ရုပ်ရှင်သရုပ်ဆောင် မေသန်းနု အလုပ်နှင့် ထောင်ဒဏ် ၁ နှစ်ကျခံရခြင်းကို စိတ်မကောင်းလို့ မျက်ရည်ကျခဲ့ရတယ်လို့ တရားစွဲခဲ့သူဆို

ရုပ်ရှင်သရုပ်ဆောင် မေသန်းနု အလုပ်နှင့် ထောင်ဒဏ် ၁ နှစ်ကျခံရခြင်းကို စိတ်မကောင်းလို့ မျက်ရည်ကျခဲ့ရတယ်လို့ တရားစွဲခဲ့သူဆို
ဓာတ်ပုံ- မေသန်းနု( ဖေ့စ်ဘွတ်ပေ့)

ရန်ကုန်၊ ဇန်နဝါရီ ၃  ။                    ။ ရုပ်ရှင် သရုပ်ဆောင် အကယ်ဒမီ မေသန်းနုကို ရန်ကင်းမြို့နယ် တရားရုံးက အလုပ်နှင့် ထောင်ဒဏ် တစ်နှစ် ချမှတ်ခဲ့ခြင်းအပေါ် အလွန်စိတ်မကောင်းဖြစ်မိပြီးမျက်ရည်ကျခဲ့ရကြောင်း တရားစွဲဆိုခဲ့သူ ဒေါ်စန်းစန်းမြင့်က ပြောသည်။

 တရားစွဲဆိုခဲ့သူ ဒေါ်စန်းစန်းမြင့်က “သူ့ကိုလည်း အရမ်းချစ်တယ်လေ အန်တီတို့က အနှစ်သုံးဆယ်လောက် ခင်လာခဲ့တာ ဒီလိုမျိုးဖြစ်သွားတာကို ရင်ထဲလည်းမကောင်းဘူး၊ အဲ့ဒီနေ့ကလည်း မျက်ရည်တွေကျတယ်” ဟုတရားလို ဖြစ်သူ ဒေါ်စန်းစန်းမြင့်က ဆိုသည်။

ဒေါ်စန်းစန်းမြင့်ထံမှ ငွေ ကျပ်သိန်း(၁၂၀၀)ကို ငွေကြေးလိမ်လည်မှု ပုဒ်မ ၄၂၀ နှင့် ရန်ကင်းမြို့နယ် တရားရုံးက ဇန်နဝါရီလ ၂ရက်နေ့က ထောင်ဒဏ်တစ်နှစ်ချမှတ်ခဲ့ပြီး အင်းစိန်ထောင်သို့ ပို့ဆောင်ထားကြောင်း သိရသည်။

တရားလိုဖြစ်သူ ဒေါ်စန်းစန်းမြင့်နှင့် ရုပ်ရှင်သရုပ်ဆောင် မေသန်းနုတို့ ခင်မင်ရင်းနှီးခဲ့သည်မှာ အနှစ်(၃၀)ခန့်ရှိပြီး အဆိုပါ ငွေကျပ်သိန်း(၁၂၀၀)ကို ချေးယူပြီး ပြန်မဆပ်သောကြောင့် ယခုကဲ့သို့ တရားစွဲဆိုခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါအမှုကို ၂၀၁၆ခုနှစ်ကတည်းက ရင်ဆိုင်ခဲ့ရပြီး အကယ်ဒမီ မေသန်းနု ခင်မင်ရင်းနှီးလာသည်မှာ အချိန်ကြာပြီဖြစ်သောကြောင့် အလွန်စိတ်မကောင်းဖြစ်မိကြောင်း ၎င်းကဆိုသည်။

ရုပ်ရှင် သရုပ်ဆောင် မေသန်းနု၏ ခင်ပွန်းဟောင်းဖြစ်သူ စင်ရော်မောင်မောင်ကလည်း “ကျွန်တော်၏ သားဖြစ်သူအတွက် သား၏မိခင်နှင့်ပတ်သတရျ် ရင်နှင့်အမျှ သားရော ကျွန်တော်ရော ခံစားမိပါတယ်။ သို့ဖြစ်ပါ၍ လိုအပ်သော အချိန်ကျမှသာလျှင် မီဒီယာများနှင့် ကျွန်တော်တို့ သားအဖနှစ်ယောက် တွေ့ဆုံမည် ဖြစ်ပါသည်။ ယခုအချိန်တွင် သားဖြစ်သူ၏ မိခင်အတွက် ကျွန်တော်အကောင်းဆုံးကြိုးစားလျက် ရှိပါကြောင်း မေတ္တာရပ်ခံအပ်ပါသည်”ဟု ဇန်နဝါရီလ ၂ရက်၊ ညနေ ၅နာရီခန့်က ၎င်း၏ လူမှုကွန်ရက် စာမျက်နှာမှာ ရေးသားထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly