ဇန်နဝါရီ ၃ ရက် ။ ။ လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒနယ်အားလုံး ၏ ၄၀ ရာခိုင်နှုန်း ကနေ ၅၀ ရာခိုင်နှုန်းအထိ အနိုင်ရရန် မျော်မှန်း ထားကြောင်း ပြည်သူ့ကောင်းကျိုးဆောင်ပါတီ ၊ ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက ပြောသည်။
လာမယ့်၂၀၂၀ရွေးကောက်ပွဲတွင် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီက ဘယ်လောက်အတိုင်းအတာအထိအနိုင်ရရှိရန် မျော်လင့်ထားသလဲဆိုတာ မီဒီယာများက မေးမြန်းရာမှာ“ မိမိတို့အနေဖြင့် လက်ရှိ ၂၀၂၀ ရွေးကောက်ပွဲမှာ ၄၀ ရာခိုင်နှုန်း ၊ ၅၀ ရာခိုင်နှုန်း ရရှိနိုင်မယ်လို့ မျှော်လင့်ထားပါတယ် “ ဟု သူရ ဦးရွှေမန်းက ပြောသည်။
ဇန်နဝါရီလ ၃ ရက်နေ့ ၊ မြောက်ဥက္ကလာပမြို့နယ် ၊ မြို့တော်ခန်းမမှာ ပြုလုပ်သော ပြည်ထောင်စု ကောင်းကျိုးဆောင် ပါတီ( UBP) ရဲ. ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ( ၁၄ ) မြို့နယ်ပါတီများ တွေ့ဆုံပွဲမှာ သတင်းမီဒီယာ များနှင့် တွေ့ဆုံစဉ် ပြောဆိုလိုက်ခြင်း ဖြစ်သည်။
လာမည့် ရွေးကောက်ပွဲတွင် UBP ပါတီအနေဖြင့် အနိုင်ရရှိပါက ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံနှင့် ဆီလျော်လိုက်ဖက်သည့် ဖွဲ့စည်းပုံတစ်ရပ်ဖြစ်ပေါ်ရေးကို ကြိုးစားသွားမည်ဖြစ်ကြောင်း သူရရွှေမန်းက ပြောသည်။
“ ပါတီအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ပတ်သက်ပြီးတော့ မြန်မာနိုင်ငံနဲ့ ဆီလျော်လိုက်ဖက်တဲ့ဖွဲ့စည်းပုံဥပဒေတစ်ရပ် ဖြစ်ပေါ်ရေးကို ကြိုးစားသွားမယ်လို့ ပြောချင်ပါတယ် “ ဟု ၎င်း က ဆိုသည်။
ပါတီစတည်ထောင်သည့် ၈ လတာ ကာလအတွင်း ပါတီဝင်အင်အား ငါးသိန်းခန့်ရှိနေပြီး လက်ရှိတွင် ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်း ရွေးချယ်မှုကိုလည်း စတင်နေပြီဖြစ်ကြောင်း သိရသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်များမှာ မြို့နယ်ပေါင်း ၃၃၀ ကျော် ရှိသည့် အနက် မြို့နယ် ၂၄၀ မှ ဝင်ရောက်ယှဉ်ပြိုင်သွားရန် ပြင်ဆင်ထားကြောင်း သိရသည်။
“ ပြည်နယ်မှာ ရှိတဲ့ တိုင်းရင်းသားပါတီတွေကိုတော့ ဦးစားပေးမှာ ဖြစ်တယ်။ ကျွန်တော်တို့က ပြည်သူ့လွှတ်တော်နေရာပေါင်း ၂၄၀ ဆိုတာ တစ်နိုင်ငံလုံးမှာ တစ်ကယ်တမ်းကျတော့ ပြည်သူ့လွှတ်တော်နေရာ ၃၃၀ ရှိပါတယ်။ အဲ့ဒီ ၃၃၀ နေရာမှ ကျန်တဲ့ တိုင်းရင်းသားတွေကို ဦးစားပေး တာဖြစ်တဲ့အတွက် ကျွန်တော်တို့ က ၂၄၀ လောက် ဝင်ပြိုင်မယ် “ ဟု ပါတီအကြံပေးဖြစ်သူ ဦးခင်မောင်ရည်က ပြောသည်။
လက်ရှိတော့ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ပေါင်း ၄၅ မြို့နယ်အနက် ၄၄ မြို့နယ်မှ မှာ ပါတီရုံးခွဲများ ဖွင့်လှစ်ထားကြောင်း သိရသည်။