နျူကလီးယားနှင့် တိုက်ချင်းပစ် ဒုံးကျည်စမ်းသပ်မှုများ ပြန်စမည်ဟု မြောက်ကိုရီးယား ခြိမ်းခြောက်

နျူကလီးယားနှင့် တိုက်ချင်းပစ် ဒုံးကျည်စမ်းသပ်မှုများ ပြန်စမည်ဟု မြောက်ကိုရီးယား ခြိမ်းခြောက်

ဇန်နဝါရီ ၁။          ။ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံးအန်က နျူကလီးယားနှင့် တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်များ စမ်းသပ် ခြင်းကို တရားဝင် ဆိုင်းငံ့ထားခြင်းအား ရပ်စဲလိုက်ပြီးနောက် မဟာဗျူဟာ လက်နက်သစ် တစ်မျိုးကို မကြာမီ ထုတ်ပြသွားမည်ဟု ခြိမ်းခြောက် ပြောဆိုလာခဲ့သည်။

မြောက်ကိုရီးယား၏ နိုင်ငံပိုင်မီဒီယာမှ ဇန်နဝါရီ ၁ ရက်က ထိုသို့ ကြေညာလာခြင်းသည် ဒေါ်နယ်ထရမ့်အား သတိပေးလိုက်ခြင်းကတင်းမာမှုများ တစ်ကျော့ပြန် ဖြစ်လာနိုင်သည်ဟု အကဲဖြတ်များက ဆိုသည်။

ထိုသို့ မြောက်ကိုရီးယား၏ ခြိမ်းခြောက်ပြောဆိုမှုကို အမေရိကန်က ချက်ချင်းတုံ့ပြန်ရာ၌ နိုင်ငံခြားရေးဝန်ကြီး ပွန်ပီယိုက ကင်ဂျုံးအန်အနေဖြင့် တခြားလမ်းကြောင်းသို့ ရွေးချယ်ရန်နှင့် အမေရိကန်သည် မြောက်ကိုရီးယား နှင့် ထိပ်တိုက်တွေ့မှုကို မလိုလားဘဲ ငြိမ်းချမ်းရေးကိုသာ လိုလားသည်ဟု အလေးအနက်ထား ပြောခဲ့သည်။

မြောက်ကိုရီးယားနိုင်ငံသည် အမေရိကန်ထိ ရောက်နိုင်သော ဒုံးကျည် စမ်းသပ် ပစ်လွှတ်မှုနှင့် နျူကလီးယား စမ်းသပ်မှု ခြောက်ကြိမ်တိုင် ပြုလုပ်ထားသည်။ နောက်ဆုံး နျူကလီးယား စမ်းသပ်မှုသည် ဟီရိုရှီးမား နျူကလီး ယား ပေါက်ကွဲမှုထက် ၁၆ ဆ ပြင်းထန်သည့် စမ်းသပ်မှုဖြစ်သည်ဟု အကဲဖြတ်များက ခန့်မှန်းထား သည်။

ထိုသို့ စမ်းသပ်မှုများကို မလိုအပ်တော့ကြောင်း ကင်ဂျုံးအန်က ကြေညာရင်း ကိုယ်တိုင် တားမြစ် ရပ်ဆိုင်းထား ခဲ့ရာ လွန်ခဲ့သည့် နှစ်နှစ်အတွင်း အမေရိကန်နှင့် နျူကလီးယား ဆွေးနွေးပွဲများ လမ်းကြောင်း ပွင့်လာခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ကင်ဂျုံးအန်တို့ကြား ထိပ်သီး ဆွေးနွေးပွဲများ ရှိလာခဲ့သော်လည်း သဘောတူညီချက် မရဘဲ တန့်ရပ်နေခဲ့ရာမှ မြောက်ကိုရီးယားနိုင်ငံဖက်က ဒုံးကျည်နှင့် နျူကလီးယား စမ်းသပ်မှုများ ပြန်စတော့မည်ဟု ယခုကဲ့သို့ ကြေညာလာခြင်းပဲ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required