ရီးယဲလ်မက်ဒရစ်အသင်းရဲ့ တစ်နှစ်တာအကောင်းဆုံးလုပ်သားအဖြစ် သတ်မှတ်ခံရတဲ့ ဘန်ဇီမာ

ရီးယဲလ်မက်ဒရစ်အသင်းရဲ့ တစ်နှစ်တာအကောင်းဆုံးလုပ်သားအဖြစ် သတ်မှတ်ခံရတဲ့ ဘန်ဇီမာ

ဒီရာသီမှာ ရီးယဲလ်မက်ဒရစ်အတွက် ဂိုးအများဆုံးသွင်းယူပေးထားတဲ့ ပြင်သစ်တိုက်စစ်မှူး ဘန်ဇီမာဟာ ၂၀၁၉ ခုနှစ်အတွက် ရီးယဲလ်မက်ဒရစ်အသင်းရဲ့ တစ်နှစ်တာအကောင်းဆုံးလုပ်သားအဖြစ် သတ်မှတ်ခံခဲ့ရတယ်လို့ Marca သတင်းက ဖော်ပြထားပါတယ်။

ဘန်ဇီမာဟာ ၂၀၁၉ ခုနှစ်အတွင်းမှာ ရီးယဲလ်အသင်းအတွက် သွင်းဂိုး (၃၅)ဂိုး ရှိပြီး ဥရောပမှာ သူ့ထက် ဂိုးပိုသွင်းနိုင်ခဲ့သူတွေကတော့ လီဝန်ဒေါစကီး (၄၈ ဂိုး)၊ မက်ဆီ (၄၅ ဂိုး)၊ ဘာပေ (၃၉ ဂိုး)တို့သာ ရှိခဲ့ပါတယ်။

ဘန်ဇီမာဟာ ၂၀၁၈ နွေရာသီက ခရစ္စတီယာနို ရော်နယ်လ်ဒို အသင်းကနေ ထွက်ခွားပြီးနောက်ပိုင်း အသင်းဖော်ဟောင်းရဲ့ နေရာကို အဓိက အစားထိုးဝင်ရောက်နိုင်ခဲ့တဲ့ ကစားသမားလည်းဖြစ်ပါတယ်။

ဒါ့အပြင် အသက် ၃၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ပြင်သစ်ကစားသမားဟာ ၂၀၁၉ ခုနှစ်အတွင်း သူ့ရဲ့အသင်းဖော်အားလုံးထက် ပွဲချိန်ပိုမိုကစားခွင့်ရခဲ့ပါတယ်။

ဘန်ဇီမာဟာ စုစုပေါင် ပွဲချိန် (၄,၂၂၂)မိနစ်နဲ့ သူ့ရဲ့အသင်းဖော် ဗာရန်း (၃,၉၄၀ မိနစ်)၊ ကက်စမဲရိုး (၃,၉၁၀ မိနစ်)တို့ကို ကျော်ဖြတ်ကာ ကစားခဲ့ပါတယ်။

ပြင်သစ်တိုက်စစ်မှူးဟာ ကလပ်အသင်းရဲ့ (၁၁၇)နှစ်တာကာလအတင်း ပထမဆုံးအကြိမ်အဖြစ် (၈)ပွဲဆက်ဂိုးသွင်းနိုင်တဲ့ တစ်ဦးတည်းသော ကစားသမားလည်းဖြစ်လာခဲ့ပါတယ်။

"ဘာတွေပြောင်းလဲသွားခဲ့သလဲဆိုတော့ သွင်းဂိုးပမာဏတွပေါ့။" ဘန်ဇီမာက ပြောပါတယ်။

"ကျနော်ကိုယ်တိုင် ယုံကြည်မှု အများကြီးရှိလာပြီး အသင်းဖော်တွေရဲ့ အကူအညီတွေက အဓိကဖြစ်ပါတယ်။

"ကျနော် အမှတ်ပေးချန်ပီယံဆုကိုလည်း ယူပေးချင်ပါတယ်။"

ဘန်ဇီမာဟာ ဒီရာသီမှာ ရီးယဲလ်အသင်းအတွက် ပြိုင်ပွဲစုံမှာ (၁၆)ဂိုးသွင်းယူထားပြီး ဒီထဲက (၁၂)ဂိုးကတော့ လာလီဂါပြိုင်ပွဲကနေ ရရှိထားတာဖြစ်ပါတယ်။

ရီးယဲလ်မက်ဒရစ်မှာ သူ့ရဲ့ (၁၁)ကြိမ်မြောက် ရာသီဖြစ်ပြီး ကစားသမားဘဝမှာ ပထမဆုံးအကြိမ်အဖြစ် သူဟာ အသင်းရဲ့ သွင်းဂိုးတွေရဲ့ (၅၀)ရာခိုင်နှုန်းကို ပံ့ပိုးပေးထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly