ကျပ်သိန်းပေါင်း ၆ သောင်းကျော် အကုန်ခံခဲ့သော်လည်း အောင်မြင်မှုမရလို့ အားကာသိပ္ပံကျောင်းများတွင် ပြုပြင်ပြောင်းလဲမှု လုပ်မည်ဟု ဝန်ကြီးပြော

By ထွန်းထွန်းဝင်း ၊ မိုင်းယိုင်နီ
28 December 2019
ကျပ်သိန်းပေါင်း ၆ သောင်းကျော် အကုန်ခံခဲ့သော်လည်း အောင်မြင်မှုမရလို့ အားကာသိပ္ပံကျောင်းများတွင် ပြုပြင်ပြောင်းလဲမှု လုပ်မည်ဟု ဝန်ကြီးပြော
ဓာတ်ပုံ - ထွန်းထွန်းဝင်း

ရန်ကုန်၊ ဒီဇင်ဘာ ၂၈။           ။ အားကစားသိပ္ပံကျောင်း ခြောက်ကျောင်းကို ၂၀၁၉-၂၀၂၀ ဘတ်ဂျက်အဖြစ် ကျပ်သိန်းပေါင်း ခြောက် သောင်းကျော် ထောက်ပံ့ပေးခဲ့သော်လည်း ကုန်ကျငွေနှင့် အောင်မြင်မှု ရရှိထားသည့် အတိုင်းအတာ ညီမျှခြင်းမရှိကြောင်း အားကာသိပ္ပံကျောင်းများတွင် ပြုပြင်ပြောင်းလဲရေးလုပ်သွားမည်ဟု  ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက "ဘတ်ဂျက်က အားကစားကျောင်း ခြောက် ကျောင်းကို ၂၀၁၉-၂၀၂၀ မှာကျပ်သန်းပေါင်း ၆၂၃၃ သန်း ၊သိန်းပေါင်း ၆၀၀၀၀ ကျော်ပါ၊ ဒီပိုက်ဆံတွေနဲ့ အကျိုးအမြတ်ရရဲ့လား ၊ ကုန်ကျ ငွေနဲ့အကျိုးအမြတ် ရရှိရဲ့လား ဆိုတာကို ပြန်ကြည့်ရပါမယ်"ဟု ပြောသည်။

မြန်မာနေရှင်နယ်လိဂ်မှ ကြီးမှူးကျင်းပသည့် မြန်မာ့ဘောလုံးတစ်နှစ်တာ အကောင်းဆုံးဆုနှင့် ချန်ပီယံဆုများ ပေးအပ်ပွဲ( MFF-MNL Awards Night 2019)ကို ဒီဇင်ဘာ ၂၇ ရက်နေ့ ညနေပိုင်းက ရန်ကုန်မြို့ သုဝဏ္ဏ မြက်ခင်းတုမှာ ကျင်းပသည့် အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အထက်ပါအတိုင်း မိန့်ခွန်းမှာ ထည့် သွင်း ပြောခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် အားကာသိပ္ပံကျောင်း ခြောက် ကျောင်းရှိ ဘောလုံး အားကစားနည်း အပါအဝင် တခြားသော အားကစားနည်း တချို့ ကို ပြုပြင်ပြောင်းလဲရေးများ လုပ်သွားမည်ဟု ဆိုသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက "ဘောလုံးကို လုပ်ဆောင်မယ်ဆို ဦးဇော်ဇော်တို့ ဘောလုံးအဖွဲ့ချုပ် ကို  ရှေ့တန်းတင်မယ်။ကျွန်တော်တို့က နောက်တန်းကနေ နေမယ်။ အားကစားသိပ္ပံမှ လုပ်တာတွေကို ဦး ဇော်ဇော်တို့ အဖွဲ့တွေနဲ့ နိုင်ငံခြားက အဖွဲ့ တွေ လာကြည့်ပါ။ ဘောလုံး လေ့ကျင့်ခန်းပေးတာ ဟုတ်သလား မဟုတ်ဘူးလား။ ကျောင်း ခြောက် ကျောင်းမှာ ရှိတယ်။ လာကြည့်ပါ လုံးဝပြင်မယ်။ တခြားအဖွဲ့ချုပ် ၊ ဥက္ကဋ္ဌတွေ လာကြည့်ပါ။ သေချာလုပ်မယ်။ ဇန်နဝါရီလမှ တော့ အနှစ်ချုပ်ပြန်သုံးသပ်တာကို အားကစားသိပ္ပံကျောင်း ခြောက် ကျောင်းကိုလုပ်မယ်"ဟု ပြောသည်။

ပြီးခဲ့ ၂၀၁၉ ဖိလစ်ပိုင်ဆီးဂိမ်းတွင် မြန်မာအားကစားအဖွဲ့ အနေဖြင့် ရွှေတံဆိပ်ဆု လေးခုသာ ရှိခဲ့သည့်အတွက် လာမည့် အနဂတ်ပြိုင်ပွဲများတွင် အောင်မြင်မှုများ ရရှိရန် မြန်မာနိုင်ငံရှိ အားကစားအဖွဲ့ချုပ်များနှင့် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ပူးပေါင်းဆောင်ရွက်သွားရန် ရှိကြောင်း သိရသည်။

လက်ရှိတွင် အားကစားသိပ္ပံကျောင်းများ ဖြစ်သည့် ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ တောင်ကြီး၊ မုံရွာ၊ လွိုင်ကော် ကျောင်းများတွင် အားကစားအမျိုးပေါင်း ၂၂ မျိုး သင်ကြား ပို့ချနေပြီး ဝန်ထမ်းပေါင်း ၈၃၀ ဦး ခန့်အပ် ထား ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly