အခက်ပွေတဲ့ ဒေါ်ဆိုရှေ့ ကျေးရွာ

By စောသန်းထိုက်ဦး
03 January 2020
အခက်ပွေတဲ့ ဒေါ်ဆိုရှေ့ ကျေးရွာ
 ဒေါဆိုရှေ့ကျေးရွာတွင်ရှိသော လူဦးရေးစာရင်း ဆိုင်းဘုတ်ကို တွေ့ရစဉ်

ဇန်နဝါရီ ၃ ။              ။ ရွာထဲကို ဝင်လိုက်တာနဲ့ မြေနီလမ်းကလေး နှစ်ဖက်စလုံးမှာ ပျဉ်ထောင်ကာ ပျဉ်ခင်း၊ တိုက်ပုကလေး တွေ ဆောက်လုပ်ထားတာ မြင်တွေ့ရပေမယ့် အဲဒီမှာနေထိုင်ကြတဲ့ ရွာသားတွေကတော့ တိတ်ဆိတ်နေ တာ သတိထား မိပါတယ်။

အဲဒီရွာကလေးကတော့ ကယားပြည်နယ် ဒေါဆိုရှေ့ကျေးရွာ ဖြစ်ပြီး ဒီးမော့ဆိုမြို့နယ်ထဲမှာ ရှိတာပါ။

ရွာရဲ့ လမ်းထောင့် တစ်နေရာ အရောက်မှာတော့ ဒေါဆိုရှေ့ကျေးရွာမှာ အိမ်ခြေ ၂၇ လုံး လူဦးရေ စုစု ပေါင်း ၁၁၂ ယောက် ရှိတယ်ဆိုပြီး ဆိုင်းဘုတ် အပြာရောင် စာသား အဖြူရောင်ကလေးနဲ့ ရေးဆွဲထား တာ တွေ့ပါသေးတယ်။

ဒေသခံ ရွာသားတွေကတော့ ဒေသအခြေစိုက်အမြောက်တပ် အမှတ် ၃၆၀ အမြှောက်တပ်ရင်း အနီး အနားမှာ ပြောင်း၊ ကောက်ပဲ သီးနှံနဲ့စပါး တွေကို အဓိကထားပြီး လုပ်ကိုင် နေကြတာ ဖြစ်ပါတယ်။

ဒီရွာက အိမ်ထောင်စုဝင် တချို့ကတော့ ရွာထဲမှာ မရှိကြပါဘူး။ ဘာကြောင့်ဆိုတော့ အိမ်ထောင်စုဝင် ၁၉ ယောက်ကို အမြောက်တပ်ရင်း အမှတ် ၃၆၀ က တရားစွဲဆိုထားတာကြောင့်ပါ။

ရာဇဝတ်မှုမကင်းသော ကျော်နင်းမှုဆိုတဲ့ စွဲဆိုချက်နဲ့ ဒေါဆိုရှေ့ တောင်သူတွေကို ပိုက်နက် ကျူးလွန်မှု ပုဒ်မ ၄၄၇၊ ပြည်သူပိုင် ပစ္စည်း ဖျက်ဆီးမူ ပုဒ်မ ၆/၁ နဲ့ တရား စွဲဆိုတာဖြစ်တယ်။

၂၀၁၉ ခုနွစ် ဇူလိုင်လ ၂၂ ရက်နေ့က စပြီး တရားစွဲဆိုခံခဲ့ရတာပါ။ ရုံးချိန်း သုံးကြိမ်မြောက်နောက်ပိုင်း ပုဒ်မ ၆/၁ နဲ့ တရားစွဲဆိုခံထားရသူ တောင်သူကိုဦးဟာ ထောင်တွင်းကနေ တရားရင်ဆိုင်ရပါတယ်။ အခုဆိုရင် ရုံးချိန်း အကြိမ် ၃၀ လောက်ရှိပါပြီ။

အသက် ၆၀ အရွယ် ဒေါ်ပါစကွီးနာ နေအိမ်ကို ရောက်သွား ချိန်မှာ တော့  ရွာထဲကတောင်သူတွေ တရားစွဲဆိုခံရတဲ့ အကြောင်း ပိုမိုသိရှိရပါတယ်။ ဒေါ်ပါစကွီးနာဟာ တပ်မတော်က တရားစွဲဆိုထားတဲ့ ဦးပါစကွာလယ်ရဲ့ ဇနီးဖြစ်သလို ခူးရီ ၊ ကျော်ကျော်၊ မာတီးယာ တို့ရဲ့ မိခင်လည်း ဖြစ်ပါတယ်။ 

“စပါးရိတ်တာက စက်နဲ့ ရိတ်ပါတယ်။ ဒါပေမယ့် စပါးအိတ် ထမ်းတာကတော့ တခြား အနီးအနား ရွာက ဆွေမျိုးတွေကို ခိုင်းရတာပေါ့။ ရွာထဲမှာလည်း လူတွေ မရှိတော့ဘူး။ သားတွေလည်း အကုန်အဖမ်းခံရ ကုန်ပြီး” လို့ ဒေါ်ပါစကြီးနာက ပြောပါတယ်။

“ကျွန်မတို့ကို သနား ကိုယ်ချင်းစာပြီး အချုပ်ထဲမှာ‌နေတဲ့ သားအဖတွေကို အကုန် ပြန်လွတ်ပေးဖို့ ပြောချင် ပါတယ်” လို့ သူက ဆက် ပြောပါတယ်။

ထောင်တွင်းတရားရင်ဆိုင်နေတဲ့ သားခူရီရဲ့ဇနီးကပဲ အားလုံးကို သွားရောက်တွေ့ဆုံပြီး အစားအသောက်နဲ့ ဆေးဝါးတွေကို ပို့ပေးရပါတယ်။

အဖမ်းခံရသူတွေရဲ့ သားသမီးတွေဟာ လသားအရွယ်ကနေ ကျောင်းနေအရွယ် ကလေးငယ်တွေ ကိုယ်စီရှိကြပါတယ်။ ဖခင်ဖြစ်သူတွေက တရားရင်ဆိုင်နေရပြီး မိခင်က စားဝတ်နေရေးအတွက် ရုန်းကန်နေရတာကြောင့် ကျောင်းနေတဲ့အရွယ် ကလေးတွေက ကျောင်းထွက်ဖို့ထိ မိခင်ကို တောင်းဆိုလာကြပါတယ်။

ကရင်နီပြည်တောင်သူလယ်သမားသမဂ္ဂ ဥက္ကဋ္ဌ ခူးတူရယ်က “ တဖက်မှာလည်း ထောင်ကျတယ် တဖက် မှာလည်း မြေတွေရှုံးသွားတယ်။ ကလေးပညာရေးမှာလည်း ထပ်ပြီး ရှုံးဆုံးမယ် ဆိုတော့ နစ်နာမှုဟာ အရမ်းကြီးမှားလွန်တယ်”လို့ ပြောပါတယ်။

သူအနေနဲ့ ရွာထဲက ကျောင်းသားတွေကို ဘယ်လို အခြေအနေပဲ ရောက်ရောက် ကျောင်းမထွက်ကြဖို့ တိုက်တွန်းထားတယ်လို့ ဆိုပါတယ်။ 

လယ်ယာမြေ အငြင်းပွားတာနဲ့ပတ်သက်ပြီးတော့ အစိုးတပ်က တာဝန်ရှိသူ တချို့တရားလိုပြုလုပ်ပြီး ၂၀၁၉ ခုနှစ် ဇူလိုင်လကနေ  အောက်တိုဘာလ အထိ တောင်သူတချို့ကို ပုဒ်မတူ တခုတည်းနဲ့ လေး ကြိမ်အထိ တရားစွဲဆို ခံနေရသူတွေ ရှိပါတယ်။

အကြိမ်ကြိမ် တရားစွဲဆို ခံရသူတွေထဲမှာဆိုရင် အသက် ၆၀ အရွယ် ဦးပါစကွာလယ်လည်း ပါဝင်နေပါ တယ်။

“တောင်သူ လယ်သမားတွေ လုံးဝ အမှား ကင်းပါတယ်လို့ ကျနော်တို့ ပြောဖို့ခက်တယ်။ ဒါပေမယ့်လို့ ကျနော်တို့ရဲ့ စိုးရိမ်ပူပန်မှု ရှင်သန်ရပ်တည်ဖို့ အတွက် ပြောမှား ဆိုမှားတွေ ရှိလာတယ်။  ရှိလာတဲ့ အပေါ်မှာ စစ်တပ်က အဲဒီအမှားကို ထောက်ပြီး တော့ တောင်သူတွေကို တရားစွဲဆိုတယ်လို့ ကျနော်မြင်တယ်” ခူးတူရယ်က ပြောပါတယ်။

အစိုးရ စစ်တပ်နဲ့ ဒေါဆိုရှေ့ကျေးရွာ တောင်သူတွေကြား အငြင်းပွားနေတဲ့ မြေဧက ၂၀၀ ခန့်ရှိတယ် လို့ သိရပြီး ယခင်အစိုး ရလက်ထက် ၁၉၈၇ ခုနှစ်လောက်က ရွာတည်ပြီး တောင်ယာ လုပ်ကိုင်ခဲ့ဖူးတဲ့ အကြောင်း ခူးတူရယ်က ပြန်ရှင်းပြပါတယ်။

အဲဒီနောက်ပိုင်းမှာ နယ်မြေအေးချမ်းမှု မရှိတဲ့အတွက် ယခုလက်ရှိ နေထိုင်တဲ့ ဒေါဆိုရှေ့ ကျေး ရွာကို ပြောင်းရွှေ့နေထိုင်ခဲ့ကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ကယားပြည်နယ် အတွင်းမှာ လယ်ယာမြေ ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ ကိစ္စရပ်နဲ့ ပတ်သက်ပြီး ၂၀၁၇ ခုနှစ်မှာ ၄၁ မှု၊ ၂၀၁၈ ခုနှစ်မှာ ၈၀ မှုနဲ့ ၂၀၁၉ ခု နိုဝင်ဘာလ ၂၀ ရက်နေ့အထိ ၉၇ မှု ရှိတယ်လို့ ကယား ပြည်နယ် လွှတ်တော်၊ တိုင်စာပစ်စာ လေ့လာဆန်းစစ်ရေးအဖွဲ့မှ သိရှိရပါတယ်။

ဒါ့အပြင် လက်ရှိ တရားစွဲဆိုခံနေရတဲ့ ဒီးမော့ဆိုမြို့နယ် ဒေါဆို ရှေ့ ကျေးရွာ မြေယာကိစ္စမှာ အစော ပိုင်း က တိုင်စာပစ်စာအဖွဲ့ကိုတိုင်ကြားလာတာရှိပြီး အဖွဲ့အနေနဲ့ ညှိနှိုင်း ပေးခဲ့ပေမယ့် အဆင်မပြေခဲ့ ဘူးလို့ သိရပါတယ်။
လက်တလော သတင်းတွေအရ လွိုင်ကော်မြိုနယ်နဲ့ ဒီးမော့ဆိုမြို့နယ်က နယ်မြေအငြင်ပွားမှု ပြသနာ ကြောင့် တောင်သူတွေကို တပ်မတော်က စွဲဆိုခံထားသူ ပေါင်း ၄၁ ယောက် ရှိပြီး ဖြစ်တယ်လို့ ကရင်နီ ပြည် တောင်သူလယ်သမား သမဂ္ဂ ဆီကနေ သိရပါတယ်။

ဒေါ်ပါစကွီးနာကတော့ လက်တလော ထောင်ထဲမှာ အမှု ရင်ဆိုင်နေရတဲ့ မိသား စုဝင် ပြန်လွတ်လာဖို့ နဲ့ လာမယ့် ၂၀၂၀ ခုနှစ်ထဲမှာ လယ်ယာမြေတွေရဖို့ မျှော်လင့် စောင့်ဆိုင်းနေပါတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly