ရဲတပ်ဖွဲ့ဝင်များက သေနတ်နှင့် ပစ်ခတ်မှုအပေါ် အရေးယူပေးရန် ကာယကံရှင် တောင်းဆို

ရဲတပ်ဖွဲ့ဝင်များက သေနတ်နှင့် ပစ်ခတ်မှုအပေါ် အရေးယူပေးရန် ကာယကံရှင် တောင်းဆို
  သေနတ်ဖြင့် ပစ်ခတ်ခံရသူ ဦးဌေးလွင် သတင်းစာ ရှင်းလင်းပွဲလုပ်နေစဉ်။ ဓာတ်ပုံ- ဒီမိုးသွေး(မြိတ်)

မြိတ်၊ ဒီဇင်ဘာ (၃၀)။       ။ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၊ သမုတ်နယ်မြေ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက  မေးမြန်းစုံစမ်းခြင်း မရှိဘဲ သေနတ် နှင့် ပစ်ခတ်ခဲ့ခြင်းကြောင့် ဒဏ်ရာများ ရရှိခဲ့သည့်အပေါ် အရေးယူပေးရန် သေနတ်ဖြင့် ပစ်ခတ်ခံရသူ ကံပြင်ကျေးရွာသား ဦးဌေးလွင်က သတင်းစာ ရှင်းလင်းပွဲလုပ်ကာ တောင်းဆိုသည်။

အဆိုပါ သတင်းစာ ရှင်းလင်းပွဲကို မြိတ်မြို့နယ်၊ သစ်ယာဝ ကျေးရွာအုပ်စု၊ ကံပြင်ကျေးရွာရှိ ၎င်း၏ နေအိမ်တွင် ဒီဇင်ဘာ ၂၉ ရက်က ပြုလုပ်ကာ တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

သေနတ်နဲ့ ပစ်ခတ်ခံရသူ ဦးဌေးလွင်က“သစ်ပင်နုတ်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး၊ တစ်ဖက်လူက ကျွန်တော့်ကို ရဲစခန်းမှာ ဓားကိုင် ရမ်းကားတယ်ဆိုပြီး တိုင်ချက် ဖွင့်ထားတာ ဖြစ်ပါတယ်၊ အဲဒါကို ရဲတပ်ဖွဲ့ဝင်တွေက ကျွန်တော် ကို စစ်ဆေး မေးမြန်းခြင်းမရှိပဲ သေနတ်နဲ့ လာရောက် ပစ်ခတ် ဖမ်းဆီး ခေါ်ဆောင်သွားတာ ဖြစ်တယ်။အခု ဖြစ်စဉ်မှာ ကျွန်တော်ကို တရားသူကြီးက စစ်ဆေးချက်အရ ပြစ်မှု ထင်ရှားခြင်း မရှိဘူးဆိုပြီး တရားသေ ပြန်လည် လွှတ်ပေးခဲ့ပါတယ်၊ ဒီအတွက် ကြောင့် ပြည်သူတစ်ဦးကို သေနတ်နဲ့ ပစ်ခတ်တဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ထိထိ ရောက်ရောက် အရေးယူပေးဖို့ တောင်းဆိုချင် တယ်”ဟု ပြောသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဦးဌေးလွင် ဒဏ်ရာရ

ဖြစ်စဉ်မှာ ဦးဌေးလွင်သည် ကံပြင်ကျေးရွာအတွင်းရှိ ရွာလမ်းနှင့် စာသင်ကျောင်းများတွင် အရိပ်ရသစ်ပင်များ လိုက်လံ စိုက်ပျိုးခဲ့ရာ ကံပြင်ကျေးရွာသူ ဒေါ်တင်ဝါဆိုသည့် အမျိုးသမီးတစ်ဦးက ထိုအပင်များကို နုတ်ပစ်ကာ ဖျက်စီးခဲ့ခြင်းကြောင့် ၂၀၁၉ ခုနှစ်၊ သြဂုတ် ၂၀ ရက်က ရွာလူကြီးအိမ်တွင် သွားရောက် ဖြေရှင်းရာမှ အပြန်အလှန် ငြင်းပွားမှု ဖြစ်ပွားခဲ့ကြသည်။

ထိုသို့ အငြင်းပွားနေစဉ် အပင်များနုတ်ကာ ဖျက်စီးခဲ့သူက ဒေါ်တင်ဝါက သမုတ်ရဲစခန်းသို့ သွားရောက်၍ ဦးဌေးလွင် ဓားကိုင် ရမ်းကားနေသည်ဟု တိုင်ကြားခဲ့ရာ ရဲတပ်ဖွဲ့ဝင်များမှ လာရောက်၍ စစ်ဆေး မေးမြန်းမှု မပြု လုပ်ဘဲ သေနတ်ဖြင့် ပစ်ခတ် ဖမ်းဆီးခဲ့ကြောင်း ဦးဌေးလွင်က ဒီဇင်ဘာ ၂၉ ရက်နေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောသည်။

ပစ်ခတ်ခဲ့သော ကျည်ဆံခွံများကိုတွေ့ရစဉ်

ထိုသို့ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ ဦးဌေးလွင်၏ ဘယ်ဘက် လက်သကြွယ်နှင့် လက်သန်းတို့မှာ သေနတ်ကျည် ရှပ်ထိ ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

အထက်ပါ ဖြစ်စဉ်နှင့်ပတ်သက်ပြီး သမုတ်နယ်မြေ ရဲစခန်းမှ ဦးဌေးလွင်အား ဓားကိုင် ရမ်းကားမှု ပုဒ်မ ၁၉ (င) ဖြင့် အမှုဖွင့် အရေးယူ တရားစွဲဆိုခဲ့ရာ မြိတ်မြို့နယ် တရားရုံးမှာ ရုံးချိန် ၁၄ ပတ် တက်ရောက်ကာ အမှုရင်ဆိုင်ခဲ့ ပြီးနောက် ဒီဇင်ဘာ ၁၂ ရက်တွင် တရားသူကြီးက စစ်ဆေးချက်အရ ပြစ်မှု ထင်ရှားခြင်းမရှိဟုဆိုပြီး တရားသေ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဦးဌေးလွင်က မီဒီယာများသို့ ပြောသည်။

သမုတ်ရဲစခန်း

မျက်မြင် သက်သေ ဒေါ်အင်ပီက “အခင်းဖြစ်တဲ့ အချိန်မှာ ဦးဌေးလွင်က ကျွန်မတို့ အိမ်ကို အလည်လာတယ်။ သူက အိမ်နောက်ဖေးကို ဝင်သွားတဲ့ အချိန်မှာ ရဲတပ်ဖွဲ့ဝင်တွေ အိမ်ခြံဝင်းထဲကို ပြေးဝင်လာပြီး သေနတ်နဲ့ပစ်ပြီး ဖမ်းဆီး ခေါ်ဆောင် သွားတာ”ဟု  ပြောသည်။

အဆိုပါ စစ်ဆေးမေးမြန်းမှု မရှိဘဲ သေနတ်ဖြင့် ပစ်ခတ် ဖမ်းဆီးခြင်းနှင့် ပတ်သက်ပြီး သမုတ်နယ်မြေ ရဲစခန်းမှ စခန်းမှူး မင်းနိုင်အား သွားရောက် မေးမြန်းသော်လည်း မီဒီယာများကို ဖြေဆိုရန် ငြင်းဆိုခဲ့သည်။

မြိတ်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ မြို့နယ်ရဲမှူး ကိုကိုအောင်က “အခု ဖြစ်စဉ်နဲ့ ပတ်သက်ပြီး၊ သေနတ်နဲ့ ပစ်ခဲ့တဲ့ တပ်ဖွဲ့ဝင်ကို အရေးယူဖို့အတွက် ကျွန်တော်တို့ စုံစမ်း စစ်ဆေးရေးခုံရုံး ဖွဲ့လိုက်ပါပြီး၊ အဲဒီအမှုကို တနင်္သာရီမြို့ နယ်မှူး ရဲမှူး ရဲခေါင်မြင့် က စစ်ဆေး ဆောင်ရွက် နေပါတယ်”ဟု  ပြောသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required