ဟောင်ကောင်တွင် နှစ်သစ်ကူးနေ့ ဒီမိုကရေစီထောက်ခံသူ တစ်သန်းကျော် စုဝေးဆန္ဒပြ

ဟောင်ကောင်တွင် နှစ်သစ်ကူးနေ့ ဒီမိုကရေစီထောက်ခံသူ တစ်သန်းကျော် စုဝေးဆန္ဒပြ

ဟောင်ကောင်၊ ဇန်နဝါရီ  ၂ ။                     ။ ဟောင်ကောင်တွင် ဇန်နဝါရီ ၁ ရက် နှစ်သစ်ကူးနေ့က ဒီမိုကရေစီထောက်ခံသူ တစ်သန်းကျော်သည် ၎င်းတို့၏ လှုပ်ရှားမှုအဟုန်ကို ၂၀၂၀ သို့ သယ်ဆောင်သွားမည်ဟူသည့် ရည်ရွယ်ချက်ဖြင့် စုဝေးဆန္ဒပြခဲ့ပြီး ရဲများနှင့် ပဋိပက္ခဖြစ်ပွားခဲ့ကာ ဆန္ဒပြသူ ၁၀၀ ကျော် ဖမ်းဆီးထိန်းသိမ်းခံရသည်။

ဆန္ဒပြသူများသည် အာဏာပိုင်များ၏ခွင့်ပြုချက်ဖြင့် လူစည်ကားရာမြို့လယ်ခေါင်၌ အစပိုင်းတွင် ငြိမ်းချမ်းစွာဆန္ဒပြနေခဲ့ကြပြီး နာရီပိုင်းအကြာတွင် ရဲများနှင့်ပဋိပက္ခဖြစ်ပွားကာ အကြမ်းဖက်မှုအသွင်ပြောင်းသွားခဲ့ခြင်း ဖြစ်သည်။

အဓိကရုဏ်းနှိမ်နင်းရေးရဲများသည် ငရုတ်ရည်ဖြန်းဆေးများ၊ မျက်ရည်ယိုဗုံးများ၊ မီးသတ်ရေပိုက်များဖြင့် နှိမ်နင်းကာ လူစုခွဲခဲ့သလို ဆန္ဒပြသူများကလည်း ဓာတ်ဆီဗုံးများဖြင့် ပစ်ပေါက်ခြင်း၊ ယာယီအတားအဆီးများဖြင့် ကာရံထားခြင်း၊ Starbucks နှင့် HSBC ဘဏ်အပါအဝင် ပေကျင်းကိုထောက်ခံသော လုပ်ငန်းအဆောက်အအုံများကို လက်သရမ်းဖျက်ဆီးခြင်းများပြုလုပ်ခဲ့ကြသည်။

“၂၀၁၉ ခုနှစ်ကတည်းကစခဲ့တဲ့ ကျွန်တော်တို့ရဲ့တောင်းဆိုချက်တွေကို ၂၀၂၀ အထိသယ်ဆောင်ပြီး ဆက်လက်တောင်းဆိုရမှာဖြစ်လို့ စိတ်တော့မကောင်းပါဘူး” ဟု ဆန္ဒပြပွဲကိုဦးဆောင်သည့် The Civil Human Rights Front မှ Jimmy Sham က ဆိုသည်။

ဆန္ဒပြမှုများအဆက်မပြတ်ဖြစ်ပွားနေသော်လည်း တရုတ်နှင့်ဟောင်ကောင်အစိုးရသည် ဆန္ဒပြသူများတောင်းဆိုထားသည့် အပြည့်အဝလွတ်လပ်သော ရွေးကောက်ပွဲကျင်းပရေး၊ တရားစွဲဆိုခံထားရသည့်ရဲများ၏ လုပ်ရပ်မှားများအတွက် စုံစမ်းစစ်ဆေးခွင့်ပေးရေးနှင့် ဖမ်းဆီးခံဆန္ဒပြသူ ၆၅ ၀၀၀ နီးပါးကို ပြန်လွှတ်ပေးရေး စသည်တို့ကို လိုက်လျောခြင်းမရှိပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required