မြေသိမ်းဆည်းခံ ပြည်သူများအတွက် အစိုးရဆောင်ရွက်ချက် သိသာသော အောင်မြင်မှု မရှိဟုဆို

မြေသိမ်းဆည်းခံ ပြည်သူများအတွက် အစိုးရဆောင်ရွက်ချက် သိသာသော အောင်မြင်မှု မရှိဟုဆို
  သိမ်းဆည်းခံလယ်ယာမြေများ ပြန်လည်ရရှိရေး တောင်သူ ၅၀ ဦး ၂၀၁၉ ခုနှစ်၊ ဧပြီ ၇ ရက်က ဆန္ဒပြ နေစဉ်။

ရန်ကုန်၊ ဇန်နဝါရီ ၄ ။             ။ အကြောင်းအမျိုးမျိုးဖြင့် မြေယာသိမ်းဆည်း ခံထားရသော ပြည်သူများအတွက် လက်ရှိအစိုးရ၏ ဖြေရှင်း ဆောင်ရွက်မှုသည် သိသာသော အောင်မြင်မှု မရှိသေးကြောင်း တောင်သူလယ်သမားအကျိုးဆောင်ကွန်ယက် မှ ဥက္ကဋ္ဌ ဦးဇော်ရမ်းက ပြောသည်။

ဦးဇော်ရမ်းက “အခု အစိုးရလက်ထက် ဖြေရှင်းစုံစမ်းရာမှာ အမတ်တွေပါ ထည့်လိုက်တယ် မျှတမှုဖြစ်လာ အောင်၊ ဒါပေမယ့် ဘာဖြစ်လာလဲဆိုတော့ ဘာမှတော့ မထူးဘူးပေါ့နော်။ ပြောချင်တာက ကျွန်တော်တို့ ပြည်သူ့ လွှတ်တော်ရဲ့ တောင်သူလယ်သမားရေးရာကော်မတီ ကိုယ်တိုင်က အမှုတွဲပေါင်း ၃၅၀၀ မှာ ၅ စောင်ပဲ ပြန် ထားတာဆိုတော့ ဝ.၄ ရာခိုင်နှုန်းပဲ ပြန်တယ်။ အင်မတန် ဝမ်းနည်းစရာ ကောင်းတယ်၊ အဲတော့ အရင်အစိုးရနဲ့ အခု အစိုးရ အောင်မြင်မှုတွေက ဘာမှမထူးဘူး။ ပြည်သူလူထုအတွက် မြေသိမ်းခံတဲ့ ဘဝက ဆက်လက် တည် ရှိ နေတုန်းပဲ” ဟု ပြောသည်။

NLD အစိုးရအနေဖြင့် နိုင်ငံအတွင်း လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုကြောင့် ပြည်သူများ နစ်နာမှု မရှိစေရန်နှင့် မြေသိမ်းဆည်းမှု ပြဿနာများကို လျှင်လျှင်မြန်မြန် ဖြေရှင်းနိုင်ရန် ရည်ရွယ်ပြီး ဒုသမ္မတ (၂) ဦးဟင်နရီဗန်ထီးယူ ဦးဆောင်သော လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်း ခံရမှုများ ပြန်လည် စိစစ်ရေး ဗဟိုကော်မတီကို ၂ဝ၁၆ ခုနှစ်၊ မေလအတွင်းက ဖွဲ့စည်းထားသည်။
အဆိုပါ ကော်မတီထံ သုံးနှစ်တာအတွင်း တိုင်ကြားစာပေါင်း ၃၅ဝဝ နီးပါး ပေးပို့ခဲ့သော်လည်း ၅ စောင်သာ အကြောင်း ပြန်ကြားခဲ့ကြောင်း လွှတ်တော်ကော်မတီ၏ အစီအရင်ခံ တစ်ရပ်တွင် ဖော်ပြထားသည်။

သိမ်းဆည်းခံမြေများ ပြန်လည်ရရှိရေး ဆောင်ရွက်ရာတွင် တပ်သိမ်းမြေများသည် အဓိက စိန်ခေါ်မှုရှိနေပြီး တစ်နိုင်ငံလုံး အတိုင်းအတာအရ ပြန်လည်ရရှိမှု နည်းပါးနေသေးကြောင်း သနပ်ပင်မြို့နယ် မြေစစ်ကော်မတီ၏ ကော်မတီဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦးက ပြောသည်။

