သဘာဝပတ်ဝန်းကျင်နှင့်လူမှုအသိုင်းအဝိုင်းကို မထိခိုက်သော စိုက်ပျိုးနည်းစနစ်များ ဖြန့်ဝေမည်

သဘာဝပတ်ဝန်းကျင်နှင့်လူမှုအသိုင်းအဝိုင်းကို မထိခိုက်သော စိုက်ပျိုးနည်းစနစ်များ ဖြန့်ဝေမည်

ရန်ကုန်၊  ဇန်နဝါရီ ၆ ။         ။ သဘာဝပတ်ဝန်းကျင်နှင့်လူမှုအသိုင်းအဝိုင်းကို မထိခိုက်သော ရေရှည်တည်တံ့စိုက်ပျိုးရေးစနစ်များကို မြန်မာနိုင်ငံအနှံ့အပြားရှိ တောင်သူလယ်သမားကို ဖြန့်ဝေသွားမည်ဖြစ်ကြောင်း ဆုဆွေရေရှည်တည်တံ့စိုက်ပျိုးရေးဖောင်ဒေးရှင်းတည်ထောင်သူ ဦးသိန်းဆုက ပြောသည်။

ဆုဆွေရေရှည်တည်တံ့စိုက်ပျိုးရေးဖောင်ဒေးရှင်းစတင်ဖွင့်လှစ်ကြောင်း မိတ်ဆက်သည့် အခမ်းအနားကို ဇန်နဝါရီလ ၆ ရက်နေ့က ရန်ကုန်မြို့၊ စိုက်ပျိုးရေးပြတိုက်တွင် ပြုလုပ်ခဲ့ပြီး ပြောခဲ့ခြင်း ဖြစ်သည်။

ဦးသိန်းဆုက“ရေရှည်တည်တံ့စိုက်ပျိုးရေးစနစ်ဆိုတာကတော့ မြေကြီးတွေကို မထွန်၊ မထယ်ဘဲနဲ့ ပိုးသတ်ဆေးတွေလည်း သုံးစရာမလိုဘဲနဲ့ အပင်ကရတဲ့ အကြွင်းအကျန်အစိတ်အပိုင်းတွေကိုလည်း မီးမရှို့ဘဲနဲ့ စိုက်တဲ့ နည်းစနစ်တွေ ရှိပါတယ်။ ဓာတုဗေဒမြေသြဇာပိုးသတ်ဆေးအစား အော်ဂဲနစ်သဘာဝမြေသြဇာတွေ ရှိတယ်။ အဲ့ဒီလိုနည်းစနစ်တွေက ရေရှည်တည်တံ့တဲ့ နည်းစနစ်တွေဖြစ်တယ်။ အဲ့ဒီစနစ်တွေ ပိုမိုကျယ်ပြန့်အောင် လုပ်ဆောင်ပေးဖို့ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

မြေယာများကို အလွန်အမင်းညက်အောင် ထွန်ယက်ခြင်း၊ ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေးနှင့် ဓာတုဆေးအမျိုးမျိုးသုံးစွဲမှု၊ ပလတ်စတစ်များဖုံးအုပ်စိုက်ပျိုးြခင်း၊ ပိုးမွှားကင်းစေရန် အပင်အကြွင်းအကျန်များ မီးရှို့ခြင်းအပါအဝင် လက်ရှိစိုက်ပျိုးရေးလုပ်ငန်းတွင် အများအားဖြင့်ပြုလုပ်လေ့ရှိသော နည်းစနစ်များသည် အပေါ်ယံမြေဆီလွှာလျော့နည်းလာခြင်း၊ နောင်မျိုးဆက်များအတွက် မြေဆီမြေလွှာရေရှည်တည်တံ့မှု မရှိခြင်းအပါအဝင် ဆိုးကျိုးများရှိနေသောကြောင့် ရေရှည်တည်တံ့စိုက်ပျိုးနည်းစနစ်များကို ကျင့်သုံးရန် လိုအပ်ကြောင်း ဦးသိန်းဆုက ပြောသည်။

စိုက်ပျိုးရေးတက္ကသိုလ်မှ အငြိမ်းစားတွဲဖက်ပါမောက္ခတစ်ဦးဖြစ်သည့် ဦးသိန်းဆုသည် ၂ဝ၁၅ ခုနှစ်လောက်ကစတင်ပြီး ကျေးလက်ဒေသလူထုဖွံ့ဖြိုးရေးနှင့် ရေရှည်တည်တံ့စိုက်ပျိုးရေးစနစ်များကို  တောင်သူလယ်သမားများထံ ပညာပေးမှုများ ပြုလုပ်ခဲ့သည်။

ရွှေဘိုခရိုင် ဒီပဲယင်းရွာမှ တောင်သူ ဦးသက်ဆွေက “အခုလည်း စိုက်ပျိုးရေးနဲ့ ပတ်သက်တဲ့ အလေ့အထကောင်းတွေကို တောင်သူလယ်သမားတွေအတွက် အောက်ခြေအထိရောက်အောင် ကွင်းဆင်းပြီးတော့ သင်တန်းပေးမယ့် ရည်ရွယ်ချက်ရှိတယ်လို့ သိရပါတယ်။ ကျွန်တော်တို့ဘိုးဘွားတွေ လက်ထက်ကတည်းက ရှေးရိုးစွဲမိရိုးဖလာစိုက်ခဲ့တဲ့ တောင်သူတွေရဲ့ စိုက်ပျိုးနည်းစနစ်တွေ မှားနေတာလေးတွေ အရင်ကဆရာကြီး သင်တန်းပေးတဲ့အခါမှာ ဗဟုသုတတွေလည်း ရခဲ့ပါတယ်။ အကျိုးကျေးဇူးက အဲ့ဒါတွေပါပဲ” ဟု ပြောသည်။

လက်ရှိတွင် ဖောင်ဒေးရှင်းတည်ထောင်သူ ဦးသိန်းဆု၏ မတည်ငွေကျပ် သိန်းတစ်ရာဖြင့် စတင်ဆောင်ရွက်သွားမည်ဖြစ်ပြီး ရေရှည်တည်တံ့စိုက်ပျိုးရေးစနစ်သင်တန်းပို့ချမှု၊ သုတေသနများ၊ ပညာပေးအစီအစဉ်များကို ပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

ယခုလအတွင်း စစ်ကိုင်းတိုင်ဒေသကြီး၊ တန့်ဆည်မြို့နယ်တွင် ဆရာဖြစ်ရေရှည်တည်တံ့စိုက်ပျိုးရေးနည်းစနစ်များကို တောင်သူလယ်သမားဆယ်ဦးထံ စတင်သင်တန်းပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required