ပြည်တွင်းမှ ဖရဲသီးများ တရုတ်ဈေးကွက်တွင် ဈေးကောင်းရနေ

By ခိုင်ဆက်ဝေ
28 December 2019
ပြည်တွင်းမှ ဖရဲသီးများ တရုတ်ဈေးကွက်တွင် ဈေးကောင်းရနေ
တရုတ်-မြန်မာ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ဇုန်က ဖရဲသီးစျေးကွက်။ ဓာတ်ပုံ- ခိုင်ဆက်ဝေ

မန္တလေး၊ ဒီဇင်ဘာ ၂၈ ။          ။ ပြည်တွင်းမှ စိုက်ပျိုးထုတ်လုပ်သည့် ဖရဲသီးများမှာ ယခုရက်ပိုင်းတွင် အရည်အသွေး ကောင်းပြီး တရုတ်နှစ်သစ်ကူး နီးကပ် လာချိန်ဖြစ်၍ တရုတ်ကုန်သည်များ ဝယ်လိုအားများကာ တရုတ်ဈေးကွက်တွင် ဈေးကောင်းရနေကြောင်း မူဆယ်(၁၀၅) မိုင် သစ်သီးဝလံပွဲရုံများမှ သိရသည်။

တရုတ်ဖရဲသီးဈေးကွက်တွင် ပြီးခဲ့သည့် နိုဝင်ဘာ ၁၅ ရက်က ၈၅၅ ဖရဲသီး ရောင်းတန်းဝင် ၁၅ တန်ကား တစ်စီးလုံးလျှင် တရုတ်ငွေ ယွမ် ၃၃၀၀၀-၄၂၀၀၀၊ ထိုင်ဝမ်သီး တစ်တန်လျှင် ယွမ် ၂၈၀၀-၃၂၀၀ ဝန်းကျင်ရှိရာ ယခု ဒီဇင်ဘာ ၂၇ ရက် တွင် ၈၅၅ ဖရဲသီး ရောင်း တန်းဝင် ၁၅ တန်ကား တစ်စီးလုံးကို တရုတ်ငွေ ယွမ် ၃၄၀၀၀-၄၅၀၀၀ ရှိပြီး အသေးစားမှာ ယွမ် ၁၀၀၀၀-၂၀၀၀၀ ရှိသလို ထိုင်ဝမ်သီး တစ်တန် ယွမ် ၃၅၀၀-၃၇၀၀ ဝန်းကျင်ရှိကြောင်း သိရသည်။

ခွာညိုသစ်သီးပွဲရုံမှ ဦးစိုင်းခင်မောင်က “၂၄ ရက်နေ့က ဖရဲတွေကို တန်ချိန်နဲ့ အရည်အသွေးအရ အစီးပြတ်ရောင်းတဲ့ စနစ်ပြောင်းသွားပြီး တရုတ် ဝယ်လက်တွေ အကုန်သိမ်းကျုံး ဝယ်သွားတယ်။ ဈေးကွက်က ရောင်းသူရဲ့ သဘော ဖော်ဆောင်တဲ့ ဈေးကွက်ကို ပြောင်းလဲနှိုင်တဲ့ အချိန် အခါပါ။ အဓိကတော့ ခူးဆွတ်ချိန် အမှည့်ဆိုရင် အရည်အသွေးပြည့်မှ တင်ပို့ဖို့လိုတယ်” ဟု ပြောသည်။

လက်ရှိတွင် မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးဘက်မှ ဖရဲသီးများ လက်ကျန် မရှိတော့ဘဲ ပဲခူး၊ ညောင်လေးပင်၊ သုံးခွ၊ မဒေါက် စသည့် အောက်ပိုင်း ဒေသများမှ ဖရဲသီးများ တရုတ်ဈေးကွက်သို့ ဝင် ရောက်လျက်ရှိနေရာမှ ဈေးကောင်း ရနေခြင်းဖြစ်ကြောင်း သိရသည်။

မူဆယ်(၁၀၅မိုင်)မှ မိန်းမိန်းသစ်သီးပွဲရုံ တာဝန်ခံ ဦးနိုင်က “ပွင့်လင်းရာသီလည်း ရောက်လာပြီ။ တရုတ်နှစ်သစ်ကူးလည်း ရှိတော့ အဝယ်များသလို အသီးတွေက အရည်အသွေး ကောင်းလို့ ဈေးကောင်းရတယ်။ ပြီးခဲ့တဲ့ တစ်လခွဲဝန်းကျင်က မိုးထိထား တာတွေ ပို့ကြတော့ အရည်အသွေး ညံ့တယ်။ စားရတဲ့ အရသာမရှိရင် ဈေးမရဘူး။ အထက်ပိုင်းက ဖရဲသီးက ကုန်သွားလို့ အောက်ပိုင်းက ဖရဲသီးတွေ တရုတ် ဈေး ကွက်မှာ ဈေးကောင်းရနေတယ်”ဟု ပြောသည်။

ပြီးခဲ့သည့် တစ်လခွဲခန့်က တင်ပို့သည့် ဖရဲသီးများမှာ အရည်အသွေးညံ့၍ အပျက်အစီးများသဖြင့် အရည်အသွေးကောင်း သစ်သီးဝလံများသာ တင်ပို့ကြရန် သစ်သီးဝလံ ကုန်စည်ဒိုင်(မူဆယ်)မှ နိုဝင်ဘာ ၁၀ ရက်နေ့က အသိပေးစာ ထုတ်ပြန်ခဲ့ ကြောင်း သိရသည်။

တရုတ်သို့ ဖရဲသီးတင်ပို့သော မူဆယ်(၁၀၅မိုင်)နယ်စပ်မှ ဘဏ္ဍာနှစ်အလိုက် စာရင်းများအရ ၂၀၁၆-၁၇ တွင် တန်ချိန် ၇ သိန်းကျော်(ကန်ဒေါ်လာ သန်း ၇၀ ကျော်)၊၂၀၁၇-၁၈ တွင် တန်ချိန် ၈ သိန်းကျော်(ကန်ဒေါ်လာ ၇၇ သန်းကျော်) နှင့် ၂၀၁၈-၁၉ တွင် တန်ချိန် ၈ သိန်းကျော်(ကန်ဒေါ်လာ သန်း ၇၀ နီးပါး) စသဖြင့် ရှိကြောင်း သိရသည်။

 

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly