံ ပူပေါင်းစီး ခရီးစဉ်ကို ၂၀၁၃ ခုနှစ်က စတင်ကာ ပုဂံ၊ မန္တလေး၊ အင်းလေးနှင့် ငပလီ စသည့် ဒေသများ၌ နေ့စဉ်ပျံသန်းပြီး လက်ရှိတွင် ရှမ်းပြည်နယ်တောင်ပိုင်း ပင်းတယမြို့မှာ ပျံသန်းနိုင်ရေး စတင် အကောင်အထည် ဖော်ဆောင်လာခြင်းလည်း ဖြစ်သည်။

Oriental Balloning ကုမ္ပဏီ၏ အော်ပရေးရှင်း မန်နေဂျာ ကိုအောင်ဆန်းက “ကျွန်တော်တို့ ဒီမြန်မာနိုင်ငံမှာ လေးနေရာ လက်ရှိ ပျံသန်းပါတယ်။ ပုဂံမှာတော့ နေ့စဉ် ၇ လုံး ပျံသန်းပြီးတော့ မန္တလေး၊ အင်းလေး၊ ငပလီမှာ နေ့စဉ် တစ်လုံး ပျံသန်းပါတယ်။ အခု ပင်းတယ ဒေသမှာတော့ ကျွန်တော်တို့ ဒါစမ်းသပ်တဲ့ အနေနဲ့လည်း ပျံလို့ ရသလို စီးပွားရေးအရလည်း ပျံသန်းလို့ရတဲ့ ခွင့်ပြချက်တွေကို ဌာနဆိုင်ရာတွေကနေ ရရှိထားပါတယ်။ ဒီနေ့ ကတော့ ပရိုမိုးရှင်းအနေနဲ့ ပျံသန်းခြင်း ဖြစ်ပါတယ်”ဟု ပြောသည်။

သဘာဝအလှ ရှုခင်းများကို ကြည့်ရှုခံစားနိုင်မည့် မီးပုံးပျံ ခရီးစဉ်ကို လာမည့် ပွင့်လင်းရာသီတွင် ကရင်ပြည်နယ် ဘားအံမြို့မှာပါ ပျံသန်းစီးနင်းနိုင်မှာ ဖြစ်ကြောင်း Orental Balloning ကုမ္ပဏီ၏ အော်ပရေးရှင်း မန်နေဂျာ ကိုအောင်ဆန်းက ပြောသည်။

အဆိုပါ မီးပုံးပျံ စီးနင်းခအနေဖြင့် လူတစ်ဦးလျှင် ၂၅၀၀၀၀ ကျပ် သတ်မှတ်ထားကြောင်း ထိုမိုးပျံ ပူပေါင်းသည် ရာသီဥတုအပေါ် မူတည်ကာ အမြင့်ပေ ၇၀၀၀ ကနေ ၁၀၀၀၀ ကျော်အထိ ပျံသန်းနိုင်ပြီး ပျံသန်းချိန်မှာ တစ်နာရီ ကြာမြင့်မည် ဖြစ်ကြောင်း သိရသည်။

စီးနင်းသူများ၏ ဘေးကင်း လုံခြုံရေးအတွက် ပြည်ပမှ ကျွမ်းကျင်သော ပိုင်းလော့များကို ခန့်အပ်ထားပြီး ခရီး သွား လုပ်ငန်းနှင့် ဒေသဖွံ့ဖြိုးရေးအာ တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုသည့် အနေဖြင့် ယခုလို မီးပုံးပျံ ခရီးစဉ်ကို တိုးချဲ့ အကောင်ထည်ဖော် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။

ကိုအောင်ဆန်းက “ဒီမီးပုံးပျံ အနေအထားက လေယာဉ်နဲ့တော့ မတူဘူးပေါ့။ လေယာဉ်ကတော့ ပွင့်ပွင့် လင်း လင်း ပြောရရင် အလုံပိတ်ထဲမှာပေါ့။ ဒီမီးပုံးပျံစီးတဲ့ ဧည့်သည်တွေရဲ့ လုံခြုံရေးကတော့ ပိုင်းလောပ့်တွေရဲ့ စည်းကမ်းချက်တွေ ကို အတိအကျ လိုက်နာပေးရတယ်။ အကုန်လုံးကို လိုက်နာပေးရတယ်။ ခါးပတ်တွေလဲ ပတ်ထားစရာ မလိုဘူး။ အပေါ်မှာ မတ်တပ်ရပ်ပြီးတော့ စီးရတာဖြစ်တဲ့အတွက် လုံခြုံရေးကိုတော့ ကျွန်တော်တို့ အဓိက ထားပါတယ်။ နောက်တစ်ခုက ပိုင်းလော့မောင်းတဲ့ ပစ္စည်းတွေကိုလည်း ခရီးသည် တွေက လုံးဝ ကိုင်တွယ်လို့ မရဘူး ဆိုတာ ခရီးသည်တွေကို ပြောပြထားပါတယ်”ဟု ပြောသည်။

အဆိုပါ မီးပုံးပျံစီး ခရီးစဉ်ကို အကောင်ထည် ဖော်ဆောင်ရန် ပင်းတယမြို့နှင့် ဘားအံမြို့တို့တွင် ပြီးခဲ့သည့် ဒီဇင်ဘာလမှာ စမ်းသပ်ပျံသန်းခဲ့ခြင်း ဖြစ်သည်။

Oriental Balloning မီးပုံးပျံသည် ပုဂံမှာ ၇ လုံးနှင့် မန္တလေး၊ အင်းလေး၊ ငပလီ စသည့် ဒေသများတွင် ၁လုံးစီ စုစုပေါင်း မီးပုံးပျံ ၁၀ လုံးနှင့် နေ့စဉ် ပျံသန်းလျက် ရှိသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required