ဗစ်တိုးရီးယား၏ ကိုယ်ရေးအချက်အလက် ထုတ်ဖော်ပြောဆိုမှု ရဲအရာရှိအချို့ကို တရားစွဲမည်

ဗစ်တိုးရီးယား၏ ကိုယ်ရေးအချက်အလက် ထုတ်ဖော်ပြောဆိုမှု ရဲအရာရှိအချို့ကို တရားစွဲမည်

နေပြည်တော်၊ ဇန်နဝါရီ ၃။         ။ ဗစ်တိုးရီးယားအမှုနှင့်  ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲတွင် ကိုယ်ရေးအချက်အလက်များကို ထုတ်ဖော်ပြောဆိုခဲ့သည့် ရဲတပ်ဖွဲ့ အရာရှိကြီး တစ်ချို့ကို ရက်ပိုင်းအတွင်း တရားစွဲဆိုသွားမည်ဟု  ဗစ်တိုးရီးယား အမှုမှန် ပေါ်ပေါက်ရေးအတွက် အမှန်တရားတောင်းဆိုမှု ကော်မတီ ထံက သိရသည်။

 နေပြည်တော်ရှိ  Wisdom Hill မူကြိုကျောင်းသူ  ဗစ္တိုးရီးယားဟု  အမည်ပေးထားသည့်  အသက်သုံးနှစ်အရွယ် ကလေးငယ်လေးတစ်ဦး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် ခံရမှုအတွက် သံသယတရားခံ အောင်ကြီးကို တရားရုံးက တရားရှင် ပြန်လွှတ်ပေးခဲ့ပြီးနောက် ၂၀၁၉ခုနှစ် ဒီဇင်ဘာ ၁၉ရက်နေ့တွင်  ရဲတပ်ဖွဲ့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရာတွင် ကလေး၏ ကိုယ်ရေးအချက်အလက်များကို ထုတ်ဖော်ပြောဆိုခဲ့ခြင်း ဖြစ်သည်။

 “အခု သေချာတာက  ကလေးသူငယ် ဥပဒေ ပုဒ်မ ၁၀၁  အရ  အမှုဆွဲမယ်။ ဒါ ကလေး သူငယ် နစ်နာစေတဲ့အတွက်၊ နောက်တစ်ခါ ဒီကလေးရဲ့ နစ်နာမှုအတွက် တရားမ ကြောင်းအရ လည်းဆွဲဖို့ရှိတယ်။ ပထမတုန်းကတော့ ၆၆(ဃ) နဲ့လည်း စွဲမယ်လို့ ရည်ရွယ်ထားတယ်။ ဒါ ပေမယ့်လည်း ဒီဉစ္စာက ဘယ်အမှုသည်ပိုပြီးတော့ သင့်တော်တယ် Reasonable  ဖြစ်မလဲပေါ့။ ဒါကို စဉ်းစားနေကြတယ်ဆိုတော့ ဒီရက်ထဲမှာ ပြောမယ်ဆိုလို့ရှိရင် ဒီအမှုနဲ့ပဲ တရားစွဲဆိုဖို့ ဆိုပြီးတော့ လွပ်လပ်သော မြန်မာနိုင်ငံ ရှေ့နေများအသင်းကို အပ်ခဲ့ပြီးပြီ။ အဲဒါကို ရှေ့နေတွေ ဆောင်ရွက်နေပြီ ဆိုတဲ့ အခြေအနေကို ကျွန်တော်တို့ ပြောရမှာပေါ့”ဟု ဗစ်တိုးရီးယား အမှုမှန် ပေါ်ပေါက်ရေးအတွက် အမှန်တရားတောင်းဆိုမှု ကော်မတီ မှ စာရေးဆရာ ဦးထင်လင်းဦးက မဇ္စျိမကို ပြောသည်။

လက်ရှိတွင်  ဗစ်တိုးရီးယား၏ အမှုမှန် ပေါ်ပေါက်ရေးအတွက် အမှန်တရားတောင်းဆိုမှု ကော်မတီက ဦးဆောင်လုပ်ပိုင်ခွင့် ပေးထားသည့်  ဦးထင်လင်းဦးကို ကလေးဖခင်က ကိုယ်စားလှယ်လွှဲစာ ပေးအပ်ထားပြီး ဖြစ်သလို  အမှုတွင် လိုက်ပါ ဆောင်ရွက်ရန် အတွက် မြန်မာနိုင်ငံလွပ်လပ်သော ရှေ့နေများအသင်းမှ  ဦးသိန်းသန်းဦးနှင့်  ဦးခင်မောင်ဇော် တို့ကို ကော်မတီက အမှုအပ်ထားကြောင်း သိရသည်။

“သူက  အဆင့်တွေ ရှိတယ်ဗျ။  အစိုးရ အရာရှိ  ဖြစ်တဲ့ အတွက်ကြောင့် သူ့ကို ခန့်နိုင် ဖြုတ်နိုင်တာက နိုင်ငံတော် သမ္မတ ပဲ ရှိတယ်။ အဲဒီတော့ နိုင်ငံတော်သမ္မတ ဆီကနေပြီးတော့ ဆန်ရှင်ဆိုတာ တောင်းရတယ်။  ရာဇဝတ်ကြောင်းဆိုရင်လေ ၁၀၁ နဲ့ဆိုလို့ရှိရင်လည်း  အဲဒါတောင်းရမယ်။ အဲ့ဒီ ဆန်ရှင်ရမှ သူ့ကို တရားစွဲလို့ရမှာ” ဟု တရားလွှတ်တော် ရှေ့နေ ဦးခင်မောင်ဇော်က ရဲအရာရှိကြီးများအပေါ် တရားစွဲဆိုနိုင်ခြင်းနဲ့ ပတ်သက်ပြီး မဇ္စျိမကို ပြောသည်။

 ရဲတပ်ဖွဲ့ဝင် အရာရှိကြီးအချို့ကို လာမည့်  ရုံးဖွင့်ရက်အတွင်း အမြန်ဆုံး တရားစွဲဆို သွားမည် ဖြစ်သော်လည်း  တရားရုံးလုပ်ငန်းစဉ်များအတွက် ကလေး၏မိဘ၊ ဥပဒေပညာရှင်များနှင့်  ကော်မတီ တာဝန်ရှိသူများ  ရက်ပိုင်းအတွင်းထပ်မံတွေ့ဆုံရန် ရှိကြောင်း သိရသည်။

 “ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ကတောင် မှ သူတို့ပြောခဲ့တာသည် ဒီလို ငြိစွန်းနေပါတယ်လို့ ထုတ်ပြန် ထားပြီးပြီ။ ဒါဟာ ဉပဒေကို ချိုးဖောက်တယ်ဆိုတာလည်း သေချာသွားပြီ ။ ဒါဆိုရင် မီးခိုးထွက်လာရင် မီးပုံရှိရမယ်။ အဲ့ဒီမီးပုံက ဘယ်မှာလဲ ။ ဘယ်သူလဲ ကျွန်တော်တို့ ဒါကိုရအောင် ရှာရမယ်။ အဲ့လို မဟုတ်ပဲနဲ့ မီးခိုးထွက်တာတော့ တွေ့တယ် မီးပုံတော့ ရအောင် မရှာနိုင်ရင်တော့ ကျွန်တော်တို့ နိုင်ငံရဲ့ တရားဉပဒေ စိုးမိုးမှုက ဘယ်တော့မှ ပြန်ပြီးအသက်ဝင်လာမှာ မဟုတ်ဘူး”ဟု ဦးထင်လင်းဦးက ပြောသည်။

ဗစ်တိုးရီးယား၏  အမှုမှန် ပေါ်ပေါက်ရေးအတွက် အမှန်တရားတောင်းဆိုမှု ကော်မတီတွင်  ဥပဒေပညာရှင်များ စီးပွားရေးလုပ်ငန်းရှင်အပါအဝင် နယ်ပယ်အသီးသီးမှ အဖွဲ့ဝင် ၇၀ ကျော်ရှိနေပြီး တရားရုံးလုပ်ငန်းစဉ်အပါအဝင် အသုံးစားရိတ်အတွက်လည်း ကော်မတီဝင်များ၏  ထည့်ဝင်ငွေများနှင့်သာ  ကျခံသုံးစွဲသွားမည်ဟု သိရသည်။

ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ပုဒ်မ ၉၆ (ဃ) ပါ ပြဌာန်းချက်များကို ဖောက်ဖျက်လျှင် ထောင်ဒဏ် အနည်းဆုံးလေးလမှ အများဆုံး တစ်နှစ်ထိ ဖြစ်စေ၊ အနည်းဆုံး ကျပ်လေးသိန်းမှ အများဆုံး ကျပ်ခြောက်သိန်းအထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်ရမည်ဟု ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ပုဒ်မ ၁၀၁(က)တွင် ပြဌာန်းထားသည်။

ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေ ပုဒ်မ ၉၆ (ဃ) တွင်  မည်သူမျှ ပြစ်မှုကျူးလွန်ကြောင်း စွပ်စွဲခံရသော ကလေးသူငယ် သို့မဟုတ် မှုခင်းတွင် သက်သေ အဖြစ်ပါဝင်သော  ကလေးသူငယ်သည်  မည်သူ မည်ဝါဖြစ်ကြောင်းနှင့်  မှုခင်းသတင်းအချက်အလက်များရယူြခင်း၊ ထည့်သွင်းခြင်းနှင့်  ကြော်ငြာခြင်း၊ ကလေးသူငယ်ကို ဓာတ်ပုံရိုက်ခြင်း၊ သတင်းစာ ၊ မဂ္ဂဇင်း ဂျာနယ် နှင့်  စာအုပ်စာတမ်းများတွင်  ထည့်သွင်းခြင်း၊ ဖြန့်ချိခြင်း၊ အသုံးပြုခြင်း မပြုရ သို့မဟုတ် ရေဒီယို ရုပ်မြင်သံကြားနှင့် လူမှုဆက်သွယ်ရေးနည်းလမ်းများတွင် ထုတ်လွှင့်ခြင်းမပြုရဟု ပြဌာန်းထားခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required