"နိုင်ငံကောင်းဖို့ အရင်လုပ်ပါ"

"နိုင်ငံကောင်းဖို့ အရင်လုပ်ပါ"
မကြာသေးမီက မွန်ပြည်နယ် ပေါင်မြို့နယ်တွင်  မဲဆွယ်စည်းရုံးနေသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ််လောင်း ဒေါ်မိကွန်ချမ်း။ ဓာတ်ပုံ - ဖြိုးသီဟချို/Myanmar Now)

လုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဒေါ်မိကွန်ချမ်းသည် မွန်အမျိုးသားပါတီ ခေါင်းဆောင်တစ်ဦး ဖြစ်သူ နိုင်သက်လွင်၏ သမီးဖြစ်သည်။ သို့သော်လည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)ကို ကိုယ်စားပြု ပြီး ရွေးကောက်ပွဲတွင် မွန်ပြည်နယ်၊ ပေါင်မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှ ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်သောကြောင့် ထင်ရှားသည့် အမတ်လောင်းတစ်ဦး ဖြစ်လာသည်။

မကြာသေးမီက Myanmar Now နှင့် တွေ့ဆုံရာတွင် လုပ်ငန်းရှင်ဘဝမှ လွှတ်တော်တွင်း ရောက်ရန် ကြိုးပမ်းနေသည့် မိကွန်ချမ်းက NLD ကို ရွေးချယ်ခဲ့ပုံ၊ ဒေသတွင်း မဲဆန္ဒနယ်မြေတို့၏ အခြေအနေ၊ အနာဂတ် မျှော်မှန်းချက်များ အကြောင်း ပြောပြထားသည်။ သတင်းထောက် ဖြိုးသီဟ ချိုက သူ၏ မဲဆန္ဒနယ်မြေသို့ သွားရောက်ပြီး တွေ့ဆုံ မေးမြန်းထားခြင်း ဖြစ်သည်။

ဒေါ်မိကွန်ချမ်းက အထင်ကရ မွန်အမျိုးသားပါတီ ခေါင်းဆောင်တစ်ဦးရဲ့သမီးဖြစ်နေပြီးတော့  NLD ကနေ ဘာကြောင့် ဝင်ပြိုင်ရတာလဲ။

အဖေ့ပါတီကနေ နဂိုကတည်းက ဝင်လည်းမပါပါဘူး။ အဖေ့ပါတီကို ကျွန်မက ကူညီ လုပ်ဆောင်ပေးတယ်။ အဲဒီလောက်ပါပဲ။ (မွန်)လူမျိုးရေး အတွက်ကိုလည်း ကျွန်မက တစိုက်မတ်မတ် လုပ်ဆောင်ပေးခဲ့ပါတယ်။ နိုင်ငံတစ်ခုကို ပြောင်းလဲဖို့အတွက်က ကျွန်မတို့ တိုင်းရင်းသားတွေအားလုံး ပါဝင်ရမယ်။ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ဖို့အတွက်ကို ကျွန်မတို့က ဝင်ပြီးတော့ ပံ့ပိုးပေးတာ။ နေရာ ဝင်ယူတာလည်း မဟုတ်ဘူး၊ ကျွန်မတို့လူမျိုးကို တိုက်ခိုက်ချင်လို့လည်း မဟုတ်ဘူး၊ အပြိုင်အဆိုင် လုပ်ချင်လို့လည်း မဟုတ်ပါဘူး။ နောက်နောင်လည်း ရန်ဘက်အသွင် ဆောင်လာမှာ မဟုတ်ပါဘူး။

မွန်ပြည်နယ်မှာ မွန်တိုင်းရင်းသားတွေကို အခြေပြု တည်ထောင်ထားတဲ့ ပါတီ သုံးခုရှိပါတယ်။ ရွေးကောက်ပွဲမှာ ဒီပါတီတွေကြား မဲကွဲမှာ၊ မဲပြန့်သွားမှာကို စိုးရိမ်ပါသလား။

ရွေးကောက်ပွဲ မဝင်ခင် အချိန်ကတည်းက စဉ်းစားမိပါတယ်၊ ပါတီကနှစ်ခု၊ သုံးခု ဖြစ်လာပြီ ဆိုကတည်းက ကျွန်မတို့မဲက အကွဲကွဲ အပြဲအပြဲတွေ ဖြစ်လာမှာပါပဲ၊ (ရွေးကောက်ခံရတဲ့) မွန်ကိုယ် စားလှယ်တွေ နည်းလာမယ်။ အဓိက ကျွန်မပြောချင်တာက ဒီအချိန်မှာ အစိုးရဖွဲ့နိုင်တဲ့ ပါတီတစ်ခုကို ထောက်ခံမှသာလျှင် အပြောင်းအလဲတစ်ခုကို လုပ်နိုင်မယ်။ ဒါကြောင့် အစိုးရဖွဲ့နိုင်ပြီး ပြည်သူဘက်က ရပ်တည်ပေးနိုင်တဲ့ ပါတီကို မဲထည့်ပေးမှသာလျှင် ၂ဝ၁၅ မှာ ကျွန်မတို့လိုချင်တဲ့ အပြောင်းအလဲတစ်ခု ကို ဖော်ဆောင်နိုင်မယ်။ ဒါကြောင့် ကျွန်မတို့ တိုင်းရင်းသားတွေကိုလည်း ပြောပြပါတယ်၊ ကျွန်မတို့ နိုင်ငံ ကောင်းဖို့ အရင်လုပ်ပါ၊ ကျွန်မတို့ နိုင်ငံကောင်းရင် ကျွန်မတို့လူမျိုးတွေ အလိုလို ကောင်းသွားမှာ ပါလို့ မေတ္တာ ရပ်ခံထားပါတယ်။

ဒေါ်မိကွန်ချမ်းရဲ့ မဲဆန္ဒနယ်မှာ မဲပေးနိုင်တဲ့သူ ဘယ်လောက်များ ရှိပါသလဲ။

အခု စာရင်းအရဆိုရင်တော့ ၁၈ဝ,ဝဝဝ ကျော် ရှိပါတယ်။ နိုင်ငံရပ်ခြားကို ပြောင်းရွေ့ နေထိုင် တဲ့ ရွေ့ပြောင်း အင်အားက သုံးသောင်းကျော် ရှိပါတယ်။ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်တာကို တော့ တိတိကျကျ မသိသေးဘူး။

နိုင်ငံရပ်ခြားကို ပြောင်းရွေ့ပြီး အလုပ်လုပ်ကိုင်နေတဲ့ သူတွေ မဲစာရင်းထဲမှာ ပြန်ပါနေတာနဲ့ ပတ်သက်ပြီး ဘာပြောချင်ပါသလဲ။

ဒီဒေသက မိသားစုတစ်စုမှာ အိမ်မှာ ကျန်ခဲ့တာက အဖေနဲ့ အမေပဲ ရှိတယ်။ ကျန်တဲ့သား၊ သမီးတွေက နိုင်ငံခြားမှာပဲ အလုပ်လုပ်နေကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် မဲဆန္ဒရှင်စာရင်းထဲမှာတော့ အကုန်လုံး ပြန်ပါနေတယ်ပေါ့။ ဒါက စိုးရိမ်စရာ ကောင်းပါတယ်။ မိသားစုတွေကိုလည်း ပြောပြပါ တယ်။ မဲစာရင် းလာမထည့်နိုင်တဲ့ လူဦးရေကိုကိုယ်တိုင် (ရွေးကောက်ပွဲကော်မရှင်ကို) တင်ပြရမှာ ပေါ့။ ကျွန်မတို့ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေက တော့သူတို့နဲ့ သက်ဆိုင်တဲ့ ကော်မရှင်မှာ သွားပြီးတော့ တင်ပြရမှာပေါ့။ NLD  ရပ်ကွက်ကျေးရွာ စည်းရုံးရေးအဖွဲ့တွေက ဒါတွေကို ဖယ်ထုတ်ဖို့ လုပ်ကိုင်နေပါတယ်။ တစ်ချို့နေရာတွေမှာ ပယ်ဖျက်တယ်။ တချို့နေရာတွေမှာတော့ မဲဆန္ဒရှင် စာရင်းကို သူတို့နေထိုင်ရာ နိုင်ငံတွေရဲ့သံရုံးတွေကို လွှဲပြောင်းပေးရတာမျိုး ရှိပါတယ်။

ဒေသတွင်း အချုပ်သားတွေ မဲပေးခွင့်အတွက်ရော စုံစမ်းထားတာ ရှိပါသလား။

အချုပ်သား မဲဆန္ဒရှင်စာရင်းတွေကိုလည်း အတိအကျ မသိရဘူး။ အဲဒါကို သိရဖို့အတွက်ကို လည်း ကြိုးစားနေရပါတယ်။ ကြိုတင်မဲတွေပေါ့။ ကော်မရှင်ကလည်း ဘာမှ ကျွန်မတို့ကို မပြောသေး ဘူး။ အချုပ်သားတွေရဲ့ မဲပေးခွင့်အတွက်ကလည်း စာရင်းအတိအကျ ကောက်နေရတုန်း။ ကြိုတင်မဲ ကိုလည်း စိုးရိမ်နေရတယ်။ အမည်တစ်ခုထဲကို ငါးကြိမ်လောက် ပါနေတာကိုလည်း တွေ့နေရတယ်။

မွန်ပြည်နယ်ရဲ့ ကျေးလက်ဒေသတွေမှာ ပါတီတချို့ ဘာသာရေး အကြောင်းပြပြီး မဲဆွယ်နေ တယ်လို့ သိရပါတယ်။ မိကွန်ချမ်းရဲ့ ပေါင်မြို့နယ်မှာရော ရှိပါသလား။

နေရာတိုင်းလိုလိုကို ဖြစ်နေပါတယ်။ ဘာသာရေးကို ခုတုံးလုပ်တာက မြို့ပေါ်မှာ လုပ်တာ ထက်ကို အစွန်အဖျားမှာရှိတဲ့၊ ဘာသာရေးကိုင်းရှိုင်းတဲ့ တိုင်းရင်းသားတွေကို လုပ်တာမျိုး တွေ့ရတယ်။ အဲဒီဒေသတွေမှာဆိုရင် ကျွန်မတို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က မဲနိုင်မယ်ဆိုရင် ကုလားတွေ လွှမ်းမိုးမယ်။ ဗုဒ္ဓဘာသာ ကွယ်ပျောက်သွားမယ်ဆိုပြီးတော့ စကားလုံးတွေနဲ့ စည်းရုံးနေတာမျိုးကို ကြားနေရပါတယ်။ ဒါကို သက်သေအထောက်အထားတွေ ရရှိဖို့အတွက်ကိုလည်း ကျွန်မမဲဆန္ဒနယ်မှာ လှုံ့ဆော်ထားတာ ရှိပါတယ်။ ဘယ်သူ၊ ဘယ်ဝါ၊ ဘယ်အချိန်၊ ဘယ်ကာလမှာ ပြောတယ်ဆိုတာကို သက်သေ အထောက်အထားနဲ့တကွ တိတိကျကျ ရခဲ့ရင်တော့ ကျွန်မကတော့ တရားစွဲမှာ။ ကျွန်မကို ဆိုရင် "ကျွန်မအမျိုးသားက ကုလား၊ ကျွန်မကလည်း ဗုဒ္ဓဘာသာ မဟုတ်ဘူး" ဆိုပြီးတော့ ဝါဒဖြန့်နေ တာမျိုးတွေကို ကြားနေရပါတယ်။

ရွေးကောက်ပွဲအလွန် ကာလအတွက် ဘာတွေ ကြိုတင် ပြင်ဆင်ထားသလဲ။

ကော်မရှင်မှာ သတ်မှတ်ထားတဲ့ ဥပဒေအတိုင်း လိုက်နာပါတယ်။ ဟောပြောပွဲမှာလည်း ကော်မရှင်က ခွင့်ပြုထားတဲ့အတိုင်း ဟောပြောတယ်။ ဘယ်သူ့ကိုမှလည်း ပုတ်ခတ်ပြီးတော့ မဟော ပြောဘူး။ ဘယ်သူ့ကိုမှလည်း အပြစ်တင်ပြီးတော့ မဟောပြောဘူး။ လူထုအသိရှိအောင် ဟောပြော တယ်။ ကျွန်မတို့သွားတဲ့ ခရီးစဉ်တွေမှာဆိုရင်လည်း လူဦးရေကစပြီး အသုံးစရိတ်တွေအထိ စနစ်တ ကျ လုပ်ကိုင်ထားပါတယ်။ ကော်မရှင်ရဲ့ စည်းမျဉ်းစည်းကမ်းအတိုင်း လိုက်နာပါတယ်။ ဘာလို့လဲဆို တော့ အားလုံးက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကိုပဲ စောင့်ကြည့်နေတယ်ဆိုတော့ ရွေးကောက်ပွဲ ပြီးသွားလို့ ကျွန်မတို့ နိုင်ခဲ့ရင် ဒီဥပဒေတွေနဲ့ပဲ ထိုးနှက် လာနိုင်ပါတယ်။

ရွေးကောက်ပွဲ အလွန်မှာ လွှတ်တော်တွင်း နိုင်ငံရေးအတွက်ရော ဘာတွေများ ပြင်ဆင်ထား ပါသလဲ။

အဓိကကတော့ စနစ်နဲ့ ဥပဒေတွေကို ပြောင်းလဲရမှာ ဖြစ်ပါတယ်။ ပြည်သူလူထုဘက်က ရပ်တည်နိုင်မယ့် ဥပဒေတွေ ပြုနိုင်ဖို့ ကြိုးစားရမှာ ဖြစ်ပါတယ်။ တိုင်းရင်းသား အခွင့်အရေးတွေ ရအောင်လို့လည်း လုပ်ဆောင်ပေးရမှာ ဖြစ်ပါတယ်။ ပါတီရဲ့ မူဝါဒတွေနဲ့ ညှိနှိုင်းပြီးတော့ လုပ်ကိုင်သွား ရမှာ ဖြစ်ပါတယ်။

NLD က လွှတ်တော်တွင်း အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ဥပဒေပြုရေးတွေမှာ အောင်မြင်မှု အလွန် နည်းပါးပါတယ်။ ၂ဝ၁၅ အလွန်မှာရော ဘာတွေများ ဆက်လုပ်နိုင်မယ်လို့ မျှော်လင့်ပါသလဲ။

၂ဝ၁၂ မှာ NLD က လွှတ်တော်တွင်းမှာ နေရာရခဲ့တာ ၅ ရာခိုင်နှုန်းပဲ ရှိခဲ့ပါတယ်။ ဒီ ၅ ရာခိုင် နှုန်းနဲ့ အစိုးရလည်း မဖွဲ့နိုင်သလို၊ လုပ်ပိုင်ခွင့်လည်း ဘာမှ မရှိခဲ့ပါဘူး။ ပုဒ်မ ၄၃၆ နဲ့ ၅၉(စ)တွေ (ပြင်ဆင်ရေး) မှာလည်း ကိုယ့်ရဲ့ အင်အားနဲ့ ဘာမှ လုပ်လို့မရခဲ့ဘူး။ အခု ၂ဝ၁၅ မှာ ရာခိုင်နှုန်း အပြည့်နိုင်ပြီးတော့ အစိုးရဖွဲ့နိုင်ခဲ့ပြီဆိုရင်တော့ လုပ်ပိုင်ခွင့်တွေ ကိုယ်ရခဲ့ရင် အကုန်လုံး ရပြီပေါ့။ အဲဒီ အချိန်ကျတော့ အလုပ်လုပ်တယ် မလုပ်ဘူးဆိုတာ ပြည်သူက အဆုံးအဖြတ် ပေးလို့ရတယ်။

NLD အစိုးရ ဖွဲ့နိုင်မယ်ဆိုရင် အခြေခံဥပဒေ ပြင်ဆင်ရေးပါ လုပ်လို့ရမယ် ထင်ပါသလား။

အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် စစ်တပ်ကလည်း အရေးကြီးပါတယ်။ စစ်တပ်ကလည်း အခန်းကဏ္ဍတစ်ခုအနေနဲ့က ပါထားတာကိုး။ ပြည်သူလူထုပေါ်မှာပဲ မူတည်နေတယ်။ တောင်းဆို မယ်ဆိုရင်တော့ မပြင်နိုင်စရာ အကြောင်းတော့ မရှိဘူး။ မဖြစ်ဖြစ်အောင်တော့ ကျွန်မတို့က လုပ်ဆောင်နိုင်မှာပဲ။  ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags