၂ဝ၁၉ ခုနှစ်အတွင်း ONE Championship ၏ ချန်ပီယံ အသစ်များ ပေါ်ပေါက်ခဲ့သည့် ဝိတ်တန်းသစ်များ

၂ဝ၁၉ ခုနှစ်အတွင်း ONE Championship ၏ ချန်ပီယံ အသစ်များ ပေါ်ပေါက်ခဲ့သည့် ဝိတ်တန်းသစ်များ

အာရှ၏ အကြီးကျယ် အခမ်းနားဆုံး ကိုယ်ခံပညာ ပြိုင်ပွဲကြီး ONE Championship သည် ၂ဝ၁၉ ခုနှစ် အတွင်းတွင် ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစား သာမက မွေထိုင်းနှင့် Kickboxing ပြိုင်ပွဲများ ကိုပါ ဝိတ်တန်း အသစ်များ တိုးချဲ့ပြီး ကျင်းပပေးခဲ့သည်။ အဆိုပါ ဝိတ်တန်း အသစ်များတွင် ယခင်က မရှိခဲ့ဖူးသေးသည် ချန်ပီယံ အသစ်များ ပေါ်ထွက်လာခဲ့ရာ အဆိုပါ ချန်ပီယံများ အကြောင်းကို စုစည်းတင်ပြ လိုက်ရပါသည်။

(၁) Nong-O Gaiyanghadao (ဘန်တန်ဝိတ်တန်း မွေထိုင်း)

ထိုင်း မွေထိုင်း ကစားသမား Nong-O Gaiyanghadao သည် ယခုနှစ်အတွင်း ပထမဆုံး ပေါ်ထွက်ခဲ့သည့် ဝိတ်တန်းသစ် ချန်ပီယံ ဖြစ်သည်။ Nong-O သည် ဖေဖော်ဝါရီ လအတွင်းက ထိုင်းနိုင်ငံတွင် ကျင်းပခဲ့သော ONE: Clash of Legends ပြိုင်ပွဲတွင် အဓိက ခေါင်ပွဲအဖြစ် တရုတ်ကစားသမား Han Zi Hao နှင့် ယှဉ်ပြိုင်ခဲ့ပြီး အဆိုပါ ချန်ပီယံ ခါးပတ်ကို သိမ်းပိုက် နိုင်ခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် ယင်းခါးပတ်ကို စိန်ခေါ်လာသည့် ဂျပန်နိုင်ငံသား Hiroaki Suzuki, ပြင်သစ် နိုင်ငံသား Brice Delval နှင့် တစ်နိုင်ငံတည်းသား Saemapetch Fairtex တို့ကို အနိုင်ရကာ ချန်ပီယံ ကာကွယ်နိုင် ခဲ့သည်။ ထို့ကြောင့် Nong-O သည် ONE Championship သမိုင်းတွင် တစ်နှစ်အတွင်း ချန်ပီယံ ခါးပတ်ကို သိမ်းပိုက်ပြီး ချန်ပီယံ ကာကွယ်ပွဲ ၃ ပွဲ ဆက်တိုက် အနိုင်ရအောင် ကစားနိုင်ခဲ့သည့် တစ်ဦးတည်းသော ကစားသမား ဖြစ်လာသည်။

(၂) Stamp Fairtex (အက်တမ်ဝိတ်တန်း အမျိုးသမီး မွေထိုင်း)

၂ဝ၁၈ ခုနှစ်ကတည်းက ONE အက်တမ်ဝိတ်တန်း Kickboxing ချန်ပီယံ ဖြစ်ခဲ့သည့် Stamp Fairtex သည် ၂ဝ၁၉ ခုနှစ် အတွင်းတွင် ပထမဆုံးသော ONE အက်တမ်ဝိတ်တန်း မွေထိုင်း ချန်ပီယံ ခါးပတ်ကိုပါ သိမ်းပိုက်ပြီး မတူညီသော အားကစားနည်း နှစ်ခု၏ ချန်ပီယံ ဖြစ်လာသည်။ Stamp သည် ဖေဖော်ဝါရီလ အတွင်းက စင်ကာပူတွင် ကျင်းပသော ONE: Call to Greatness ပြိုင်ပွဲတွင် အမေရိကန်သူ Janet Todd ကို အနိုင်ယူကာ ယင်းခါးပတ်ကို ရရှိခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် အဆိုပါ ချန်ပီယံ ခါးပတ်အတွက် စိန်ခေါ် လာသည့် သြစတြေးလျသူ Alma Juniku ကိုလည်း အနိုင်ရကာ ချန်ပီယံ ကာကွယ်နိုင်ခဲ့သည်။ Stamp သည် ကမ္ဘာ့ ပထမဆုံး ကိုယ်ခံပညာ အားကစားနည်း ၃ ခု ကမ္ဘာ့ ချန်ပီယံ ဖြစ်ရန်လည်း မျှော်မှန်းပြီး ကိုယ်ခံပညာ သိုင်းပေါင်းစုံ ပွဲများ ယှဉ်ပြိုင်လျက် ရှိသည်။

(၃) Petchdam Petchyindee Academy (ဖလိုင်းဝိတ်တန်း Kickboxing)

ထိုင်းလူငယ် မွေထိုင်း ကစားသမား Petchdam “The baby Shark” Petchyindee Academy သည် ယခုနှစ် အတွင်း အသစ် ထည့်သွင်း လိုက်သည့် ONE Kickboxing ဖလိုင်းဝိတ်တန်း တွင် ပထမဆုံး ချန်ပီယံ ခါးပတ် ရရှိသူ ဖြစ်လာခဲ့သည်။ Petchdam သည် မေလ အတွင်းက ထိုင်းနိုင်ငံတွင် ကျင်းပခဲ့သော ONE: Warriors of Light ပြိုင်ပွဲတွင် ပြင်သစ် ကစားသမား Elias Mahmoudi ကို ပွဲကြီးကြပ်သူ များ၏ နည်းစနစ်ပိုင်း ဆိုင်ရာ ဆုံးဖြတ်ချက်ဖြင့် အနိုင်ရကာ ချန်ပီယံ ဖြစ်ခဲ့ခြင်း ဖြစ်သည်။ သို့သော် Petchdam သည် ချန်ပီယံ ခါးပတ်ကို ၃ လ ခန့်သာ ထိန်းသိမ်းနိုင်ခဲ့ပြီး စိန်ခေါ်လာသူ နယ်သာလန်သား Ilias Ennahachi ကို ရှုံးနိမ့်ကာ ခါးပတ် ပြန်လည် လွှဲပြောင်း ပေးခဲ့ရသည်။

(၄) Regian Eersel (လိုက်ဝိတ်တန်း Kickboxing)

ယခုနှစ် အတွင်း ONE Championship တွင် ဝိတ်တန်းသစ် အများအပြား တိုးမြှင့်ခဲ့သည့် အနက် လိုက်ဝိတ်တန်း Kickboxing သည်လည်း တစ်ခု အပါအဝင် ဖြစ်ပြီး ယင်းဝိတ်တန်း၏ ပထမဆုံး ချန်ပီယံ နေရာကို ဆူရီနမ်-နယ်သာလန် ကစားသမား “The Immortal” Regian Eersel က သိမ်းပိုက်နိုင်ခဲ့သည်။ Eersel သည် အဆိုပါ ချန်ပီယံ ခါးပတ်ကို မေလ အတွင်းက စင်ကာပူတွင် ပြုလုပ်ခဲ့သည့် ONE: Enter the Dragon ပြိုင်ပွဲတွင် တစ်နိုင်ငံတည်းသာ ပြိုင်ဘက် Nieky Holzken ကို အနိုင်ရကာ သိမ်းပိုက် နိုင်ခဲ့ခြင်း ဖြစ်သည်။ Kickboxing လောကတွင် ကဝေတစ်ဆူ အဖြစ် ထင်ရှားသည့် Holzken သည် ယင်းအရှုံးကို လက်မခံနိုင်ခဲ့ဘဲ Eersel ကို မကျေပွဲ ပြန်လည်စိန်ခေါ် ခဲ့သည်။ သို့သော်လည်း Eersel ကပင် ယင်းပွဲကို ထပ်မံ အနိုင်ယူခဲ့ကာ ထိုက်တန်သော ချန်ပီယံ တစ်ဦးဖြစ်ကြောင်း သက်သေပြ နိုင်ခဲ့သည်။

(၅) Roman Kryklia (လိုက်ဟဲဗီးဝိတ်တန်း Kickboxing)

၂ဝ၁၉ နှစ်ကုန်ခါနီးတွင်မှ ONE Championship သည် Kickboxing ဝိတ်တန်း အသစ် ၃ ခု ထပ်မံ တိုးချဲ့ကာ ချန်ပီယံ ခါးပတ်များ လုစေခဲ့သည်။ အဆိုပါ ခါးပတ် ၃ ခုအနက် ပထမဆုံး တစ်ခုမှာ လိုက်ဟဲဗီးဝိတ်တန်း ဖြစ်ပြီး ONE ၏ မျက်နှာသစ် ကစားသမား ယူကရိန်း နိုင်ငံသား Roman Kryklia က ဝိတ်တန်း ချန်ပီယံ ဖြစ်ခဲ့သည်။ Kryklia သည် အဆိုပါ ချန်ပီယံ ခါးပတ်အတွက် တရုတ်နိုင်ငံတွင် နိုဝင်ဘာလအတွင်း ကျင်းပသည့် ONE: Age of Dragon ပြိုင်ပွဲတွင် မော်ရိုကို နိုင်ငံသား Tarik Khbabez ကို အနိုင်ယူ ခဲ့ခြင်း ဖြစ်သည်။ ယင်းဝိတ်တန်းသည် ONE Championship တွင် ထည့်သွင်းကျင်းပ နေသည့် Kickboxing ဝိတ်တန်းများ အနက် အမြင့်ဆုံးလည်း ဖြစ်သည်။

(၆) Sam-A Gaiyanghadao (စတောဝိတ်တန်း Kickboxing)


ONE ၏ ဖလိုင်းဝိတ်တန်း မွေထိုင်း ချန်ပီယံဟောင်း Sam-A Gaiyanghadao သည် ယခုနှစ် အတွင်း ၎င်း၏ ဒုတိယမြောက် ONE ကမ္ဘာ့ချန်ပီယံ ခါးပတ် ဖြစ်သည့် စတောဝိတ်တန်း Kickboxing ခါးပတ်ကို သိမ်းပိုက်နိုင် ခဲ့သည်။ Sam-A သည် နှစ်ကုန်ခါနီး နောက်ဆုံး ပြိုင်ပွဲအဖြစ် မလေးရှား နိုင်ငံတွင် ကျင်းပခဲ့သည့် ONE: Mark of Greatness ပြိုင်ပွဲတွင် တရုတ် လူငယ် ကစားသမား Wang Junguang ကို အနိုင်ရကာ ချန်ပီယံ ဖြစ်ခဲ့ခြင်းလည်း ဖြစ်သည်။ ပြီးခဲ့သည့် မေလအတွင်းက ဖလိုင်းဝိတ်တန်း မွေထိုင်း ချန်ပီယံ ခါးပတ်ကို ဆုံးရှုံးခဲ့သည့် ထိုင်းဝါရင့် ကစားသမားကြီး Sam-A သည် စတောဝိတ်တန်းသို့ ဆင်းကာ Kickboxing ချန်ပီယံ ခါးပတ်ကို သိမ်းပိုက်ခဲ့ခြင်း ဖြစ်သည်။

(၇) Alaverdi Ramazanov (ဘင်တန်ဝိတ်တန်း Kickboxing)

၂ဝ၁၉ နှစ်ကုန်ခါနီး နောက်ဆုံး ပြိုင်ပွဲအဖြစ် မလေးရှား နိုင်ငံတွင် ကျင်းပခဲ့သည့် ONE: Mark of Greatness ပြိုင်ပွဲတွင် Sam-A ကဲ့သို့ နောက်ထပ် ဝိတ်တန်းသစ် ချန်ပီယံ ဖြစ်ခဲ့သူမှာ ဘင်တန်ဝိတ်တန်း Kickboxing ချန်ပီယံ ဖြစ်လာသည့် ရုရှား ကစားသမား Alaverdi “Babyface Killer” Ramazanov ဖြစ်သည်။ Ramazanov သည် အဆိုပါ ပြိုင်ပွဲတွင် တရုတ်နိုင်ငံသား ပြိုင်ဘက် တစ်ဦးပင် ဖြစ်သည့် Zhang Chenglong ကို အနိုင်ယူကာ ချန်ပီယံ ဖြစ်လာခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ၂ဝ၁၉ ခုနှစ်အတွင်း ONE Championship တွင် ဝိတ်တန်းသစ်များ၏ ချန်ပီယံ ၇ ဦး အထိ ထွက်ပေါ်ခဲ့ပြီး Kickboxing မှ ၅ ဦးနှင့် မွေထိုင်း ၂ ဦး ဖြစ်သည်။

ONE: A New Tomorrow ပြိုင်ပွဲကို လာမည့် ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ Impact Arena တွင် မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲ၌ ကျင်းပပြုလုပ်မည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly