ဖက်ဒရယ်ပြည်ထောင်စုရေး ဖွဲ့စည်းပုံပြင်ဆင်ရန်လိုဟု နိုင်ငံတော်သမ္မတပြော

ဖက်ဒရယ်ပြည်ထောင်စုရေး ဖွဲ့စည်းပုံပြင်ဆင်ရန်လိုဟု နိုင်ငံတော်သမ္မတပြော
(၇၂) ကြိမ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား / ဓာတ်ပုံ - သူရ/မဇ္ဈိမ

ရန်ကုန်၊ ဇန်နဝါရီ ၄ ။              ။ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဝိုင်းဝန်း ကြိုးပမ်း ပြင်ဆင်ကြရန် လိုအပ် ကြောင်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က လွတ်လပ်ရေးနေ့ သဝဏ်လွှာပေးပို့ရာတွင် တိုက်တွန်း ပြောဆိုလိုက်သည်။

(၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင် အခမ်းအနားကို ရန်ကုန်မြို့ရှိ မဟာဗန္ဓုလပန်းခြံတွင် ဇန်နဝါရီ ၄ ရက်နေ့ နံနက်ပိုင်းက ပြု လုပ်ခဲ့စဉ် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းမှ သမ္မတ၏ သဝဏ်လွှာမိန့်ခွန်းကို ဖတ်ကြားခဲ့ခြင်း ဖြစ်သည်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က “ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်ရေး တိုင်းရင်းသား ညီကိုမောင်နှမများကြား သံသယစိတ် ကင်းစင်ပြီး ခိုင်မာသော ယုံကြည်မှု တည်ဆောက်ရန် ဒီမိုကရေစီ စံချိန်စံညွှန်းများ လူ့အခွင့်အရေး စံနှုန်းစံထားများနဲ့ကိုက်ညီပြီး ပြည်ထောင်စုနဲ့ ပကတိ အခြေ အနေများနဲ့ စီလျော်သည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးတို့ကို ပြည်ထောင်စုစိတ်ဓာတ်ဖြင့် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ရ မည်ဖြစ်ပါသည်” ဟု ပြောသည်။

(၇၂) ကြိမ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား / ဓာတ်ပုံ - သူရ/မဇ္ဈိမ

မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့တွင် လွတ်လပ်ရေး ရပြီးကတည်းက မတူညီမှု အမျိုးမျိုးဖြင့် ပြည်တွင်းစစ် ဖြစ်ပွား ခဲ့သောကြောင့် တိုင်းပြည်မှာ ဆင်းရဲနေရကြောင်းလည်း သဝဏ်လွှာတွင် ရေးသားဖော်ပြထားသည်။

ထို့ကြောင့် အတိတ်သမိုင်းကို သင်ခန်းစာယူကာ သံသယနှင့် ပဋိပက္ခများအား ပြည်ထောင်စု စိတ်ဓာတ်ဖြင့် ကြိုးပမ်းဆောင်ရွက်နေ သည့် အချိန်အခါလည်းဖြစ်ကြောင်း နိုင်ငံတော်သမ္မတက သဝဏ်လွှာပေးပို့ကာ သတိပေးသွားခဲ့သည်။

အလားတူ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရန်မှာ ၂၁ ရာစု ပင်လုံညီလာခံမှနေ၍ သဘောတူညီချက်တချို့ ရရှိထား ကြောင်း သမ္မတက ပြောသည်။

ပွဲတက်ရောက်လာသည့် ကရင်အမျိုးသားတစ်ဦးဖြစ်သူ စောကျော်ရဲသန်းက “ ကျွန်တော်တစ်ယောက်တည်းပေါ့ စိတ်ထဲမှာတော့ လွတ်လပ်ရေး ရရှိခဲ့ပေမယ့် ကျွန်တော် အသက် ၅၀ ကျော်လာပြီ။ လွတ်လပ်ရေး အရသာကို ပြည့်ပြည့်ဝဝတော့ မခံစားရဘူးပေါ့” ဟု ပြောသည်။

တိုင်းရင်းသား လက်နက်ကိုင်များနှင့် ဆက်လက် ညှိနှိုင်းနေရမှုများအပြင် အုပ်ချုပ်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများစွာ လိုအပ်နေ သေးသည့်အတွက် ယခုလို ပြောရခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။
နိုင်ငံတော်သမ္မတကလည်း ၎င်း၏ သဝဏ်လွှာတွင် နိုင်ငံအတွင်း ပညာရေး၊ ကျန်းမာရေးနှင့် စီးပွားရေး နယ်ပယ်များမှာ ပြုပြင် ပြောင်းလဲ မှုများနှင့် ကူညီပံ့ပိုးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးကိစ္စရပ်ကိုလည်း အထူးအလေးထား ကိုင်တွယ် တိုက်ဖျက်သွား မည်ဖြစ်ကြောင်း ထည့်သွင်း ပြောခဲ့သည်။

 (၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင် အခမ်းအနားကို ရန်ကုန်မြို့ရှိ မဟာဗန္ဓုလပန်းခြံတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ကာ နေပြည်တော် နှင့် တခြားတိုင်းနှင့် ပြည်နယ်များတွင်လည်း အသီးသီး ကျင်းပခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly