ကမ္ဘာ့ပထမဆုံး မျိုးဗီဇပြုပြင်ထားသော ကလေးများ ဖန်တီးမွေးဖွားခဲ့သည့် တရုတ်သိပ္ပံပညာရှင် ထောင်ချခံရ

ကမ္ဘာ့ပထမဆုံး မျိုးဗီဇပြုပြင်ထားသော ကလေးများ ဖန်တီးမွေးဖွားခဲ့သည့် တရုတ်သိပ္ပံပညာရှင် ထောင်ချခံရ

ဒီဇင်ဘာ ၃၀။               ။ ကမ္ဘာ့ပထမဆုံး မျိုးဗီဇပြုပြင်စီမံထားသည့် ကလေးများ ဖန်တီးမွေးဖွားခဲ့မှုကို အဓိကလုပ်ဆောင်ခဲ့သော တရုတ်သိပ္ပံပညာရှင်တစ်ဦးကို ဒီဇင်ဘာ ၃၀ ရက်တွင် တရုတ်တရားရုံးတစ်ခုက ထောင်ဒဏ်သုံးနှစ် ချမှတ်လိုက်ပြီဖြစ်ကြောင်း သိရသည်။

တရုတ်သိပ္ပံပညာရှင် ဟီ ကျန်ကွေးသည် HIV ပိုး ကူးစက်နိုင်စွမ်းမရှိအောင် မျိုးဗီဇပြုပြင်ပြောင်းလဲဖန်တီးထားသော အမွှာကလေးနှစ်ဦးအား မွေးဖွားပေးနိုင်ခဲ့ကြောင်း ယမန်နှစ်က ထုတ်ဖော်ကြေညာခဲ့ရာ နိုင်ငံတကာ သိပ္ပံအသိုင်းအဝိုင်းကို တုန်လှုပ်စေခဲ့သည်။

ယင်းကဲ့သို့ မျိုးဗီဇပြုပြင်စီမံထားသည့် ကလေးများ မွေးဖွားစေခဲ့သည့် ၎င်း၏ လုပ်ရပ်အပေါ် ရှုတ်ချဝေဖန်မှုများလည်း ထွက်ပေါ်ခဲ့သည်။

ယခုအခါ အဆိုပါ မျိုးဗီဇပြုပြင်စီမံထားသော ကလေးများ ကူညီမွေးဖွားပေးခဲ့မှုအတွက် အဓိက တာဝန်ရှိသူ ပါမောက္ခ ဟီ ကျန်ကွေးအား ထောင် သုံးနှစ် နှင့် ဒဏ်ငွေ ကန်ဒေါ်လာ ၄၃၀,၀၀၀ ချမှတ်လိုက်ကြောင်း Xinhua သတင်းအေဂျင်စီက ဖော်ပြသည်။

တရားဥပဒေနှင့် ဆန့်ကျင်နေသည့် ဆေးပညာ ကျင့်သုံးဆောင်ရွက်ခဲ့မှုအတွက် တရုတ် သိပ္ပံပညာရှင် ဟီ အား ရှန်ကျန်းမြို့ တရားရုံးက တစ်ခုက အထက်ပါ ပြစ်ဒဏ်များ ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ သတင်းအေဂျင်စီက ဖော်ပြသွားခဲ့သည်။

အလားတူ အဆိုပါ ကိစ္စတွင် ပါမောက္ခ ဟီနှင့် အတူ ပူးပေါင်းပါဝင်လုပ်ဆောင်ခဲ့သည့် အခြားသော တရုတ် သိပ္ပံပညာရှင် နှစ်ဦးအားလည်း တရားရုံးက ထောင်ဒဏ်နှင့် ငွေဒဏ်များ အသီးသီး ချမှတ်ခဲ့သေးကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required