၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေးကို ယခုနှစ်အလယ်တွင် ကျင်းပနိုင်ရေး ကြိုးပမ်းမည်

၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေးကို ယခုနှစ်အလယ်တွင် ကျင်းပနိုင်ရေး ကြိုးပမ်းမည်
ဓာတ်ပုံ - အောင်မြတ်သူ

နေပြည်တော်၊ဇန်နဝါရီ ၇။            ။ ၂၁ ရာစုပင်လုံညီလာခံ စတုတ္ထ အစည်းအဝေးကို ယခုနှစ် အလယ်ပိုင်းမှာ ကျင်းပနိုင်ရေး ကြိုးပမ်းမည်ဟု ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST)ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောသည်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့( PPST)၏ အစည်းအဝေးကို နေပြည်တော်က Horizon Lake View ဟိုတယ်မှာ ကျင်းပခဲ့ရာမှာ ဗိုလ်ချုပ်ကြီး ယွက်စစ်က အပိတ်မိန့်ခွန်း ပြောစဉ် အထက်ပါ အတိုင်း ထည့်သွင်း ပြောခဲ့ခြင်းဖြစ်သည်။

ဗိုလ်ချုပ်ကြီး ယွက်စစ်က “နှစ်ဖက်ညှိနှိုင်းရေး အဖွဲ့တွေနဲ့ ညှိနှိုင်းမှု ရလဒ်များအပေါ် မူတည်လို့ နှစ်ဖက် ညှိနှိုင်း ထားတဲ့ လုပ်ငန်းစဉ် အဆင့်ဆင့်တိုင်း ဆောင်ရွက်ပြီး ၂၀၂၀ နှစ်လယ်လောက်မှာ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ- ၂၁ရာစု ပင်လုံ စတုတ္တအစည်းအဝေးကို ကျင်းပနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရမှာ ဖြစ်ပါတယ်”  လို့ ပြောသည်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ အားလုံးပါဝင်နိုင်ရေးအတွက် အစိုးရနှင့် ညှိနှိုင်းပြီး နည်းလမ်းမျိုးစုံ ရှာဖွေ ဖော်ထုတ် ရန် ယခု အစည်းအဝေးမှ သဘောထား ချမှတ်နိုင်ခဲ့သလို ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဆောင်ရွက်ရာမှာလည်း NCA လက်မှတ် ထိုးထားသည့်  လက်နက်ကိုင် ၁၀ ဖွဲ့နှင့် ပြီးပြည့်စုံအောင် ဆောင်ရွက်နိုင်မှာ မဟုတ်ကြောင်း PPST အဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောသည်။

PPST မှ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး စိုင်းငင်းက “အခု ကျွန်တော်တို့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကလည်း တရားဝင် သွားဖို့ကလည်း တစ်နှစ်ကျော် ကျွန်တော်တို့ မကျင်းပနိုင်တဲ့ အနေအထားရှိတယ်။ ဒါကြောင့် အဓိက အဲ ကိစ္စပါ၊ အဲတစ်ဆို့မှုတွေကို ကျွန်တော်တို့ ဘယ်လို ကျော်လွှားနိုင်မလဲ ပြီးတော့ မူအရကျတော့ ကျွန်တော်တို့ အားလုံးကပဲ ၂၁ ရာစုပင်လုံပေါ့၊ စတုတ္ထ အစည်း အဝေးကိုတော့ ဒီနှစ်ထဲမှာတော့ လုပ်ကြရအောင်ဆိုတဲ့ သဘော  ထား ရှိတယ်ဆိုတော့ အဲအပေါ်မှာ ကျွန်တော် တို့ ဘက်ကလည်း ဦးတည်ပြီးတော့ တဆင့်ပြီး တဆင့် ပေါ့။ အဲလို ဆက်သွားဖို့ ရှိတယ်ဆိုတဲ့ အနေအထားပါ”ဟု ပြောသည်။

ဇန်နဝါရီ ၈ ရက်တွင် ကျင်းပမည့် (၈)ကြိမ်မြောက်  တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ်(NCA) အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး(JICM)တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ များဘက်မှ ဆွေးနွေးမည့် အကြောင်းအရာများကို ယနေ့ ကျင်းပသည့် PPST အစည်းအဝေးမှာ တိုင်ပင် ဆွေးနွေး သဘောတူညီမှု ရယူခဲ့ကြကြောင်း သိရသည်။

သို့သော် မည်သည့် အချက်များ ဖြစ်သည်ကိုတော့ ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။

JICM အစည်းအဝေးတွင် အစိုးရ၊ တပ်မတော်နှင့် NCA လက်မှတ်ထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့မှ ခေါင်းဆောင်များ တက်ရောက်ဆွေးနွေးကြမည် ဖြစ်သည်။ အဆိုပါ အစည်းအဝေးကို မကျင်းပ နိုင်ခဲ့သည်မှာ တစ်နှစ်ကျော် ကြာခဲ့ပြီး ဖြစ်သည်။

အဆိုပါ JICM အစည်းအဝေးကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းတို့ တက်ရောက်ကြမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် NCA ကို ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်ဖွဲ့(DKBA)၊ ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက် ရေးတပ်ဖွဲ့-ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ ချင်း အမျိုးသားတပ်ဦး(CNF)၊ ရခိုင်ပြည်နယ်လွတ်မြောက်ရေးပါတီ(ALP)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား များ ဒီမိုကရက်တစ် တပ်ဦး(ABSDF)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU) စသည့် လက်နက်ကိုင် အဖွဲ့များ လက်မှတ်ထိုးထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly