ကားစီးရေ ခုနှစ်သိန်းမှာ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်အင်အား တစ်ထောင်ကျော်နဲ့ လည်ပတ်နေတဲ့ ရန်ကုန်

ကားစီးရေ ခုနှစ်သိန်းမှာ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်အင်အား တစ်ထောင်ကျော်နဲ့ လည်ပတ်နေတဲ့ ရန်ကုန်

ရန်ကုန် ၊ ဇန်နဝါရီ ၇ ။         ။ ကားအစီးရေ ခုနှစ် သိန်းကျော်ရှိနေသည့် ရန်ကုန်မြို့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းထိန်းသိမ်းစောင့်ရှောက်ရေး ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်ဦးရေ တစ်ထောင်ကျော်သာ တာဝန်ယူဆောင်ရွက်နေရကြောင်း အမှတ် ၂ ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူး ဒုရဲမှူးကြီး သန်းမြင့်က ပြောသည်။

ထို့ကြောင့် ယာဉ်ထိန်းရဲတစ်ဦးလျှင် ယာဉ်အစီးရေ ၇ဝဝ နှင့်အချိုးကျနေပြီး ထိန်းသိမ်းစောင့်ရှောက်ရသည့် ကားအစီးရေပမာဏနှင့် နှိုင်းယှဉ်ပါက ယာဉ်ထိန်းရဲအင်အားမှာ နည်းပါးနေသော်လည်း လူတစ်ဦးချင်းစီ၏ စည်းကမ်းမလိုက်နာမှုကြောင့်သာ အဓိကအခက်အခဲ ကြုံနေရသည်။

အမှတ် ၂ ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူး ဒုရဲမှူးကြီး သန်းမြင့်က “ဒီအချိုးပေါ်မှာ မူတည်ပြီးတော့ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းပျက်တာတော့ သိပ်တော့ မပတ်သက်ဘူး။ ကျွန်တော်တို့က ဒီဟာကို စောင့်ကြည့်နေတာ မဟုတ်ဘူး။ သူတို့ကို စည်းကမ်းလိုက်နာအောင် ထိန်းပေးတာ။ ယာဉ်ထိန်းတစ်ယောက်သည် အစီးတစ်ထောင်ပဲ ကိုင်ရ၊ ကိုင်ရ အကုန်လုံးက လိုက်နာနေရင် ရတယ်။ ဒီမှာချတဲ့ စည်းကမ်းကို လိုက်နာရင် တစ်ဦးစီပေါ်မှာပဲ မူတည်ပါတယ်” ဟု ပြောသည်။

ဇန်နဝါရီလ ၇ ရက်နေ့က ရန်ကုန်မြို့၊ အမှတ် ၂ ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးတွင် သတင်းစာရှင်းလင်းမှုတစ်ရပ်ပြုလုပ်စဉ် ပြောခဲ့ခြင်း ဖြစ်သည်။

လူဦးရေ ၇ သန်းကျော်ရှိနေသည့် ရန်ကုန်မြို့တွင် ကား၊ ဆိုင်ကယ်၊ ထော်လာဂျီ၊ သုံးဘီးနှင့် အနှေးယာဉ်များကို စည်းကမ်းမလိုက်နာသောကြောင့် အရေးယူနေရပြီး ကားနှင့် ဆိုင်ကယ်မှာ အများဆုံးဖြစ်ကြောင်း သိရသည်။

၂ဝ၁၉ ခုနှစ်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း စည်းကမ်းမဲ့ယာဉ်အမျိုးမျိုး တစ်သိန်းခုနစ်သောင်းကျော်ကို စစ်ဆေးအရေးယူခဲ့ပြီး လိုင်စင်မဲ့ယာဉ်ဖမ်းဆီးမှု ၂၅၁ မှုရှိခဲ့ကြောင်း သိရသည်။

ယာဉ်ထိန်းတပ်ဖွဲ့ဝင်များအနေဖြင့် လိုင်စင်မဲ့ယာဉ်များကို ဖမ်းဆီးပြီး စစ်ဆေးမှုများလုပ်ဆောင်ရန် ကရိန်းနှင့် သယ်ယူရာတွင် ကုန်ကျစရိတ်များရှိလည်းရှိသည်။ လိုင်စင်မဲ့ယာဉ်ဖမ်းဆီးရမိသည့်အခါတွင် သင့်တင့်သော ခံစားခွင့်ကို ချီးမြှင့်သင့်ကြောင်း အမှတ် ၉ ဒုတပ်ဖွဲ့ခွဲမှူး ရဲမှူးဝင်းနိုင်ဦးက ပြောသည်။
၎င်းက “လိုင်စင်မဲ့ယာဉ်ဆိုတဲ့နေရာမှာ အိမ်စီးကားတွေပဲ မဟုတ်ဘူး။ ကုန်တင်ကားတွေပါရှိတယ်။ ဆာလဖြူရစ်အက်ဆစ်တွေနဲ့ နေပြည်တော်က မြို့ရှောင်လမ်းမှာ အဲ့ကားကြီးကို ယာဉ်မောင်းနဲ့ ဖမ်းမိတာ။ အမှုဖွင့်ခဲ့တယ်။ ဒါပေမယ့် ဒီကားကြီး ယာဉ်စစ်သွားဖို့ သိမ်းဆည်းတဲ့ စရိတ်တွေ အရမ်းဒုက္ခများတာ ကြုံခဲ့တယ်။ ကျွန်တော်တို့ကလည်း စစ်ဆေးမှ သိရတာ။ မစစ်ဆေးရင် မသိရဘူး။  ဒီကြားထဲမှာ မိတ်ဖက်အဖွဲ့အစည်းတွေ ပူးပေါင်းပါဝင်မှု အားနည်းတဲ့အခါမှာ ယာဉ်ထိန်းပေါ်မှာ တာဝန်ပုံကျတာပေါ့။ ကျွန်တော်တို့ ဖြစ်စေချင်တာက လိုင်စင်မဲ့ယာဉ်တစ်စီးဖမ်းလိုက်လို့ ဒီယာဉ်ရဲ့ တန်ဖိုးနဲ့ ဘယ်လောက်က ဖမ်းဆီးသူခံစားခွင့်ရှိတယ်ဆိုရင်တော့ လုပ်ရကိုင်ရတာ အသက်ရှူချောင်တာပေါ့” ဟု ပြောသည်။

ရန်ကုန်တိုင်းယာဉ်ထိန်းရဲတပ်ဖွဲ့အနေနှင့် ယခုလအတွင်း ဆိုင်ကယ်၊ ဆိုင်ကယ်ဘေးတွဲများ၊ စည်းကမ်းဖောက်ဖျက်သော တက္ကစီများ၊ ကိုယ်ပိုင်ယာဉ်များကို အရေးယူရန် သီးခြားစီမံချက်နှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင်  ထိရောက်မှုရှိစေရန်နှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၏ အရည်အသွေးနှင့် ကိုယ်ကျင့်တရားကိုပါ တည့်မတ်ရန် စည်းရုံးအရေးယူမှုများကိုလည်း ပြုလုပ်သွားမည်ဖြစ်ကြောင်း  အမှတ် ၂ ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူး ဒုရဲမှူးကြီး သန်းမြင့်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required