မင်းကွန်းဒေသက ဘုရားများတွင် ကလေးငယ်များအား ငွေကြေးပေးအပ်ခြင်းမပြုရန် မေတ္တာရပ်ခံစာထုတ်ပြန်

မင်းကွန်းဒေသက ဘုရားများတွင် ကလေးငယ်များအား ငွေကြေးပေးအပ်ခြင်းမပြုရန် မေတ္တာရပ်ခံစာထုတ်ပြန်
ဓာတ်ပုံ - ထက်မြတ်

မန္တလေး၊ ဇန်နဝါရီ ၁။          ။ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ် မင်းကွန်းဒေသရှိ ဘုရားများတွင် လာရောက် ဖူးမြော်လည်ပတ်ကြသော ဘုရားဖူးများအနေဖြင့် ကျောင်းနေအရွယ် ကလေးငယ်များအား ငွေကြေး ပေးအပ်ခြင်းမပြုရန် မေတ္တာရပ်ခံသည့် ပို့စတာများကို ဇန်နဝါရီ ၁ ရက်မှစတင်ကာ ဘုရားများတွင် ကပ်သွားမှာဖြစ်ကြောင်း သမိုင်းဝင်လေးဌာန ထိန်းသိမ်းစောင့် ရှောက်ရေးအဖွဲ့၊ အကျိုးတော်ဆောင် ဆရာတော် ဦးနန္ဒိမာ ဓိပတိက မိန့်သည်။

“ငွေဆိုတာ အလွယ်ရရင် စာရိတ္တက ပျက်တာများတာကို အဲဒါကိုလည်း ထိန်းချုပ်တဲ့သဘော၊ အသိပညာ ဖွံ့ဖြိုးရေးဆိုတာ ကျောင်းနေအရွယ် ကလေးတွေ ဒီလိုနေရာများကို မလိုက်ပဲနဲ့ ကျောင်းမှာ လိုက်နိုင်အောင် အဲဒီအ တွက် အနှောင့်အယှက် မဖြစ်စေဖို့ လေးဌာနဂေါပကအဖွဲ့က အစည်းအဝေး ဆုံးဖြတ်ချက်နဲ့လုပ်တာဖြစ်တယ်”ဟု ဆရာတော်က မိန့်သည်။

အသိပေး ပို့စတာများ ကပ်ရခြင်းမှာ ကျောင်းနေအရွယ် ကလေးငယ်များ ကျောင်းမှန်မှန် တက်နိုင်စေရန်နှင့် စာရိတ္တ ကောင်းမွန်စေခြင်း စသည့် အကျိုးကျေးဇူးများ ရရှိအောင် လုပ်ဆောင်ခြင်း ဖြစ်သည်ဟု မင်းကွန်း ဒေသ၊ ဓမ္မပါလ ကျောင်းတိုက်ဆရာတော် ဦးဝိမလာစာရက မိန့်သည်။

ကျောင်းနေအရွယ် ကလေးငယ်များသည် ငွေကြေးရလိုမှုဖြင့် ကျောင်းမတက်သည့် ဖြစ်စဉ်များလည်း ဖြစ်ပွားလာသည့် အတွက် ယခုလိုမျိုး မဖြစ်စေရန် အသိပေး မေတ္တာရပ်ခံစာ ကပ်ရခြင်းဖြစ်ကြောင်း၊ ထို့အပြင် ဘုရား ဖူးလာသော သူများ အနေဖြင့် မော်တော်ယာဉ် ထားရှိခြင်း၊ ဖိနပ်ထားရှိခြင်းနှင့် တခြားသော ကိစ္စရပ်များ စနစ်တကျ ဖြစ်စေရန် မင်းကွန်းဘုရား များတွင် အသိပေး ပို့စတာများအား ကပ်ပေးသွားမည်ဖြစ်ကြောင်း သမိုင်း ဝင်လေးဌာန ထိန်းသိမ်းစောင့် ရှောက်ရေးအဖွဲ့ အတွင်းရေးမှူး ဦးကျော်ငြိမ်းက ပြောသည်။

ထို အသိပေး မေတ္တာရပ်ခံစာ ပိုစတာများ ကပ်နှိပ်ခြင်း အပါအဝင် ဘုရားဖူးများ အနှောင့်အယှက် မဖြစ်စေရန်နှင့် တခြား လိုအပ်သည့် ကိစ္စရပ်များကို ဒေသခံများ၊ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် သမိုင်းဝင် လေးဌာန ထိန်းသိမ်း စောင့်ရှောက် ရေးအဖွဲ့တို့ ပူးပေါင်း၍ လုပ်ဆောင် သွားမည်ဖြစ်ကြောင်း သိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly