မွန်လူငယ်များနေ့ အခမ်းအနား စည်ကားစွာ ကျင်းပ

မွန်လူငယ်များနေ့ အခမ်းအနား စည်ကားစွာ ကျင်းပ

ကျိုက်မရော၊ ဒီဇင်ဘာ ၂၈ ။         ။ မွန်လူငယ်များနေ့ အခမ်းအနားကို မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ခရုံဂူအနီးရှိ ကွင်းပြင်တွင်   ဒီဇင်ဘာလ ၂၈ ရက်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

မြို့နယ်အသီးသီးတွင် နေထိုင်ကြသည့် မွန်လူငယ်များ တစ်ဦးနှင့်တစ်ဦး ရင်းနှီးချစ်ခင်ပြီး စည်းလုံးမှု ရှိစေရန်  ရည်ရွယ်၍  မွန်လူငယ်များနေ့ ကို ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကာ ယခုနှစ်တွင် ၈ ကြိမ်မြောက် ကျင်းပခြင်းလည်း ဖြစ်သည်။

အဆိုပါ(၈)ကြိမ်မြောက် မွန်လူငယ်များနေ့အခမ်းအနားသို့ ရဟန်းသံဃာတော်များ၊ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာမင်းကြည်ဝင်း၊ မွန်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဌ ဒေါက်တာအောင်နိုင်ဦး၊ မွန်ပြည်သစ်ပါတီမှ တာဝန်ရှိသူများ၊ မွန်ညီညွတ်ရေးပါတီမှ တာဝန်ရှိသူများ၊ အနယ်နယ်အရပ်ရပ်မှ မွန်လူငယ်များနှင့် ဘင်ခရာအဖွဲ့များ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ အခြားတိုင်းရင်းသားညီအကို မောင်နှမများ စုစုပေါင်းအင်အား နှစ်သောင်းခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

လွတ်လပ်ရေးအကြိုခေတ် ၁၉၄၆ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် မော်လမြိုင်မြို့ ကျိုက်သုတ် ဘုရားရင်ပြင်တော်ပေါ်၌ ပထမအကြိမ် မွန်လူငယ် ညီလာခံကျင်းပခဲ့သည်ကို မွန်လူငယ်များနေ့အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်ပြီး ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် တောင်ပေါက်ကျေးရွာတွင် ၂၀၁၁ ခုနှစ်က ပထမအကြိမ်အဖြစ် မွန်လူငယ်များနေ့ကို စတင်ကျင်းပခဲ့ခြင်းဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required