ကိုလိုနီလက်သစ်ဝါဒကြောင့် မြန်မာနိုင်ငံ သားရဲတွင်းနှတ်ခမ်းဝကို ရောက်နေဟု ဦးသိန်းစိန်သတိပေး

ကိုလိုနီလက်သစ်ဝါဒကြောင့် မြန်မာနိုင်ငံ သားရဲတွင်းနှတ်ခမ်းဝကို ရောက်နေဟု ဦးသိန်းစိန်သတိပေး

နေပြည်တော်။ ဇန်နဝါရီ ၅။          ။  မြန်မာနိုင်ငံသည် ပြည်တွင်း ပြည်ပ ဘေးအန္တရာယ် အချို့နှင့် ရင်ဆိုင်ကြုံတွေ့ရပြီး ကိုလိုနီလက်သစ်ဝါဒကြောင့် သားရဲတွင်း၏ နှတ်ခမ်းဝကို ရောက်နေပြီဟု နိုင်ငံတော်သမ္မတငြိမ်း ဦးသိန်းစိန်က သတိပေး ပြောဆိုလိုက်သည်။

ဇန်နဝါရီ ၅ ရက်နေ့က နေပြည်တော်ရှိ ပြည်ခိုင်ဖြိုး ပါတီရုံးချုပ်တွင် ပြုလုပ်သည့် နိုင်ငံတော်သမ္မတ (ငြိမ်း) ဦးသိန်းစိန်ကို ဂါရဝပြုတွေ့ဆုံပွဲတွင် သြဝဒါစကားပြောကြားရာတွင် အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“ ဘာကြောင့်လဲဆိုရင် ဒီကိုလိုနီလက်သစ်ဝါဒကြောင့် ကျွန်တော်တို့ နိုင်ငံဟာ ဒီမိုကရေစီအရေး လူ့အခွင့်အရေးတွေကို အကြောင်းပြပြီးတော့ တိုင်းတပါးသားတွေရဲ့ ဝါးမြိုမူကို ကျွန်တော်တို့ခံရဖို့အတွက် ပြောရမယ်ဆိုရင်တော့ သားရဲတွင်းရဲ့ နှတ်ခမ်း ဝကို မသိမသာနဲ့ ခုနကလို ရောက်ရှိနေကြပြီ ဖြစ်ပါတယ်။ ကျွတော်တို့ပိုင်တဲ့ နယ်မြေကို ဖဲ့ပြီးတော့ ယူဖို့ကျွန်တော်တို့ရဲ့ လူမျိုး ကျွန်တော်တို့အများစု ကိုးကွယ်တဲ့ ဘာသာ လူမျိုး ဒါတွေကို ဝါးမြိုဖို့ နောက်တစ်ခါ တိုင်းပြည်ကို ကာကွယ်ပေးနေတဲ့ တပ်မတော် ကို အင်အားချိနဲ့အောင် လုပ်ဆောင်ဖို့ နည်းမျိုးစုံနဲ့ဆောင်ရွက်နေတာ အားလုံးလည်း အသိပဲဖြစ်ပါလိမ့်မယ်” ဟု ဦးသိန်းစိန်က ပြောကြားခဲ့သည်။

အဆိုပါ ကိုလိုနီ လက်သစ်ဝါဒကြောင့် တိုင်းပြည်တွင် အများစု ကိုးကွယ်သည့် ဘာသာ သာသနာ ၊ တိုင်းရင်းသားများနှင့် တပ်မတော်သားများအတွက် ကာကွယ်စောင့်ရှောက်ရေး ပြည်သူများတွင်လည်း တာဝန်ရှိကြောင်း နိုင်ငံတော်သမ္မတ(ငြိမ်း) ဦးသိန်းစိန်က ဆက်လက် ပြောဆိုသည်။

နိုင်ငံတော် သမ္မတ (ငြိမ်း) ဦးသိန်းစိန်ကို ဂါရဝပြုတွေ့ဆုံသည့်ပွဲအား ၂၀၁၆ခုနှစ်ကတည်းက စတင်ကျင်းပခဲ့ရာ ပြီးခဲ့သည့် ၂၀၁၉ခုနှစ်က ကျင်းပခြင်းမရှိပဲ ယခုအခါ လေးကြိမ်မြောက်အဖြစ်
ကျင်းပပြုလုပ်ခြင်းလည်း ဖြစ်သည်။

လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမဲပေးမှုနှင့် ပတ်သက်၍လည်း “ ကျွန်တော်တို့ရွေးချယ်ပေးလိုက်တဲ့သူတွေဟာ အရေးကြီးဆုံးအချက်ဖြစ်တဲ့ ကိုယ်ကျင့်တရားတွေကောင်းဖို့လိုပါတယ် ထိုက်သင့်တဲ့ ပညာအရည်အချင်းတွေ ရှိဖို့လိုပါတယ်။ ကိုယ်တိုင်းပြည်ရဲ့ အကျိုး ကိုယ့်ဒေသရဲ့ အကျိုး ကို အမှန်တကယ် သယ်ပိုးဆောင်ရွက်လိုတဲ့ လူတွေဖြစ်ဖို့လိုပါတယ် ။ ဒီအရည်အချင်းတွေအပြင် ကိုယ်တိုင်းပြည် ကိုယ့်လူမျိုး ကိုယ်အများစု ကိုးကွယ်တဲ့ ဘာသာ သာသနာ နဲ့ ကိုယ့်ရဲ့ တပ်မတော်ကို စောင့်ရှောက် လိုစိတ်ရှိတဲ့ လူတေဖြစ်ဖို့လိုပါတယ်” ဟုလည်း ဦးသိန်းစိန်က တိုက်တွန်းပြောဆိုခဲ့သည်။

အဆိုပါ ဂါရဝပြု တွေ့ဆုံပွဲသို့ ဦးသိန်းစိန်ကို ချစ်ခင်လေးစားသူ ၃၀၀၀ကျော် လာရောက်ဂါရဝပြုတွေ့ဆုံခဲ့ကြပြီး ပြည်ခိုင်ဖြိုပါတီမှ ထိတ်တန်းခေါင်းဆောင်အချို့လည်း တက်ရောက်ခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required