“ကိုယ့်မြို့နယ်နဲ့ ပြောမယ်ဆိုရင်တော့ အများစုကို ပြန်ပြီးတော့ ရအောင် လုပ်နိုင်ခဲ့တယ်လို့ ပြောလို့ရတယ်။ ဒါပေမယ့် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့က တော်တော် ခက်ခက်ခဲခဲ လုပ်နေရတာကို တွေ့ရတယ်။ ပြန်ရတယ် ဆိုတာ ရာခိုင်နှုန်း နည်းမယ်လို့ ထင်ပါတယ်။ ခြုံငုံပြီးတော့ ပြောမယ်ဆိုရင် ဆယ်စုနှစ် ပေါင်းများစွာကတည်းက သိမ်းဆည်းထားပြီးတော့ တချို့ဟာတွေက အဆင့်ဆင့် လက်လွှဲပြီးသား ဖြစ်နေတော့။ နောက် အဲဒီအချိန်က သိမ်းခဲ့တာတွေက ဥပဒေကို လက်တစ်လုံးခြား လုပ်ပြီးတော့ သိမ်းခဲ့တာတွေ ရှိတယ်။ ပြန်ပြီး စိစစ်ရတဲ့အခါမှာ အင်မတန် အခက်အခဲ ရှိတယ်လို့ နားလည်ရပါတယ်။ ကြိုးစားလုပ်ဆောင်ဖို့ တစ်နှစ်လောက်တော့ ရှိပါသေး တယ်” ဟု ၎င်းက ပြောသည်။

တပ်မတော်က တပ်စခန်းနေရာ သတ်မှတ်ရာတွင် ပါရှိသွားသော မြေများမှာ ပြန်လည်ရရှိရန် မဖြစ်နိုင်သည့်တိုင် နစ်နာ သူများအတွက် လျော်ကြေး မရရှိမှုများ ရှိနေကြောင်း ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ မြေစစ်ကော်မတီ၏ ကော်မတီဝင် ကချင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးနေဝင်းက ပြောသည်။

“ဌာနဆိုင်ရာ ဝန်ထမ်း လေးယောက်လောက်ပဲ ရှိတယ်။ သို့သော် သူတို့ယူထားတဲ့ အကျယ်အဝန်းက ၃-၄ ဧက လောက် တွေပေါ့။ မူလပိုင်ရှင်တွေကို ပြန်စွန့်လွှတ်ပေးဖို့ ခဏခဏတော့ တွန်းအားပေး နေပါတယ်။ အစိုးရအဖွဲ့ကိုလည်း စာ အနည်း ဆုံး ၄-၅ ကြိမ်လောက်လည်း တင်ထားပြီးပါပြီ။ ဒီနေ့ အချိန်အထိတော့ အဖြေ မထွက်သေးဘူး၊ ကျန်တာကတော့ တပ်မတော်ရဲ့ စစ်တပ်အဝန်းအဝိုင်းတွေ သတ်မှတ်သွားတဲ့ အချိန်မှာ ပါသွားတဲ့ လယ်ယာမြေတွေနဲ့ ပတ်သက်လို့ကတော့ ဒီနေ့အချိန်အထိ လျော်ကြေးလည်း မရသလို၊ မြေယာအစားလည်း ကျွန်တော်တို့ မြို့နယ်မှာ မရပါဘူး” ဟု ၎င်းက ပြော သည်။

ဥပဒေမဲ့ သိမ်းထားသော မြေယာများ ပြန်လည်ရရှိရေး လျော်ကြေး၊ နစ်နာကြေး ရရှိရေးကို ဦးစားပေး လုပ်ဆောင် သွားမည်ဖြစ်ကြောင်း သမ္မတဦးဝင်းမြင့် သမ္မတအဖြစ် တာဝန်ယူခဲ့ပြီး ပထမဆုံးအကြိမ် ပြောခဲ့သော မိန့်ခွန်းတွင် ထည့်သွင်း ပြောခဲ့ဖူးသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly