ဆေးဝါးဆိုင်ရာ ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ကို (၂၀၂၀)ခုနှစ်အတွင်း အကောင်အထည်ဖော်မည်

By ဆုမြတ်မေဇော်၊ မီမြာ
02 January 2020
ဆေးဝါးဆိုင်ရာ ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ကို (၂၀၂၀)ခုနှစ်အတွင်း အကောင်အထည်ဖော်မည်

ရန်ကုန်၊ ဇန်နဝါရီ ၂ ။           ။ ဆေးဝါးဆိုင်ရာ လုပ်ငန်းများအတွက် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် မှတ်ပုံတင်နိုင်ရန် ၂၀၂၀ခုနှစ်အတွင်း အကောင်အထည်ဖော်သွားမည်ဟု ပညာရေးဝန်ကြီးဌာနလက်အောက်ရှိ မူပိုင်ခွင့်ဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဒေါ်မိုးမိုးသွယ်က ဆိုသည်။

မြန်မာနိုင်ငံအနေနဲ့ ကမ္ဘာ့ညဏပစ္စည်းဆိုင်ရာ အဖွဲ့(WIPO)မှာ (၂၀၀၁)ခုနှစ်မှာ ဝင်ရောက်ခဲ့ခြင်းကြောင့် ယခုကဲ့သို့ မူပိုင်ခွင့်ဥပဒေများကို လိုက်နာဆောင်ရွက်ရခြင်း ဖြစ်ကြောင်း ဒေါက်တာ ဒေါ်မိုးမိုးသွယ်ကဆိုသည်။

“လက်ရှိကုန်အမှတ်တံဆိပ်ပိုင်ရှင်တွေဟာဆိုရင် အခုမြန်မာနိုင်ငံရဲ့ဈေး ကွက်ထဲမှာ first to use systemကို အသုံးပြုနေတယ် ကုန်ပစ္စည်းအတွက်ကော သုံးစွဲသူအတွက်ကော ကာကွယ်မှုမရှိဘူး အခု မူပိုင်ခွင့်ဥပဒေမှာတော့ အသုံးပြုတဲ့သူတွေကြား ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်နဲ့ပတ်သက်ပြီး အငြင်းပွားမှုတွေပေါ်လာမယ်ဆိုရင်ေတာ့ ဦးစွာ အသုံးပြုတဲ့လူက အခွင့်အရေးပိုရရှိမှာ ဖြစ်ပါတယ်”ဟု ဒေါ်မိုးမိုးသွယ်ကဆိုသည်။

လက်ရှိ စျေးကွက်တွင် ရှိနေသော ဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းများအနေဖြင့်  ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ကို ကမ္ဘာ့ညဏပစ္စည်းဆိုင်ရာ အဖွဲ့၏  Ipass online စနစ်နှင့် အွန်လိုင်းမှတ်ပုံတင်မှုကို လက်ခံသွားမည် ဖြစ်ပြီး အဆိုပါစနစ်နှင့် အကျွမ်းတဝင် မရှိသေးသောသူများအတွက် မူပိုင်ခွင့်ရုံးရှိ လက်ခံကောင်တာများတွင် ကူညီဆောင်ရွက်ပေးသွားမည်ဟု သိရသည်။

AIDS ဝေဒနာရှင်များ တစ်သက်စာ သောက်သုံးရသည့် ARTဆေးဝါးများကိုမူ တီထွင်မှုမူပိုင်ခွင့်ဥပဒေအရ (၂၀၃၃)ခုနှစ်အထိ မူပိုင်ခွင့်တင်ရန် ဖြေလျော့ပေးထားသည်။

မြန်မာနိုင်ငံရှိ ဆေးဝါးများ၏ (၈၅)ရာခိုင်နှုန်းမှာ ပြည်ပမှာ တင်သွင်းနေရပြီး မူပိုင်ခွင့်ဥပဒေပေါ်ပေါက်လာတဲ့အခါ  ပြည်တွင်းမှာရှိသည့် နိုင်ငံသားပိုင် ဆေးဝါးနှင့် ပတ်သတ်သည့် ကုန်ပစ္စည်းများလည်း ပိုမိုစျေးကွက်တွင်ကျယ်လာနိုင်သည်ဟု မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးဇော်မိုးခိုင်က ဆိုသည်။

“Brandမူပိုင်ခွင့်က လက်ရှိမှာတော့ ဥပဒေသီးသန့်တစ်ရပ်ရယ်လို့တော့မရှိသေးဘူး အခုမှစပြီးပြဋ္ဌာန်းထားတာပေါ့လေ ။ နိုင်ငံတကာမူပိုင်ခွင့်ဥပဒေတွေရှိလာတဲ့အခါမှာစျေးကွက်တွေမှာ ကိုယ့်brandတည်ဆောက်တဲ့အခါမှာ မိမိတည်ဆောက်တဲ့ brandကို အကာအကွယ်တွေလည်းပိုုမိုရရှိလာမှာ ဖြစ်ပါတယ်”ဟု ဦးဇော်မိုးခိုင်က ဆိုသည်။

လက်ရှိမှာ ပြည်ထောင်စုလွှတ်တော်က ၂၀၁၉ ခုနှစ်အတွင်း စက်မှုဒီဇိုင်း မူပိုင်ခွင့် ဥပဒေ၊ ကုန်အမှတ်တံဆိပ် မူပိုင်ခွင့် ဥပဒေ၊ တီထွင်မှု မူပိုင်ခွင့် ဥပဒေ၊ စာပေနှင့် အနုပညာ မူပိုင်ခွင့် ဥပဒေကို အတည်ပြုထားပြီး ၂၀၂၀နှစ်ဆန်းပိုင်းမှာ မူပိုင်ခွင့်ရုံးတွေကို ဖွင့်လှစ်နိုင်ဖို့ ဆောင်ရွက်သွားမယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ဆေးလုပ်ငန်း စျေးကွက်အတွင်း မျှတသော ယှဉ်ပြိုင်မှုစနစ်ကို အကောင်အထည်ဖော်နိုင်ရေးနှင့် စားသုံးသူတွေအတွက် အတုအပကင်းကာ ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် ကုန်အမှတ်တံဆိပ် မူပိုင်ခွင့် အမြန်ဆုံး အကောင်အထည်ဖော်နိုင်ရန် ဆေးဝါးဆိုင်ရာ လုပ်ငန်းရှင်များက မျှော်လင့်နေကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly