နိုင်ငံတော် စွန့်လွှတ်မြေဧက ၄၅၀၀ ကျော်ပေါ်တွင် စိုက်ပျိုးနေထိုင်သူများကို ရှင်းလင်းမည်

နိုင်ငံတော် စွန့်လွှတ်မြေဧက ၄၅၀၀ ကျော်ပေါ်တွင် စိုက်ပျိုးနေထိုင်သူများကို ရှင်းလင်းမည်

မန္တလေး၊ ဇန်နဝါရီ ၄ ။         ။ မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် စဉ့်ကူးမြို့နယ် ကတက်ချဉ် စိုက်ကွင်း ၁၁ ခုတွင် နိုင်ငံတော်က ပြန်လည် စွန့်လွှတ် ထားသည့် လယ်ယာမြေ ၄၅၅၃ ဒသမ ၆၀ ဧကအတွင်း ကျူး ကျော် ဝင်ရောက် နေထိုင် စိုက်ပျိုးလုပ်ကိုင်သူများအနေဖြင့် ဇန်နဝါရီလ ၂၄ ရက်နေ့ နောက်ဆုံးထား ဖယ်ရှားပေးရမည်ဖြစ်ပြီး ပျက်ကွက် သူများကို ဥပဒေအတိုင်း ရှင်းလင်း ဖယ်ရှားသွားမည်ဟု မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာစိုးသန်းက မဇ္ဈိမကိုပြောသည်။

ဝင်ရောက်နေထိုင် စိုက်ပျိုးနေသူများကို ဖယ်ရှားပေးရန်အတွက် ၂၀၁၉ခုနှစ် အောက်တိုဘာလမှစတင်၍ အကြောင်းကြားစာများ ပေးပို့ခြင်းနှင့် အသိပေးဆိုင်းဘုတ်များ စိုက်ထူခြင်းတို့ကို ပြုလုပ်ထားသည်။

အဆိုပါမြေများကို မူလပိုင်ရှင်တောင်သူများနှင့်ရပိုင်ခွင့်ရှိသူများထံ အမြန်ဆုံး လွှဲပြောင်း ပေးနိုင်ရေးအတွက် လုပ်ဆောင်ရာတွင် အငြင်းပွားမှုများနှင့် ဝင်ရောက်ကျူးကျော် စိုက်ပျိုးနေသူများကြောင့် အခက်အခဲ ဖြစ်နေသည့်အတွက် နှစ်နှစ်ကျော်ကြာသည့်အထိ ပြန်လည်ပေးအပ်ခြင်း မပြုနိုင်သေးကြောင်း ဒေါက်တာစိုးသန်းကဆိုသည်။

ထိုသို့ ပြန်လည် စွန့်လွှတ်လိုက်သည့်အချိန်မှစ၍ မူလတောင်သူများက ဝင်ရောက်စိုက်ပျိုးလုပ်ကိုင်ခဲ့ခြင်းဖြစ်ပြီး ယခုကဲ့သို့ ဖယ်ရှားခိုင်းသည်ကို လက်မခံဘဲ ဆက်လက်စိုက်ပျိုးသွားမည်ဟု အကြောင်းကြားစာ ရရှိထားသည့် တောင်သူများကဆိုသည်။

"နိုင်ငံတော်က စွန့်လွှတ်ထားတဲ့ လယ်ယာမြေတွေအပေါ် အခုလိုလုပ်တာ လက်မခံပါဘူး။မိဘ လက်ငုတ်တွေကို တောင်းဆိုတာ တကယ်တမ်း မိဘလက်ငုတ်တောင်းဆိုတာကိုမပေးဘူး။ သူတို့နဲ့ ပူးလို့ပေါင်းလို့ ရတဲ့ သူတွေကိုတော့ ပေးဖို့ကြိုးစားကြတယ်"ဟု အကြောင်းကြားစာရထားသူ ဦးမောင်ခိုင်ကပြောသည်။

လက်ရှိဝင်ရောက်စိုက်ပျိုးနေသူများသည် မူလတောင်သူများ ဖြစ်သောကြောင့် တစ်ဦးကို ငါးဧက ရယူလိုသည်ဟု သက်ဆိုင်ရာ အဖွဲ့အစည်းအဆင့်ဆင့်ကို တောင်းဆိုထားသော်လည်း ဖယ်ရှားပေးရန် အကြောင်းကြားစာ ပေးပို့ခံခဲ့ရခြင်းဖြစ်သည်ဟု ဝင်ရောက်စိုက်ပျိုးနေသည့် တောင်သူများကဆိုသည်။

"စီမံချက် လုပ်ပြီးပြီ သူတို့ကိုလည်း နို့တစ်စာပို့ထားတယ်။ မဖယ်ဘူးဖ။ ထွန်တုံးတိုက်ပွဲလုပ်မယ်။ဘာလုပ်မယ်ပေါ့။မဖယ်ရင်လည်း တရားဥပဒေ လမ်းကြောင်းအရသွားမယ်။ဖယ်ရှားမယ်။သူတို့ရသင့်ရထိုက်တာ အချိုးကျ ခွဲဝေပေးမယ်"ဟု ဝန်ကြီး ဒေါက်တာစိုးသန်းကပြောသည်။

အဆိုပါ ကတက်ချဉ်စိုက်ကွင်းမှစိုက်ပျိုးမြေများကို ၁၉၇၈ခုနှစ်က လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက သိမ်းယူခဲ့ကာ ၂၀၁၇ခုနှစ်တွင် နိုင်ငံတော်မှ ပြန်လည်စွန့်လွှတ်ပေးခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly