“ကျနော် ပြန်လာခဲ့ပါပြီ” - (၆)လစာချုပ်နဲ့ အေစီမီလန်ကို ပြန်လည်ရောက်ရှိလာတဲ့ နတ်ဘုရားကြီး

“ကျနော် ပြန်လာခဲ့ပါပြီ” - (၆)လစာချုပ်နဲ့ အေစီမီလန်ကို ပြန်လည်ရောက်ရှိလာတဲ့ နတ်ဘုရားကြီး
Photos: AFP

ဆွီဒင်ကြယ်ပွင့် ဇလာတန် အီဗရာဟီမိုဗစ်ဟာ ရုန်းကန်နေရတဲ့ စီးရီးအေကလပ် အေစီမီလန်အသင်းနဲ့ တစ်နှစ်သက်တမ်းတိုးခွင့်ပါဝင်တဲ့ (၆)လစာချုပ်ကို ချုပ်ဆိုခဲ့တယ်လို့ အီတလီကလပ်က သောကြာနေ့က အတည်ပြုခဲ့ပါတယ်။

"ကျနော် လေးစားမှုအပြည့်ရှိတဲ့ ကလပ်အသင်းဆီ ပြန်လာခဲ့ပါပြီ။ ပြီးတော့ ကျနော် ချစ်တဲ့ မီလန်မြို့ကိုပေါ့။"လို့ အသက် (၃၈)နှစ်အရွယ်ရှိ ကစားသမားက ပြောပါတယ်။

"ဒီရာသီရဲ့ လမ်းကြောင်းကို ပြောင်းလဲနိုင်ဖို့ ကျနော့်ရဲ့ အသင်းဖော်တွေနဲ့အတူ တိုက်ပွဲဝင်သွားမှာဖြစ်တယ်။ ဖြစ်သမျှအရာရာတိုင်းကို ကျနော် ပေးဆပ်ကစားသွားမှာပါ။"

အေစီမီလန်အသင်းဟာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က အတ္တလန်တာအသင်းကို (၅-၀)ဂိုးပြတ်နဲ့ ရှုံးနိမ့်ပြီးနောက် ဇယားအဆင့် (၁၁)မှာ ရုန်းကန်နေရပြီး (၂၁)နှစ်အတွင်း သူတို့ရဲ့ အဆိုးရွားဆုံးသော ရှုံးနိမ့်မှုဖြစ်ပါတယ်။

"ကလပ်အသင်းနဲ့ တိုက်စစ်မှူးဟာ နောက်ထပ် တစ်နှစ်စာချုပ်သက်တမ်းတိုးခွင့်ပါတဲ့ လက်ရှိရာသီပြီးဆုံးချိန်အထိ (၆)လတာကာလတိုစာချုပ်ကို သဘောတူညီခဲ့ပါတယ်။"လို့ မီလန်က ကြေညာချက်ထဲမှာ ပြောပါတယ်။

အီဗရာဟီမိုဗစ်ဟာ ဆေးစစ်ခံယူဖို့ မီလန်ကို ဇန်နဝါရီ ၂ ရက်နေ့မှာ ရောက်ရှိလာမှာဖြစ်ပြီး သူတို့ရဲ့ပထမဆုံးလေ့ကျင့်ခန်းအတွက် အသင်းဖော်နဲ့ ပူးပေါင်းမှာဖြစ်တယ်လို့ ကလပ်က ဆက်ပြောခဲ့ပါတယ်။

အယ်လ်အေဂလက်စီအသင်းဟာ မေဂျာလိဂ်ပလေးအော့ဖ်ကနေ ထွက်ခွာပြီးနောက် အသက် (၃၈)နှစ်အရွယ် ကစားသမားဟာ ပြီးခဲ့တဲ့လက အသင်းကနေ ထွက်ခွာခဲ့တာဖြစ်ပါတယ်။

အီဗရာဟီမိုဗစ်ဟာ အေစီမီလန်အသင်းအတွက် ၂၀၁၀ နဲ့ ၂၀၁၂ အတွင်း နှစ်ရာသီကစားပေးခဲ့ပြီး လိဂ်ပွဲ (၆၁)ပွဲမှာ (၄၂)ဂိုး သွင်းယူပေးခဲ့ကာ အေစီရဲ့ နောက်ဆုံးအမှတ်ပေးဖလားဖြစ်တဲ့ စီးရီးအေဖလားကို ရယူပေးခဲ့ပါတယ်။

သူဟာ အင်တာမီလန်အသင်းနဲ့ လိဂ်ဖလား (၃)ကြိမ်၊ ဂျူဗင်တပ်အသင်းနဲ့ (၂)ကြိမ် ဆွတ်ခူးခဲ့ပါတယ်။

အေစီမီလန်အသင်းဟာ ဆောင်းရာသီအားလပ်ရက်အပြီး ပထမဆုံးပွဲစဉ်အဖြစ် အိမ်ကွင်းမှာ ဆမ်ဒိုရီးယားအသင်းနဲ့ ဇန်နဝါရီ ၆ ရက်နေ့မှာ ကစားသွားမှာဖြစ်ပါတယ်။

(AFP)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly