စပိန်စူပါဖလားပြိုင်ပွဲကို ခြေကျင်းဝတ်ဒဏ်ရာကြောင့် ဟာဇက် လွဲချော်မယ်လို့ ဇီဒန်း အတည်ပြု

စပိန်စူပါဖလားပြိုင်ပွဲကို ခြေကျင်းဝတ်ဒဏ်ရာကြောင့် ဟာဇက် လွဲချော်မယ်လို့ ဇီဒန်း အတည်ပြု
Photo: EPA

ရီးယဲလ်မက်ဒရစ်အသင်းနည်းပြ ဇီဒန်းက လာမယ့်အပတ်မှာ ကစားမယ့် စပိန်စူပါဖလားပြိုင်ပွဲကို အဓိကကစားသမားဖြစ်တဲ့ ဟာဇက် လွဲချော်မှာဖြစ်တယ်လို့ သောကြာနေ့က ပြောဆိုခဲ့ပါတယ်။

ဟာဇက်ဟာ ခြေချင်းဝတ်ဒဏ်ရာကို နိုဝင်ဘာလ ၂၆ ရက်က ပီအက်စ်ဂျီကို သရေကျခဲ့တဲ့ ချန်ပီယံလိဂ်အိမ်ကွင်းပွဲမှာ ရရှိခဲ့တာဖြစ်ပြီး (၄)ပတ်ကနေ (၆)ပတ်ဝန်းကျင်အထိ အနားယူရမယ်လို့ ခန့်မှန်ခဲ့ပါတယ်။

ဒါပေမယ့် ဇီဒန်းက စနေနေ့ (ယနေ့ည)မှာ ကစားမယ့် ဂီတာဖေးနဲ့ မက်ဒရစ်ရဲ့ လာလီဂါပွဲစဉ်ကို လွဲချော်မှာဖြစ်တယ်လို့ အတည်ပြုခဲ့တဲ့အပြင် ဗုဒ္ဒဟူးနေ့မှာ စပိန်စူပါဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်အဖြစ် ဗလင်စီယာနဲ့ သွားရောက်ကစားမယ့် ဆော်ဒီအာရေဗျကိုလည်း လိုက်ပါနိုင်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။

"စပိန်စူပါဖလားပြိုင်ပွဲကို သူ လွဲချော်မှာ ၁၀၀ ရာခိုင်းနှုန်း သေချာပါတယ်။"လို့ ဇီဒန်းက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ "သူဟာ ကြံ့ခိုင်မှု ပြည့်ဝလာဖို့ ဆက်ကြိုးစားနေပြီး အသင်းနဲ့အတူ လိုက်ပါမှာ မဟုတ်ပါဘူး။ စူပါဖလားပြိုင်ပွဲက ပြန်ရောက်ချိန်ဆိုရင်တော့ ဖြည်းဖြည်းချင်း သူပြန်ကစားတာကို ကျနော်တို့နဲ့အတူ မြင်ရဖို့ရှိတယ်လို့ မျှော်လင့်ပါတယ်။"

ဟာဇက်အနေနဲ့ ဇန်နဝါရီ ၁၈ ရက်မှာ ဆီဗီလာနဲ့ လာလီဂါပွဲစဉ်မှာ ပြန်ကစားနိုင်မယ်ဆိုရင်တော့ သူဟာ (၈)ပတ်နီးပါး အနားယူတာဖြစ်ပါလိမ့်မယ်။

ပြီးခဲ့တဲ့ နွေရာသီက ချယ်လ်ဆီးအသင်းက ယူရိုသန်း (၁၀၀) နဲ့ ရီးယဲလ်မက်ဒရစ်အသင်းကို ပြောင်းရွှေ့ခဲ့တဲ့ အသက် (၂၈)နှစ်အရွယ်ရှိ ဟာဇက်ဟာ ရာသီအစ ပွဲစဉ် (၃)ပွဲကို ပေါင်ခြံဒဏ်ရာကြောင့် လွဲချော်ခဲ့သူလည်းဖြစ်ပါတယ်။

သူဟာ အသင်းသစ်အတွက် (၁၃)ပွဲမှာ (၁)ဂိုး သွင်းယူခဲ့ပါတယ်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly