ယူအက်စ်-အီရန် ဘက်စုံရွက်ကုန် စစ်ဖြစ်ကြတော့မှာလား

ယူအက်စ်-အီရန် ဘက်စုံရွက်ကုန် စစ်ဖြစ်ကြတော့မှာလား
အီရတ်နိုင်ငံ၊ ဘဂ္ဂဒက်ရှိ အမေရိကန်သံရုံးဝင်းမှာ အမေရိကန်မရိန်းများ စောင့်ကြည့်နေတာကို ဇန်နဝါရီလ ၃ ရက်နေ့က မြင်တွေ့ရစဉ်။ ဓာတ်ပုံ - အီးပီအေ

အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်နားမှာ ကားတန်းနဲ့သွားနေတုံး အဝေးထိန်း ဒရုံးက ရော့ကတ်နဲ့ အမေရိကန်ကပစ်ခတ်တိုက်ခိုက်မှုမှာ အီရန်က တော်လှန်ရေးအစောင့်တပ်၊ အထူးတပ်ဖွဲ့ Quds ရဲ့ တပ်မှူးကြီး ဗိုလ်ချုပ်ကြီး ကာဆမ် ဆိုလေမာနီ သေဆုံးသွားပါတယ်။

အီရန်စစ်ဗိုလ်ချုပ်က အီရတ်မှာသွားသေတယ်ဆိုတော့ မသိသူအတွက်တော့ မျက်စိလည်စရာပါပဲ။ ဒါဟာ အီရန်ရဲ့ ဒေသတွင်း ခြေရှုတ်နေတဲ့ သင်္ကေတပဲဖြစ်ပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်ကို အသိများကြတာက လေတစ်လုံး မိုးတစ်လုံးပြောမယ်၊ ခြိမ်းခြောက်မယ် သို့ပေမယ့် အခုလိုမျိုး တိုက်ခိုက်မှုလုပ်လိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ကြဘူး။ အီရန်ဘက်ကလည်း လျော့တွက်ခဲ့မှာ အမှန်ပါပဲ။

တကယ်တန်းမှာလည်း ထရမ့်က စစ်တိုက်ဖို့ ဝန်လေးပါတယ်။ အမေရိကန်ဒရုန်းတစ်ခုကို အီရန်က ပစ်ချခဲ့တုံးက လက်တုံ့ပြန်ဖို့လုပ်ခဲ့ပြီးမှ နောက်ဆုံးအချိန်ကြမှ စစ်ဆင်ရေးရုပ်သိမ်းခဲ့တာ ဇွန်လက ဖြစ်ခဲ့တယ်။ ဆော်ဒီရဲ့ ရေနံချက်စက်ရုံတွေကို အီရန်ကတိုက်တုံးကလည်း ဘာမှမတုံ့ပြန်ခဲ့ဘဲနေတယ်။ သူ သမ္မတဖြစ်လာပြီး ယီမင်မှာ စစ်သွေးကြွတွေကိုတိုက်ခိုက်မှုလုပ်သေးပေမယ့် စစ်မှုထမ်းဟောင်း မိသားစုနဲ့တွေ့အပြီးမှာ သူ ချက်ခြင်းစိတ်ပြောင်းသွားခဲ့တယ်။ အီရန်နဲ့ပတ်သက်ရင် သံတမန်ရေးအရနဲ့ ဘဏ္ဍာရေးဆိုင်ရာ မက်လုံးပေးကြိုးပမ်းခဲ့ပေမယ့် ရလာဘ်ကောင်း မထွက်ခဲ့ဘူး။ ဒါပေမယ့်လည်း အခုလို တိုက်ခိုက်မှုလုပ်လိမ့်မယ်လို့ မှန်းဆခဲ့တဲ့သူ အတော်နည်းပါလိမ့်မယ်။

ဇန်နဝါရီ ၃ ရက်က အီရတ်နိုင်ငံ၊ ဘဂ္ဂဒက် လေဆိပ်အနီးမှာ မီးလောင်ကျွမ်းနေတဲ့ ယာဉ်တစ်စီး။ ဓာတ်ပုံ - အီးပီအေ

အမေရိကန်ဘက်ကအပြောအရ ကာဆမ် ဆိုလေမာနီဟာ အီရတ်နဲ့ ဒေသတွင်းက အမေရိကန်သံတမန်တွေနဲ့ အစိုးရဝန်ထမ်းတွေကို တိုက်ခိုက်မှုလုပ်ဖို့ စီမံကိန်းတွေချနေတယ်လို့ ဆိုတယ်။ အကျယ်အားဖြင့်ကြည့်ရင်တော့ အီရန်ရဲ့ အရှေ့အလယ်ပိုင်းမှာ သြဇာဖြန့်ကျက်လာမှုဆိုတဲ့ ပေါင်းပင်ကို သတ်လိုက်တာပဲဖြစ်တယ်။ အရှေ့အလယ်ပိုင်းမှာ အီရန်ရဲ့ သြဇာကို ထူထောင်ခဲ့သူဖြစ်တယ်။

ဒီတိုက်ခိုက်မှုဟာ အမေရိကန်ထောက်လှမ်းရေးရဲ့ သတင်းရယူနိုင်မှု၊ လေကြောင်းတိုက်ခိုက်နိုင်စွမ်းကို ပြတာလည်းဖြစ်တယ်။ ထုတ်မပြောကြပေမယ့် အစ္စရေးရဲ့ မောဆက်ထောက်လှမ်းရေး ပူးပေါင်းမှုရှိလိမ့်မယ်လို့ ယူဆရတယ်။

ကာဆမ် ဆိုလေမာနီဘယ်လိုလူလဲ

ကာဆမ် ဆိုလေမာနီ။ ဓာတ်ပုံ - အီးပီအေ

အမေရိကန်အတွက်တော့ လူဆိုးဆိုပေမယ့် သူ့နိုင်ငံထဲမှာတော့ ထောက်ခံမှုအားကောင်းတယ်။

ကျေးတောသားလေး ကာဆမ် ဆိုလေမာနီရဲ့ အဖေက လယ်သမားဖြစ်ပြီး ရှားဘုရင်လက်ထက်မှာ အစိုးရကို ဆပ်ရမယ့် အကြွေးတွေတင်နေလို့ သူ့ အသက် ၁၃ နှစ်မှာ ဆောက်လုပ်ရေးလုပ်သားအဖြစ် ဝင်လုပ်ခဲ့ရတဲ့သူဖြစ်ပါတယ်။ ၁၉၇၉ ခုနှစ် အစ္စလာမ်မစ်တော်လှန်ရေးဖြစ်ပြီး ရှားဘုရင်ကို ဖြုတ်ချတဲ့အခါ တော်လှန်ရေးအစောင့်တပ်ကို သူ ဝင်ခဲ့တယ်။ အီရတ်က ဝင်ရောက်ကျူးကျော်မှုဖြစ်တဲ့ အီရန်-အီရတ်စစ်ပွဲမှာ စွမ်းစွမ်းတမံရှိလို့ သူနာမည်ရလာခဲ့တယ်။ ဒါပေမယ့် သမ္မတ ရဖ်ဆန်ဂျာနီလက်ထက် သမ္မတနဲ့ သိပ်အစေးမကပ်လို့ သူမြုပ်နေခဲ့တယ်။ အဲနောက်ပိုင်းတော့ အစောင့်တပ်အကြီးအကဲဖြစ်လာခဲ့တယ်။ အီရန်ရဲ့ အာဏာအရှိဆုံးသူဖြစ်တဲ့ ဘာသာရေးခေါင်းဆောင်ကြီး အယာတိုလာ ခါမေနီကို သစ္စာခံတစ်ယောက်ဖြစ်ပြီး သူက သမ္မတထက်တောင် သြဇာရှိသေးတယ်။ အယာတိုလာကို အချိန်မရွေး တိုက်ရိုက်ဆက်သွယ်နိုင်တဲ့သူဖြစ်တယ်။  

အရင်ကတော့ သူသေတယ်ဆိုပြီး ကောလဟလ ထွက်ဖူးတာ အကြိမ်ကြိမ်ပဲ။ အခုတော့ တကယ်သေသွားပြီ။ အယာတိုလာခါမေနီက သူ့ကို သက်ရှိတော်လှန်ရေးအာဇာနည်လို့ ခေါ်ခဲ့ဖူးတော့ အခုမှ အာဇာနည်ဖြစ်တာပေါ့။

အမေရိကန်ထောက်လှမ်းရေးတွေက သူ့ကိုအရင်က သတိမထားမိခဲ့ဘူး။ အီရတ်က အမေရိကန်တပ်တွေကို အီရန်ထောက်ပံ့ထားတဲ့ ရှီးယားစစ်သွေးကြွတွေက ဒုံးနဲ့ပစ်ခတ်တိုက်ခိုက်မှုတွေအလုပ်ခံရမှ သူ့လက်ချက်ဆိုတာ သိလာပြီး သတိထားမိလာတာပါပဲ။ သူဟာ အီရန်ရဲ့ ရေမြေခြားက စစ်ဆင်ရေးတွေရဲ့ ဗိသုကာဖြစ်တယ်။ အီရတ်၊ ဆီးရီးယား၊ လက်ဘနွန်၊ ပါလက်စတိုင်း၊ ယီမင်၊ ဘာရိန်းတို့မှာ အီရန်လိုလားတဲ့အင်အားစုတွေ ထူထောင်ထောက်ပ့ံနေခဲ့သူဖြစ်တယ်။ အီရန်က ဆီးရီးယားမှာ အာဆတ်ကို ထောက်ခံသူဖြစ်တော့ သူက အစွန်းရောက် အကြမ်းဖက် ISIS တွေကို တိုက်ထုတ်နိုင်ဖို့အတွက် မဟာဗျူဟာချပေးတာလုပ်ပြီး အီရတ်မှာ အာဏာရှင် ဆဒမ်ဟူစိန်ခေတ်လွန်ကာလ အုပ်ချုပ်မှှုလွှမ်းမိုးနိုင်အောင် အမေရိကန်နဲ့ ပြိုင်လုခဲ့တဲ့သူဖြစ်တယ်။ နိုင်ငံခြားစစ်မျက်နှာပြင်တစ်ချို့မှာ သူကိုယ်တိုင်စစ်မြေပြင်ဆင်းကွပ်ကဲလေ့ရှိသလို ပြည်တွင်းက အစိုးရဆန့်ကျင်တဲ့ လမ်းပေါ် ဆန္ဒပြပွဲတွေကို ခပ်ကြမ်းကြမ်းနှိမ်နင်းဖို့ ဝန်မလေးသူလည်းဖြစ်တယ်။

ယူအက်စ်-အီရန် စစ်ဖြစ်ရင်တော့ ကမ္ဘာတစ်ခုလုံးရဲ့ စီးပွားရေးကို ထိခိုက်စေမှာပဲ။ ရေနံစျေးတွေလနဲ့ချီပြီး တက်လိမ့်မယ်။ ၂၀၁၂ ခုနှစ်က ဝါရှင်တန်အခြေစိုက် ဉာဏ်ကြီးရှင်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ အမေရိကန်သိပ္ပံပညာရှင်များ ဖက်ဒရေးရှင်းက ထုတ်ပြန်ဖူးတဲ့ စာတမ်းအရဆိုရင် အမေရိကန်တပ်တွေ အီရန်ကို ကျူးကျော်သိမ်းပိုက်မှုအပါအဝင် စစ်မျက်နှာစုံဖွင့်တိုက်ရင် ပထမသုံးလမှာတင် ကမ္ဘာ့စီးပွားရေးကို ဒေါ်လာ ၂ ထရီလီယံနီးပါးကနေ ၃ ထရီလီယံအထိ ကုန်ကျနိုင်တယ်လို့ဆိုတယ်။

အခုမှာ မေးခွန်းက အီရတ်စစ်ပွဲလို ယူအက်စ်-အီရန် ဘက်စုံဖွင့် စစ်ပွဲကြီးဖြစ်လာတော့မလားပေါ့။ ဖြစ်နိုင်ချေနည်းတယ်လို့ပဲ မြင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ နှစ်ဘက်လုံးမှာ စစ်ဖြစ်လို့မရတဲ့ အခြေအနေရှိနေတယ်။

အမေရိကန်အနေအထား

အမေရိကန်က စစ်တွေတိုက်တာသိပ်များနေပြီး နိုင်တယ်ဆိုပေမယ့် ဘယ်လိုအဆုံးသတ်ရမှန်းမသိတဲ့ စစ်ပွဲတွေချည်းကြုံနေရတာဆိုတော့ စစ်တိုက်ရတာစိတ်ရှုတ်စရာဖြစ်နေတယ်။ တိုက်လိုက်ရတဲ့စစ်တွေကလည်း နှစ်ရှည်ကြီးတွေဖြစ်ပြီး ငြိမ်းချမ်းရေးတည်ဆောက်နိုင်မယ့်လမ်းက ရေရေရာရာမရှိဘူး မဟာဗျူဟာအရ အရှုံးပဲ။

အကုန်အကျအများဆုံးစစ်ပွဲဆိုတဲ့ ခြောက်နှစ်ကြာတဲ့ ဒုတိယကမ္ဘာစစ်က ကနေ့ခေတ်ပေါက်စျေးနဲ့တွက်မယ်ဆို အမေရိကန်ကို ဒေါ်လာ ၄.၁ ထရီလီယံကုန်ကျခဲ့ပေမယ့် ၂၀၁၁ ခုနှစ် စက်တင်ဘာ ၉-၁၁ နောက်ပိုင်းဖြစ်ခဲ့တဲ့ စစ်ပွဲတွေ၊ အရှေ့အလယ်ပိုင်းနဲ့ အာရှမှာဖြစ်ခဲ့တဲ့ စစ်ပွဲတွေ၊ စစ်ဆင်ရေးတွေကြောင့် အမေရိကန် အခွန်ထမ်းငွေတွေက စုစုပေါင်း ဒေါ်လာ ၆.၄ ထရီလီယံရှိတယ်လို့ ဆိုတယ်။  

သမ္မတထရမ့်အနေနဲ့ နောက်ရွေးကောက်ပွဲကို အပွင့်ဖြစ်နေတဲ့ စစ်ကြီးသယ်သွားဖို့ ခက်ပါမယ်။

အီရန်အနေအထား

လူဦးရေ ၈၃ သန်းရှိတဲ့ အီရန်မှာ ဂျီဒီပီက ဒေါ်လာ ၄၅၀ ဘီလီယံရှိတာဆိုတော့ စီးပွားရေးအရ အညံ့စားထဲမပါပေမယ့် အမေရိကန်ရဲ့ ပိတ်ဆို့မှုက စီးပွားရေးအရ အထိနာနေတယ်။ မကြာသေးခင်ကပဲ သမ္မတ ဟက်ဆန် ရိုဟနီက ပြောတဲ့စကား မီဒီယာတွေမှာပါလာဖူးတယ်၊ တကယ်လို့ စီးပွားရေစစ်သာမကြုံရင် အီရန်အနေနဲ့ ဒေါ်လာ ၂၀၀ ဘီလီယံ ဝင်ငွေပိုလိမ့်မယ်လို့ဆိုတယ်။

၂၀၁၈ ခုနှစ်က ပြန်လုပ်တဲ့ အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူမှုက လောင်စာဆီနိုင်ငံခြားပို့လို့မရအောင် လုပ်ထားတယ်။ ပိတ်ဆို့မှုက အီရန်က ဂျီဒီပီကို ၂၀၁၈ မှာ ၄.၈ ရာခိုင်နငန်း ကျုံ့ဝင်သွားစေပြီး ၂၀၁၉ မှာ ၉.၅ ရာခိုင်နှုန်း ထပ်ကျုံ့သွားစေမယ်လို့ IMF က ဟောကိန်းထုတ်ထားဖူးတယ်။ ၂၀၂၀ ပြည့်နှစ်မှာတိုးတက်မှုနှုန်း သုညပါတဲ့။ နိုင်ငံခြားအရံငွေပမာဏာကို ၂၀၁၃ ကထက်စာရင် ၂၀ ရာခိုင်နှုန်း လျော့သွားစေပြီး အဲဒီအထဲကမှ ၁၀ ရာခိုင်နှုန်းပဲ ထုတ်သုံးလို့ရတာဖြစ်စေတယ်။ အဲသလိုအခြေအနေဆိုတော့ ငွေကြေးဖောင်းပွမှုနှုန်းက မြင့်တက်နေရော၊ ကုန်စျေးနှုန်းတွေကြီးနေရော။

တဘက်မှာလည်း စစ်အသုံးစားရိတ်ကတက်နေတယ်။ အီရန်အနေအထားနဲ့ နိုင်ငံခြားက ပြည်သူ့စစ်တွေ၊ စစ်သွေးကြွတွေကို ကူညီနေရတာဆိုတော့ သူ့ဂျီဒီပီရဲ့ ၄.၆ ရာခိုင်နှုန်းကို စစ်အသုံးစားရိတ်သုံးနေရတယ်။ ယီမင်စစ်ပွဲမှာ ဟူသီသူပုန်တွေကို အီရန်က ထောက်ပံ့နေခဲ့တာ ၂၀၁၅ ခုနှစ်ကတည်းက။ ပြောရရင် ဆော်ဒီနဲ့အပြိုင် ကြားလူမွေးပြီး စစ်ဖြစ်နေကြတာ။ ဆော်ဒီက တစ်လကို ဒေါ်လာ ၅ ဘီလီယံ၊ ၆ ဘီလီယံ စစ်အသုံးစားရိတ်သုံးနေသလောက်တော့ မသုံးပေမယ့် ဒေါ်လာသန်းချီတယ်။

