ထပ်မံ ဖျက်ဆီးခံခဲ့ရပြန်တဲ့ နတ်ဘုရားကြီးရဲ့ ရုပ်ထု

ထပ်မံ ဖျက်ဆီးခံခဲ့ရပြန်တဲ့ နတ်ဘုရားကြီးရဲ့ ရုပ်ထု
ဇန်နဝါရီ ၅ ရက်နေ့က ဖျက်ဆီးခံခဲ့ရတဲ့ အီဗရာဟီမိုဗစ်ရဲ့ ရုပ်ထု။ (ဓာတ်ပုံ - အီးပီအေ)

မာလ်မိုအသင်းကွင်းရှေ့မှာ စိုက်ထူထားတဲ့ အီဗရာဟီမိုဗစ်ရဲ့ ရုပ်ထုဟာ စနေနေ့ညက ဖျက်ဆီးပစ်ခံရတယ်လို့ ဆွီဒင်ရဲအာဏာပိုင်တွေက သတင်းထုတ်ပြန်ခဲ့ပါတယ်။

အသက် ၃၈ နှစ်အရွယ် အီဗရာဟီမိုဗစ်ဟာ လွန်ခဲ့တဲ့နှစ် ၂၀ က မာလ်မိုအသင်းနဲ့ ပထမဆုံး ပရော်ဖက်ရှင်နယ်ကစားသမားကို စတင်ခဲ့တာဖြစ်ပါတယ်။

ဇန်နဝါရီ ၅ ရက်နေ့က ဖျက်ဆီးခံခဲ့ရတဲ့ အီဗရာဟီမိုဗစ်ရဲ့ ရုပ်ထု။ (ဓာတ်ပုံ - အီးပီအေ)

မာလ်မိုအသင်းရဲ့ ပြိုင်ဘက် စတော့ဟုမ်းမြို့အခြေစိုက် ဟမ်မာဘီအသင်းရဲ့ ရှယ်ယာ (၂၅) ရာခိုင်နှုန်းကို ဝယ်ယူလိုက်တယ်လို့ နိုဝင်ဘာ ၂၇ ရက်နေ့မှာ အီဗရာဟီမိုဗစ်က ကြေညာခဲ့ပြီးနောက်တစ်ရက်အကြာမှာ စိတ်ဆိုးဒေါသထွက်နေတဲ့ မာလ်မိုအသင်းပရိသတ်တွေက သူ့ရဲ့ရုပ်ထုကို မှုတ်ဆေးနဲ့ဖြန်းတာ၊ မီးရှို့တာ၊ ရုပ်ထုလက်မှာ အိမ်သာအိုးက ထိုင်ခုံပြားစွပ်တာခံခဲ့ရပါတယ်။ ဒါ့အပြင် စတော့ဟုမ်းမြို့က သူ့ရဲ့အိမ်ရှေ့တံခါးပေါ် 'ယုဒ' (ကျမ်းစာပါ လူပုဂ္ဂိုလ်နာမည်) ဆိုတဲ့ စကားလုံး ရေးထိုးတာပါ ခံခဲ့ရပါတယ်။

ဗိသုကာပညာရှင် ပီတာလင်ဒေးက ထုလိုက်ခဲ့တဲ့ အီဗရာဟီမိုဗစ်ရုပ်ထုဟာ ၃.၅ မီတာမြင့်ပြီး ဆွီဒင်ဘောလုံးအဖွဲ့ချုပ်ရဲ့ စီစဉ်မှုနဲ့ ပြီးခဲ့တဲ့ အောက်တိုဘာ ၉ ရက်နေ့က ဖွင့်လှစ်ခဲ့တာပါ။

အီဗရာဟီမိုဗစ်ရုပ်ထုရဲ့ နှာခေါင်းကို ခုတ်ဖြတ်ပြီး အဖြူနဲ့ ငွေရောင် ဆေးမှုတ်ဖြန်းခံခဲ့ရတာကို ဒီဇင်ဘာ ၂၂ ရက်က မြင်တွေ့ရစဉ်။ (ဓာတ်ပုံ - အီးပီအေ)

ယခုနောက်ဆုံးဖျက်ဆီးခံရတာကတော့ ရုပ်ထုကို အကာအကွယ်ပေးထားတဲ့ အကာအရံဟာ ပြိုကျခဲ့ပြီး ရုပ်ထုရဲ့ ခြေထောက်ဟာ အပိုင်းပိုင်း ထစ်ခုတ်ခံခဲ့ရပါတယ်။

"ဖျက်ဆီးခံရမှုနဲ့ တိုက်ကြားချက် ဖွင့်ထားခဲ့ပါတယ်။"လို့ ရဲအာဏာပိုင် ပြောရေးဆိုခွင့်ရှိသူက အေအက်ဖ်ပီကို ပြောကြားခဲ့ပါတယ်။

ရုပ်ထုလက်မှာ အိမ်သာအိုး ထိုင်ခုံပြားစွပ်ခံရပြီး အပြာရောင်ပလပ်စတစ်အိတ်နဲ့ စွပ်ခံထားတာကို နိုဝင်ဘာ ၂၇ နေ့က တွေ့ရတာ ဖြစ်ပါတယ်။ (ဓာတ်ပုံ - အီးပီအေ)

မာလ်မိုအသင်းကွင်းပြပက ရုပ်ထုကို ရွှေ့ပြောင်းဖို့ ဒေသခံတွေဆီက တောင်းဆိုမှုတွေ ရှိနေပါတယ်။

"လူအများစုက ဇလာတန်ရဲ့ အပြုအမှုကို စိတ်ပျက်နေကြတယ်ဆိုတာကို ကျမ နားလည်နိုင်ပါတယ်။ ဒါပေမယ့် ရုပ်တုကို ဖျက်ဆီးလိုက်တာကတော့ မထိုက်တန်ပါဘူး။ ခင်ဗျားရဲ့ မကျေနပ်မှုကို ဒီမိုကရေစီနည်းလမ်းနဲ့အည်ီ ဖော်ပြတာက ပိုကောင်းပါတယ်။"လို့ မာလ်မိုလက်ထောက်မြို့တော်ဝန် Frida Trollmyr က အေအက်ဖ်ပီကို ပြောကြားခဲ့ပါတယ်။

အောက်တိုဘာ ၈ ရက်နေ့က အီဗရာဟီမိုဗစ်ရုပ်ထု ဖွင့်လှစ်စဉ်အခါက။ (ဓာတ်ပုံ - အီးပီအေ)

ရုပ်ထုကို ရွှေ့ပြောင်းဖို့ကို ဖေဖော်ဝါရီလမှာ ထည့်သွင်းစဉ်းစားသွားမယ်လို့ သူမက ဆက်ပြောပါတယ်။

အေဂျက်၊ ဂျူဗင်တပ်စ်၊ အင်တာမီလန်၊ ဘာစီလိုနာ၊ အေစီမီလန်၊ ပီအက်စ်ဂျီနဲ့ မန်ယူအသင်းတို့မှာ ကစားခဲ့တဲ့ အီဗရာဟီမိုဗစ်ဟာ ပြီးခဲ့အပတ်က အသင်းဟောင်း အေစီမီလန်နဲ့ ၆ လစာချုပ်ချုပ်ပြီးနောက်  တနင်္လာနေ့မှာ အသင်းနဲ့ ပထမဆုံးပွဲထွက်ဖွယ်ရှိပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly