ကွင်းလယ်ကနေ တောင်ပံထွက် ကစားရမည့်အပေါ် မြတ်ကောင်းခန့်၏ရင်ဖွင့်သံ

ကွင်းလယ်ကနေ တောင်ပံထွက် ကစားရမည့်အပေါ် မြတ်ကောင်းခန့်၏ရင်ဖွင့်သံ

ရန်ကုန်၊ ဒီဇင်ဘာ ၂၉။              ။ မြန်မာ ယူ-၂၂ အသင်း၏ အဓိက ကွင်းလယ် ကစားသမားဖြစ်သူ မြတ်ကောင်းခန့် အနေဖြင့် ထိုင်းလိဂ်-၂ မှ ချိုင်နက်ဟွန်ဘေးအသင်းကို တရားဝင်ပြောင်းရွေ့ ခဲ့ပြီးအချိန်တွင် အသင်း၏ လိုအပ်ချက်ပေါ်မူတည်ပြီး အသင်းနည်းပြက ဘယ်တောင်ပံနှင့် ညာတောင်ပံတို့ကို ထွက်ကစားရမည်ဟု မဇ္ဈိမမီဒီယာကို ပြောသည်။

ထိုင်းလိဂ်-၂ သို့ ပြောင်းရွေ့ကစားမည့် မြတ်ကောင်းခန့်က"ကျွန်တော်က ကွင်းလယ်ကစားသမားပါ၊ ကွင်းလယ် မှာ ကစားရတာ ပိုကြိုက်ပါတယ်။ နည်းပြက ဆီးဂိမ်းမှာလို လိုအပ်ချက်အရ နည်းပြတောင်းဆိုလို့ အစွန်တွေ ထွက်ကစားရမယ်ဆို အသင့်ပါပဲ"ဟု  ပြောသည်။

ဖိလစ်ပိုင် ဆီးဂိမ်းပြိုင်ပွဲတွင် မြန်မာယူ-၂၂ အသင်းနှင့်အတူ ခြေစွမ်းပြ ကစားနိုင်ခဲ့သည့် ကွင်းလယ်ဖန်တီးရှင် မြတ်ကောင်းခန့်ကို ဒီဇင်ဘာ ၂၅ ရက်က ထိုင်းလိဂ်-၂ ကလပ် ချိုင်နက်ဟွန်ဘေးအသင်းမှ တစ်နှစ်စာချုပ်ဖြင့် ခေါ်ယူခဲ့ကြောင်း ချိုင်နက်ဟွန်ဘေးအသင်းက ထုတ်ပြန်ခဲ့သည်။

မြတ်ကောင်းခန့်က " အပြောင်းအလဲက ဖြစ်သွားနိုင်ပါတယ်။ အသင်းက လူခေါ်ထားတဲ့ပုံစံနဲ့ အသင်းရဲ့ ကစား ပုံနဲ့က အသင်းရဲ့ လိုအပ်ချက်အရ နည်းပြက ဘယ်တောင်ပံကိုထွက် ကစားခိုင်းမယ့် အခြေအနေမှာလည်း ရှိ တယ်။ ညာဘက်မှာ လည်း ဆော့ခိုင်းမယ့် အခြေအနေရှိပါတယ်။ ကွင်းလယ်မှာလည်း သုံးဖို့ရှိပါတယ် " ဟု ပြောသည်။

ပြည်တွင်း သတင်းမီဒီယာများ၏ သတင်းဖော်ပြချက်တွင် စာချုပ်တန်ကြေးမှာ တစ်လလျှင် ဒေါ်လာ လေး ထောင်(၄၀၀၀) ဒေါ်လာ ပေါက်ဈေး ၁၅၀၀ ဖြင့်တွက်ပါက မြန်မာငွေ တစ်လလျှင် လစာ ကျပ်သိန်း ၆၀ ခံစား ခွင့် ရရှိမည်ဖြစ်ပြီး တခြား ခံစားခွင့်များဖြစ်သည့် တိုက်ခန်း၊ ကားတို့ကို ပေးအပ်ထားကြောင်း သိရသည်။

ထို့နောက် မြတ်ကောင်းခန့်သည် ချိုက်နက်ဟွန်ဘေးအသင်းတွင် ကျောနံပါတ် (၈)ကို ဝတ်ဆင် ကစားသွား မည်ဖြစ်ကြောင်းလည်း သိရသည်။

မြတ်ကောင်းခန့်သည် မန္တလေး ဘောလုံးအကယ်ဒမီမှ ပေါ်ထွက်လာခဲ့သည့် ကစားသမားတစ်ဦးဖြစ်ပြီး ၂၀၁၉ မြန်မာနေရှင်နယ်လိဂ် အသင်းကြီး ရတနာပုံအသင်းနှင့်အတူ စတင်ပွဲထွက် ကစားခဲ့သော ကစားသမားတစ်ဦး
ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly