အီရတ်ရှိ ကန်သံရုံးကို အီရန်ထောက်ခံ ဆန္ဒပြသူများ ဝင်ရောက်စီးနင်း၍ မရိန်းတပ်ဖွဲ့စေလွှတ် တပ်ဖြန့်

အီရတ်ရှိ ကန်သံရုံးကို အီရန်ထောက်ခံ ဆန္ဒပြသူများ ဝင်ရောက်စီးနင်း၍ မရိန်းတပ်ဖွဲ့စေလွှတ် တပ်ဖြန့်

ဘဂ္ဂဒက်၊ ဇန်နဝါရီ ၁။           ။ အီရတ်နိုင်ငံ၏မြို့တော်ဘဂ္ဂဒက်ရှိ ဂရင်းဇုန်အရပ်က အမေရိကန်သံရုံးအား အီရန်ကိုထောက်ခံသည့် ဆန္ဒပြသူ များက ဝင်ရောက်စီးနင်းသည့်အတွက်ကြောင့် ကူဝိတ်နိုင်ငံရှိ အမေရိကန် မရိန်း တပ်များကို ခေါ်ယူကာ သံရုံး တွင် အင်အားဖြည့် တပ်ဖြန့်ထားလိုက်ပြီ ဖြစ်သည်။

အီရန်ကို လိုလားထောက်ခံသော ဆန္ဒပြသူများသည် ဒီဇင်ဘာ ၃၁ ရက်က “အမေရိကန် သေဆုံးကြ”ဆိုကာ ကြွေးကြော်ခဲ့ကြပြီး သံရုံးအား ဝင်ရောက်စီးနင်းကာ မီးရှို့မှုများ ပြုလုပ်ခဲ့ကြသည်။

အီရတ်တွင် အီရန်ကျောထောက် နောက်ခံပြုထားသည့် စစ်သွေးကြွအဖွဲ့ကို အမေရိကန်က လေကြောင်း ထိုးစစ်ဆင်ခဲ့၍ တိုက်ခိုက်ရေးသမား နှစ်ဒါဇင်ကျော် သေဆုံးပြီးနောက် အီရတ်နိုင်ငံအတွင်း စိတ်ဆိုး ဒေါသ ထွက်မှုများ ဖြစ်ပွားပေါ်ပေါက်လျက်ရှိနေသည်။

လုံခြုံရေး အထူးတင်းကြပ်သော ဂရင်းဇုန်အရပ်က စစ်ဆေးရေး ဂိတ်များတွင် လူရာပေါင်းများစွာ ဆန္ဒပြလျက် ရှိပြီး အမေရိကန်နိုင်ငံကို အီရတ်နိုင်ငံက ထွက်သွားရေး အော်ဟစ် တောင်းဆိုခဲ့ကြသလို  အီရန်တော်လှန်ရေး အစောင့်တပ် ဗိုလ်ချုပ်ကြီး ကာဆမ်ကို ထောက်ခံကြောင်း ကြွေးကြော် ဆန္ဒပြခဲ့ကြသည်။

အဆိုပါ အီရတ်ရှိ အမေရိကန်သံရုံး စီးနင်းခံရခြင်းနှင့် ပတ်သက်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်ကို အပြစ်တင်ပြီး အမေရိကန် တစ်ဦးတစ်လေ သေဆုံးပါက ပြစ်ဒဏ်ခတ်ခြင်းနှင့် ရင်ဆိုင်ရမည်ဟု သတိပေး ပြောဆိုသည်။

“အီရန်ဟာ ကျွန်တော်တို့ရဲ့ နိုင်ငံသားတွေ အသက်ဆုံးရှုံးတာ၊ ကျွန်တော်တို့ရဲ့ အဆောက်အအုံတွေ ပျက်စီး တာတွေအတွက် အပြည့်အဝ တာဝန်ယူရမှာ ဖြစ်တယ်”ဟု ဒီဇင်ဘာ ၃၁ ရက် နှောင်းပိုင်း၌ ထရမ့်က တွစ်တာ မှာ ရေးသားခဲ့သည်။

“အီရန်အနေနဲ့ တန်ဖိုးကြီးကြီး ပေးရလိမ့်မယ်။ ဒါဟာ သတိပေးတဲ့ အဆင့်မဟုတ်ဘူး။ ခြိမ်းခြောက်တာ ဖြစ်တယ်”ဟု ဒေါ်နယ်ထရမ့်က ရေးသားရင်း “Happy New Year!” ဆိုကာ အဆုံးသတ် ရေးသားသွားခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required