နှစ်သစ်၏ အဖွင့်ပြိုင်ပွဲ ONE: A New Tomorrow မှ ထူးခြားချက် ၄ ချက်

နှစ်သစ်၏ အဖွင့်ပြိုင်ပွဲ ONE: A New Tomorrow မှ ထူးခြားချက် ၄ ချက်

၂ဝ၂ဝ နှစ်သစ်အတွက် စိတ်သစ်၊ လူသစ်၊ ပြိုင်ပွဲသစ်များကို ယူဆောင်လာမည့် ONE Championship သည် ၎င်းတို့၏ ပထမဆုံး နှစ်သစ် အဖွင့်ပွဲအဖြစ် လာမည့် ဇန်နဝါရီ ၁ဝ ရက်တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်၌ ONE: A New Tomorrow ပြိုင်ပွဲကို ကျင်းပတော့မည် ဖြစ်သည်။ နှစ်သစ်၏ ပွဲဦးထွက်ပွဲ ဖြစ်သော A New Tomorrow တွင် မည်သည့် ထူးခြားချက်များ ရှိနေသည်ကို လေ့လာကြည့်ရာ အောက်ပါအတိုင်း တွေ့ရှိရသည်။

(၁) ချန်ပီယံဟောင်းအတွက် ဒုတိယ အခွင့်အရေး

ONE ဖလိုင်းဝိတ်တန်း မွေထိုင်း ချန်ပီယံဟောင်း Jonathan “The General” Haggerty သည် ပြီးခဲ့သည့် သြဂုတ်လ အတွင်းက ၎င်း၏ ချန်ပီယံခါးပတ်ကို လက်လွှတ်ခဲ့ရသည်။ အသက် ၂၂ နှစ် အရွယ် အင်္ဂလန်သား Haggerty သည် အဆိုပါ ချန်ပီယံခါးပတ်ကို လွယ်လွယ်ကူကူ ရရှိခဲ့ခြင်းမဟုတ်ဘဲ သက်ရှိထင်ရှား ထိုင်းဂန္တဝင်ကစားသမား တစ်ဦးဟုပင် သတ်မှတ်ခြင်း ခံထားရသည့် ဝါရင့် ကစားသမားကြီး Sam-A Ganyanghadao ကို အနိုင်ယူကာ ရရှိခဲ့ခြင်း ဖြစ်သည်။ သို့သော် ယင်းခါးပတ်ကို ၎င်းထံမှ လုယူသွားခဲ့သူမှာ ၎င်းနှင့်ရွယ်တူ ထိုင်းလူငယ် ကစားသမား တစ်ဦးဖြစ်သည့် Rodtang “The Iron Man” Jitmuangnon ဖြစ်သည်။

လက်ရှိ ချန်ပီယံ Rodtang သည် ၂ဝ၁၉ ခုနှစ်အတွင်း အကောင်းဆုံး လက်စွမ်းပြခဲ့သည့် ထိုင်းကစားသမား ဖြစ်ပြီး ပြိုင်ပွဲအရပ်ရပ်တွင် ရှုံးပွဲမရှိ ပွဲတိုင်း အနိုင်ရခဲ့သည့် ကစားသမား ဖြစ်သည်။ ချန်ပီယံခါးပတ်များကို အသက်အရွယ်နှင့် မလိုက်အောင် သိမ်းပိုက်ထားသည့် Rodtang သည် ONE Championship တွင်လည်း ၆ ပွဲဆက်တိုက် အနိုင်ရသူဖြစ်သည်။ ယခုပွဲသည် Rodtang အတွက် ပထမဆုံး ချန်ပီယံ ကာကွယ်ပွဲလည်း ဖြစ်လာမည် ဖြစ်သည်။ ထို့ကြောင့် ယင်းပွဲသည် လောလောလတ်လတ် ချန်ပီယံ ခါးပတ် ဆုံးရှုံးထားသည့် ချန်ပီယံဟောင်းကို ဒုတိယ အခွင့်အရေး ချက်ချင်း ပြန်ပေးသည့် ထူးခြားသောပွဲ ဖြစ်သည်။

(၂) ကမ္ဘာ့ချန်ပီယံ ၁ဝ ဦးအထိ ပါဝင်နေခြင်း

A New Tomorrow ပြိုင်ပွဲ၏ အထူးခြားဆုံး အချက်တစ်ချက်ကို ပြပါဆိုလျှင် စုစုပေါင်း တွဲဆိုင်း ၁၂ ဆိုင်းတွင် ကစားသမား ၂၄ ဦး ပါဝင်သည့်အနက် တစ်ဝက်နီးပါး ဖြစ်သော ၁ဝ ဦးသည် ကမ္ဘာ့ချန်ပီယံ ဖြစ်ဖူးသူများ ဖြစ်နေခြင်း ဖြစ်သည်။ အဓိကခေါင်ပွဲမှ Rodtang  Jitmuangnon နှင့် Jonathan Haggerty တို့ နှစ်ဦးစလုံးသည် ONE ၏ ဖလိုင်းဝိတ်တန်း ကမ္ဘာ့ ချန်ပီယံ ခါးပတ် ရခဲ့ဖူးသူများ ဖြစ်ပြီး ယင်းမတိုင်မီ ကလည်း အခြားပြိုင်ပွဲများတွင် ကမ္ဘာ့ချန်ပီယံ ဖြစ်ခဲ့ကြဖူးသူများ ဖြစ်သည်။ ဒုတိယခေါင်ပွဲမှ Stamp Fairtex သည်လည်း ONE အက်တမ်ဝိတ်တန်း မွေထိုင်းနှင့် Kickboxing ကမ္ဘာ့ ချန်ပီယံ ဖြစ်သည်။

တတိယမြောက်ပွဲမှ ထိုင်းကစားသမား Sangmanee "The Million Dollar Baby" Sathian Muay Thai သည် S1 ကမ္ဘာ့ချန်ပီယံ ဖြစ်သလို အဓိက တွဲဆိုင်းများ ထဲတွင် ပါဝင်သည့် Liam "Hitman" Harrison သည်လည်း ၈ ထပ်ကွမ်း မွေထိုင်း ကမ္ဘာ့ချန်ပီယံ ဖြစ်သည်။ ပဏာမ တွဲဆိုင်းများထဲတွင် မွေထိုင်း ကမ္ဘာ့ချန်ပီယံ Muangthai "Elbow Zombie" PK.Saenchaimuaythaigym၊ S1 ကမ္ဘာ့ ချန်ပီယံ Brice "The Truck" Delval၊ ဆမ်ဘို အတိုက်ပြိုင်ပွဲ ကမ္ဘာ့ချန်ပီယံ Raimond Magomedaliev၊ Top King မွေထိုင်း ကမ္ဘာ့ချန်ပီယံ Han Zi Hao နှင့် ISKA၊ WBC ကမ္ဘာ့ချန်ပီယံ ခါးပတ်များ ရရှိခဲ့ဖူးသည့် Mehdi "Diamond Heart" Zatout တို့ ပါဝင်ကြသည်။

(၃) ONE တွင် ရှုံးပွဲမရှိသေးသူများအတွက် စမ်းသပ်မှု

ထိုင်းနိုင်ငံတွင် ကျင်းပမည့် A New Tomorrow ပြိုင်ပွဲ၏ နောက်ထပ် ထူးခြားချက် တစ်ချက်မှာ ONE Championship ပြိုင်ပွဲတွင် တစ်ကြိမ် တစ်ခါမှ ရှုံးနိမ့်ခဲ့ဖူးခြင်း မရှိသည့် ကစားသမား ၆ ဦးအထိ ပါဝင်နေခြင်း ဖြစ်သည်။ ယင်းကစားသမားများမှာ ONE ဖလိုင်းဝိတ်တန်း မွေထိုင်း ချန်ပီယံ ခါးပတ်ကို ကာကွယ်ရမည့် Rodtang Jitmuangnon၊ ကမ္ဘာ့ ပထမဆုံး ကိုယ်ခံပညာ ၃ မျိုး ကမ္ဘာ့ချန်ပီယံ ဖြစ်ရန် မျှော်မှန်းနေသည့် Stamp Fairtex၊ အမေရိကန်-ဗီယက်နမ် ကိုယ်ခံပညာ သိုင်းပေါင်းစုံ ကစားသမား Thanh Le၊ လက်စွမ်းထက် ထိုင်းလူငယ် မွေထိုင်းကစားသမားများ ဖြစ်သည့် Sangmanee နှင့် Muangthai၊ ငါးပွဲဆက်တိုက် အနိုင်ရထားသည့် ဂျပန် အမျိုးသမီး ကစားသမား Ayaka Miura တို့ ဖြစ်ကြသည်။

၎င်းတို့အနက် Rodtang၊ Sangmanee နှင့် Muangthai တို့သည် ကမ္ဘာ့ ချန်ပီယံဟောင်းများ ဖြစ်ကြသည့် Haggerty၊ Yamada နှင့် Delval တို့ကို ရင်ဆိုင်ရမည် ဖြစ်သဖြင့် ၎င်းတို့၏ ရှုံးပွဲမရှိ စံချိန်များကို ဆက်ထိန်းနိုင်ရန် ခက်ခက်ခဲခဲ ကြိုးစားရမည် ဖြစ်သည်။ အလားတူ Thanh Le သည်လည်း ဝါရင့် Shooto ချန်ပီယံဟောင်းကြီး Ryogo Takahashi ကို ရင်ဆိုင်ရမည် ဖြစ်သဖြင့် နိုင်ပွဲဆက် နိုင်ရန် ရုန်းကန်ရမည် ဖြစ်သည်။ Stamp မှာ အိမ်ကွင်း ပရိသတ်ရှေ့တွင် ONE Championship နိုင်ပွဲတစ်ပွဲသာ ရဖူးသည့် အိန္ဒိယ ကစားသမား Puja “The Cyclone” Tomar နှင့် လည်းကောင်း၊ Miura မှာ မျက်နှာသစ် ကစားသမား Maira Mazar နှင့်လည်းကောင်း ရင်ဆိုင်ရမည် ဖြစ်သဖြင့် နိုင်ပွဲဆက်ရန် အလားအလာ ကောင်းနေသည်။

 (၄) မျက်နှာသစ် ကစားသမားများ အတွက် စာမေးပွဲ

ယခုပြိုင်ပွဲတွင် ONE Championship ခေါင်းစဉ်အောက် တစ်ကြိမ် တစ်ခါမှ မယှဉ်ပြိုင် ခဲ့ဖူးသည့် မျက်နှာသစ် ကစားသမား ၅ ဦး ပါဝင်ယှဉ်ပြိုင်သော တွဲဆိုင်းများ ထည့်သွင်းထားခြင်း ကလည်း ထူးခြားမှုတစ်ခု ဖြစ်သည်။ ယင်းတွဲဆိုင်းများ အနက် ပြင်သစ် ကစားသမား Victor “Leo” Pinto နှင့် အယ်ဂျီးရီးယား ကစားသမား Adam Noi တို့ နှစ်ဦး၏ တွဲဆိုင်းမှာ မျက်နှာသစ် ကစားသမား နှစ်ဦး ထိပ်တိုက်တွေ့သည့် တွဲဆိုင်း ဖြစ်လာသည်။ Kickboxing စည်းမျဉ်းဖြင့် ယှဉ်ပြိုင်ကြမည့် ယင်း Super Series တွဲဆိုင်းကို ၂ဝ၁၉ ကတည်းက ကျင်းပရန် စီစဉ်ခဲ့သော်လည်း ပျက်ပြယ်ခဲ့ပြီး ယခုမှ ပြန်လည်ကျင်းပ နိုင်ခဲ့ခြင်း ဖြစ်သည်။

အခြား မျက်နှာသစ် ကစားသမား များမှာ ရုရှား ကစားသမား Magomedaliev နှင့် ရင်ဆိုင်ရမည့် အမေရိကန် ကစားသမား Joey “MaMa’s Boy” Pierotti၊ တရုတ်ကစားသမား Ma “Canon” Jia Wen နှင့် ရင်ဆိုင်ရမည့် မွန်ဂိုလီးယားသား Shinechagtga Zoltsetseg နှင့် ဂျပန် အားကစားမယ် Miura နှင့် ရင်ဆိုင်ရမည့် ဘရာဇီးလ်သူ Mazar တို့ ဖြစ်ကြသည်။ Zoltsetseg သည် ယခင်က ONE Warrior Series မှ ကစားသမား ဖြစ်ပြီး ၎င်း၏ လက်စွမ်းကြောင့် ONE Championship သို့ ခေါ်ယူစာချုပ်ခြင်း ခံရကာ ပထမဆုံး ပွဲဦးထွက်ပွဲ အဖြစ် ကစားရမည် ဖြစ်သည်။

ONE: A New Tomorrow ပြိုင်ပွဲကို လာမည့် ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ Impact Arena တွင် မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲ၌ ကျင်းပပြုလုပ်မည်ဖြစ်သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly