ထိုင်း-မြန်မာ နယ်စပ်မှ ခိုးသွင်းလာသော ဝက် ၄၇ ကောင်နှင့် လူ ၃ ဦး ဖမ်းဆီးရမိ

ထိုင်း-မြန်မာ နယ်စပ်မှ ခိုးသွင်းလာသော ဝက် ၄၇ ကောင်နှင့် လူ ၃ ဦး ဖမ်းဆီးရမိ
ပုံ- ဒီမိုးသွေး(မြိတ်)  ထိုင်း-မြန်မာ နယ်စပ်ကနေ ခိုးသွင်းလာသော ဝက်များကို တွေ့ရစဉ်။

မောတောင်၊ ဒီဇင်ဘာ ၂၇။               ။ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် ထိုင်း-မြန်မာ နယ်စပ်မြို့ဖြစ်သော မောတောင်မြို့မှာ ဒီဇင်ဘာ ၂၆ ရက်နေ့ ညနေ ပိုင်းက ထိုင်းဘက်ခြမ်းမှ ခိုးသွင်းလာသော တရားမဝင် ဝက် ၄၇ ကောင်နှင့် လူ ၃ ဦးကို သက်ဆိုင်ရာ ရဲစခန်းမှ ဖမ်းဆီး စစ်ဆေး အရေးယူခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ထိုင်းနိုင်ငံက သယ်ယူလာသော မော်တော်ယာဉ် ပေါ်ကနေ တဆင့် မြန်မာဘက်ခြမ်းရှိ မော်တော်ယာဉ်ပေါ်သို့ လွှဲပြောင်းယူနေစဉ် ဒေသခံများ၏ သတင်းပေး တိုင်ကြားမှုကြောင့် သွားရောက် စစ်ဆေးခဲ့ရာ တရားမ ဝင် ခိုးသွင်းလာ သော ဝက်အကောင်ရေ ၄၇ ကောင်နှင့် လူ ၃ ဦးကို စစ်ဆေး တွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ဝက်အကောင်ရေ ၄၇ ကောင်ကို မြန်မာ- ထိုင်း နယ်စပ်ဂိတ်ဖြစ်သည့် မောတောင်နှင့် ဆင်ခွန်းဂိတ် ၂ ခုရှိ တောလမ်းမှ တဆင့် တရားမဝင် ကုန်ကားကြီးဖြစ် တင်သွင်းခြင်း ဖြစ်ကြောင်း မောတောင်မြို့ ရဲစခန်းက ပြောသည်။

ထိုင်း-မြန်မာ နယ်စပ်ကနေ ခိုးသွင်းလာသော ဝက်တင်ကား  

မောတောင်မြို့ ရဲစခန်းမှ စခန်းမှူး ဝင်းလှိုင်က“ဝက်တွေကို တရားမဝင် တင်သွင်း လာနေတယ် ဆိုပြီး၊ ဒေသခံ တချို့က လာရောက် သတင်းပို့တာကြောင့် ကျွန်တော်တို့ သွားရောက် စစ်ဆေး ဖမ်းဆီးခဲ့တာ ဖြစ်တယ်”ဟု ပြောသည်။

လက်ရှိမှာ လူ ၃ ဦး၊ ဝက် ၄၇ ကောင်နှင့် ကား ၂ စီးကို ဖမ်းဆီး ထိန်းသိမ်းထားကြောင်း မောတောင်မြို့ ရဲစခန်းထံက ဆိုသည်။တရားမဝင် ဝက်များ တင်ဆောင်လာသည့် ကိစ္စနှင့်ပတ်သက်၍ မောတောင် ရဲစခန်းက ထိုင်းနိုင်ငံသား ယာဉ်မောင်း ဆုန်ချိုင်း၊ မြန်မာနိုင်ငံသား ယာဉ်မောင်း စိုးလတ်ဦးနှင့် ယာဉ်နောက်လိုက် ရန်နိုင်စိုး စသည့် သုံးဦးတို့ကို ပို့ကုန်/သွင်းကုန် ဥပဒေပုဒ်မ ၈ ဖြင့် အရေးယူ ထားကြောင်း သိရသည်။

မောတောင်မြို့ အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးအောင်က “အရင်တုန်းကတော့ ဒီလိုပဲ နားလည်မှုနဲ့ တင်သွင်းနေကြတာ ရှိပါ တယ်၊ အထူးသဖြင့် ထိုင်းကုန်စည်တွေဆိုရင် ဘာမဆို မြန်မာဘက်ကို တင်သွင်းတာ ရပါတယ်၊ မြန်မာ ကုန်ပစ္စည်းတွေ ကျရင် ထိုင်းကိုတင်သွင်းရင် ထိုင်းအာဏပိုင်တွေက အမြဲဖမ်းဆီးလေ့ ရှိတယ်”ဟု ပြောသည်။

ထို့အပြင် ယခုဖြစ်စဉ်မှာ ပြီးခဲ့သည့် ရက်ပိုင်းက ထိုင်းသစ်သီးများအား မြန်မာဘက်ခြမ်းသို့ တစ်ပိုင်တစ်နိုင် ရောင်း/ဝယ် သူများကို မတင်သွင်းရန် တားမြစ်ခဲ့ရာမှ ထိုင်းဝက်များ တရားမဝင် တင်သွင်းလာခြင်း ရှိနေ၍ ဒေသခံ တချို့က စစ်ဆေး အရေးယူပေးရန် သက်ဆိုင်ရာ ရဲစခန်းတွင် သွားရောက် သတင်းပေး တိုင်ကြားရာမှ ဖမ်းဆီး စစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း မောတောင်မြို့ ဒေသခံများထံမှ သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required