မြန်မာဖူဆယ်အသင်း ထိုင်းဖူဆယ်လိဂ်တွင်ဝင်ကစားခွင့်ရရန် ညှိုနှိုင်းနေ

မြန်မာဖူဆယ်အသင်း ထိုင်းဖူဆယ်လိဂ်တွင်ဝင်ကစားခွင့်ရရန် ညှိုနှိုင်းနေ
၂၀၁၅ အာဆီယံဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲတွင် မြန်မာနှင့် ဗီယက်နမ်တို့ အကြိတ်အနယ်ယှဉ်ပြိုင်နေစဉ်။

မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်းခြေစွမ်း တိုးတက်မှုများရှိစေရန်အတွက် ထိုင်းဖူဆယ်လိဂ်တွင်ဝင်ကစားခွင့် ရရန် မြန်မာနိုင်ငံဘောလုံးအဖွဲ့နှင့် ထိုင်းဘောလုံးအဖွဲ့ချုပ်တို့ ညှိုနှိုင်းမှုပြုလုပ်နေသည်။

မြန်မာနိုင်ငံတွင် ပရော်ဖက်ရှင်နယ်ဖူဆယ်လိဂ်ပြိုင်ပွဲကို ၂၀၁၁ခုနှစ်တွင် စတင်ကျင်းပခဲ့သော်လည်း နှစ်စဉ်ပုံမှန်မကျင်းပနိုင်သည့်အတွက် မြန်မာ့လက်ရွေးစင်အသင်း ထိုင်းဖူဆယ်လိဂ်တွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရန်အတွက် ဘောလုံးအဖွဲ့ချုပ်မှ ကြိုးပမ်းနေခြင်းဖြစ်သည်။

“ထိုင်းဖူဆယ်လိဂ်ကော်မတီနဲ့ဆွေးနွေးနေပါတယ်။ လာမယ့်နှစ်ဘောလုံးရာသီမှာဝင်ပြိုင်နိုင်ဖို့ ရည်ရွယ်ထားပါတယ်။ ထိုင်းဖူဆယ်ကလပ်အသင်းတွေအားလုံးက ပရော်ဖက်ရှင်နယ်ကလပ်တွေဖြစ်ပြီး ပြည်ပကစားသမားတွေလည်း ငှားထားတဲ့အတွက် ပြိုင်ပွဲကအဆင့်မြင့်ပါတယ်။ ဝင်ပြိုင်ခွင့်ရခဲ့ရင် မြန်မာအသင်းအတွက်အတွေ့အကြုံကောင်းတွေရမှာပါ။”ဟု   မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းကပြောသည်။

ထိုင်းဖူဆယ်လိဂ်ပြိုင်ပွဲကို ၂၀၀၆ခုနှစ်ကတည်းစတင်ကျင်းပနေခြင်းဖြစ်ပြီး ၂၀၁၅ဘောလုံးရာသီတွင် အသင်း ၁၄သင်း ဝင်ရောက်ယှဉ်ပြိုင်နေသည်။ အအောင်မြင်ဆုံးအသင်းမှာ   ချောင်ဘူရီဝေ့ဗ်အသင်း   ဖြစ်ပြီး  ပြိုင်ပွဲ ခုနှစ်ကြိမ်တွင် ခြောက်ကြိမ်အထိဗိုလ်စွဲထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required