အီရန်ရဲ့ စစ်ရေးစွမ်းရည်

၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာ ၂၉ ရက်က အိန္ဒိယသမုဒ္ဒရာနဲ့ အိုမန်ပင်ကွေ့အတွင်း အီရန်-ရုရှား-တရုတ် ပူးတွဲရေတပ်စစ်ရေးလေ့ကျင့်မှုများပြုလုပ်နေစဉ်အတွင်း အီရန်ရေတပ်သင်္ဘောကို မြင်တွေ့ရစဉ်။ ဓာတ်ပုံ - အီးပီအေ

၁၉၇၉ ခုနှစ်မှာ တီဟီရန်က အမေရိကန်သံရုံးဝင်စီးပြီး သံအမှုထမ်းတွေကို ဓားစာခံလုပ်ထားခဲ့ပြီးချိန်ကစလို့ အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူမှုတွေ အစဉ်အဆက် ကြုံနေခဲ့ရတာဆိုတော့ အီရန်စစ်တပ်ဟာ ထူးခြားတဲ့ S400 လေကြောင်းရန် ကာကွယ်ရေးစနစ်ရှိပေမယ့် လက်နက်တွေက အမေရိကန်ကို ဖွင့်တိုက်ဖို့လောက်အထိတော့ ယှဉ်နိုင်တာ မဟုတ်ပါဘူး။ သူ့လေတပ်က လေယာဉ်တွေက ဟောင်းနွမ်းနေပါပြီ။ တိုက်လေယာဉ်အသစ်တွေ ဝယ်ချင်ပေမယ့် အမေရိကန်ရဲ့ ဖိအားကြောင့် ဝယ်မရတော့ မွမ်းမံနေရတာနဲ့ အဆုံးသတ်နေလို့ပါပဲ။ ရုရှားတောင် မရောင်းဘူးဖြစ်နေတာ။ ဒါပေမယ့်လည်း အီရတ်လောက်တော့ မြေပြင်တပ်တွေ ဝင်တိုက်ဖို့ မလွယ်တာတော့ သေချာတယ်။ သူ့မှာ တပ်အင်အား ၅ သိန်းကျော်ရှိတယ်၊ အမြဲတမ်းတပ်က ၃ သိန်းခွဲရှိပြီး အစ္စလာမ်မစ် တော်လှန်ရေးအစောင့်တပ်က ၁ သိန်းခွဲ အနိမ့်ဆုံးရှိတယ်။ 

အီရန်ရဲ့ စစ်ဗျူဟာက မြောက်ကိုရီးယားတို့၊ တရုတ်တို့လိုပဲ မစ်ဇိုင်းဒုံးတွေ ထုတ်လုပ်မှုကို အားပြုထားတယ်။ သူ့ရဲ့ မစ်ဇိုင်းဒုံးတပ်က တာတိုနဲ့ တာလတ်တွေပါတယ်။ အရှေ့အလယ်ပိုင်းမှာ အကြီးဆုံးဖြစ်ပြီး ၁၅၀ လောက်ရှိတယ်လို့ဆိုတယ်။ တာဝေးပစ်တွေထုတ်လုပ်ဖို့ကြိုးစားနေပြီး တွဲပါလာတာတော့ နူကလီးယားထိပ်ဖူးထုတ်နိုင်ရေးပေါ့။ ဒါပေမယ့် စစ်ဖြစ်လို့ မစ်ဇိုင်းတွေ ပြုံလွှတ်နိုင်တယ်ဆိုရင်တောင် ပစ်မှတ်ကို ထိဖို့ တိကျမှုက မရှိသေးဘူးလို့ လေ့လာသူတွေဆိုတယ်။ သို့သော် သူ့ရဲ့ စစ်ရေးသုံး ဒရုန်းထုတ်လုပ်နိုင်စွမ်းကတော့ အတော်လေးကို တိုးတက်နေတယ်။

ဘာဆက်ဖြစ်မလဲ

အီရန်နိုင်ငံ၊ တီဟီရန်မှာ သောကြာနေ့ဆုတောင်းပွဲအပြီးမှာ အမေရိကန်ဆန့်ကျင်ရေးဆန္ဒပြမှုအတွင်း ထောင်ပေါင်းများစွာသော အီရန်နိုင်ငံသားတွေဟာ ဆိုလေမာနီ သေဆုံးခြင်းအတွက် လမ်းပေါ်တက် ပူဆွေးမှုပြသနေတာကို ဇန်နဝါရီ ၃ ရက်နေ့က တွေ့ရစဉ်။ ဓာတ်ပုံ - အီးပီအေ

သို့ပေမယ့်လည်း အီရန်အနေနဲ့ လက်တုံ့မပြန်လို့လည်း မဖြစ်ပြန်ဘူး။ ကာဆမ် ဆိုလေမာနီဟာ လူထုအကြားမှာ ပုံပြင်ဆန်ဆန်သူရဲကောင်းအဖြစ် အသတ်ခံရပြီဆိုတော့ အီရန်ခေါင်းဆောင်တွေအနေနဲ့ ငုတ်တုတ်ထိုင်ကြည့်နေလို့လည်း မရပြန်ပါဘူး ။ အဖတ်ဆယ်တဲ့အနေနဲ့ လက်တုံ့ပြန်မှုတစ်ခုခုကို လုပ်ကို လုပ်ရပါတော့မယ်။

အဲဒီတော့ ကန့်သတ်စစ်ပွဲ ဖြစ်နိုင်ပါတယ်။ ကာဆမ် ဆိုလေမာနီကို လုပ်ကြံမှုဖြစ်ပြီး မကြာခင်မှာပဲ အမေရိကန်က အရှေ့အလယ်ပိုင်းကို စစ်သား ၃၀၀၀ ပို့တဲ့သတင်းထွက်လာပါတယ်။

အီရန်ဟာ ယူအက်စ်နဲ့ စစ်မျက်နှာအကုန်ဖွင့်ပြီး တိုက်နိုင်လောက်တာမဟုတ်ပေမယ့် ပြောက်ကျားစစ်နဲ့တော့ ဒုက္ခပေးနိုင်တဲ့နိုင်ငံဖြစ်သလို သူ့ရဲ့နောက်လိုက်တွေကလည်း တစ်ခြားနိုင်ငံတွေမှာရှိနေတော့ အမေရိကန် အကျိုးစီးပွားတွေ၊ နိုင်ငံသားတွေကိုတော့ ဒုက္ခပေးတာကိုတော့ ကြားခံတွေကနေတဆင့် လုပ်နိုင်စွမ်းရှိပါတယ်။ အဖြစ်နိုင်ဆုံးကတော့ အကြမ်းဖက်အုပ်စုတွေကို အထောက်အပံ့ပေး လုပ်ခိုင်းတာမျိုးပေါ့။ အရှေ့အလယ်ပိုင်းတင်မကဘဲ အာရှ၊ ဥရောပတို့ကိုပါ သွားလုပ်တာမျိုးဖြစ်နိုင်တယ်။ ဟော်မုဇ်ရေလက်ကြားကိုဖြတ်သန်းရတဲ့ ရေနံတင်သင်္ဘောတွေကို တိုက်ခိုက်နိုင်တယ်။ 

ယူအက်စ်အနေနဲ့ကတော့ တဖက်က စူပါပါ၀ါက စူပါပါ၀ါဆိုတာကို ပြချင်နေဟန်ရှိတယ်။ အီရန်ကတိုက်ရင် အီရန်ကို အကန့်အသတ်နဲ့ ပြန်တိုက်လိမ့်မယ်။ ပင်လယ်ကွေ့က အမေရိကန်သင်္ဘောတွေ အတိုက်ခံရရင် ကမ်းရိုးတန်းက ရေနံချက်စက်ရုံတွေကို ချေမှုန်းလိမ့်မယ်။ အဆိုးဆုံးအနေအထားမှာ လျှပ်စစ်ဓာတ်အားပေးလိုင်းတွေ၊ အဓိက ပို့ဆောင်ရေးဌာနတွေ၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့ထုတ်လုပ် ဖြန့်ဖြူးရေးဌာနတွေ၊ ပိုက်လိုင်းတွေကို တိုက်ပြီး စီးပွားရေးကို ချိနဲ့အောင်လုပ်မှာပဲ။ တိုက်ပြီဆိုရင်တော့ နူကလီးယားသုတေသနဌာနတွေ၊ ထုတ်လုပ်ရေးဌာနတွေ ပါလာနိုင်တယ်။

အဲသလို အကန့်အသတ်တိုက်ကြရင်းနဲ့ ဆွေးနွေးညှိနှိုင်းမှုပေါ်လာနိုင်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly