ဗိုလ်ချုပ် ထွန်းမြတ်နိုင်၏ ဇနီးနှင့် သား/သမီးကို တတိယနိုင်ငံတွင် ထားသင့်ဟု AA ပြော

ဗိုလ်ချုပ် ထွန်းမြတ်နိုင်၏ ဇနီးနှင့် သား/သမီးကို တတိယနိုင်ငံတွင် ထားသင့်ဟု AA ပြော
AA ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့် ဇနီး မနှင်းဇာဖြူကို တွေ့ရစဉ်။ ဓာတ်ပုံ - Hning Zar Phyu (fb)

ရန်ကုန်၊ ဒီဇင်ဘာ ၂၇။       ။ ထိုင်းနိုင်ငံအနေဖြင့် ရခိုင်တပ်ဖွဲ့(AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ဇနီးနှင့် သား/သမီး ၂ ဦးကို တတိယ နိုင်ငံသို့ ပို့ဆောင်ခြင်း သို့မဟုတ် လုံခြုံမှုရှိစွာ ထိန်းသိမ်းထားသင့်ကြောင်း AA သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဦးခိုင်သုခက ပြောသည်။

လက်ရှိတွင် AA ခေါင်းဆောင်၏ ဇနီးဖြစ်သူ မနှင်းဇာဖြူနှင့် သား/သမီး နှစ်ဦးကို ထိုင်းနိုင်ငံတွင် ထိန်းသိမ်း ထားပြီး တတိယနိုင်ငံ တစ်နိုင်ငံကို ပို့မည်ဟု သတင်းများလည်း ထွက်ပေါ်လျက်ရှိသည်။

ဦးခိုင်သုခက “အဲဒီကိစ္စကတော့ ကျွန်တော်တို့ ဘာမှမသိသေးဘူး။ မေးပြီးမှ ပြောလို့ရမယ်။ ထိုင်းနိုင်ငံမှာ ထိန်း သိမ်းခံထား ရတာနဲ့ ပတ်သက်ပြီးတော့ လူ့အခွင့်ရေးအရ ပြောမယ်ဆိုရင် အမျိုးသမီးနဲ့ ကလေးတွေကို ထိုင်း ဘက်ကနေ အတတ်နိုင်ဆုံးတော့ လုံလုံခြုံခြုံနဲ့ တတိယနိုင်ငံဆိုလည်း တတိယနိုင်ငံ။ ဒါမှမဟုတ်ရင်လည်း လုံလုံခြုံခြုံနဲ့ ထိန်းသိမ်း စောင့်ရှောက်ထားသင့်တယ်လို့ မြင်တယ်။ ကာယကံရှင်ရဲ့ အဆုံးအဖြတ်နဲ့လည်း ဆိုင် တယ်။ သူတို့ ဘယ်လိုဖြစ်ချင်လဲ အများကြီး မူတည်တယ်။ ဒီကိစ္စက ကျွန်တော်တို့လည်း ပြောလို့မရဘူး” ဟု ပြောသည်။

၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာ ၄ ရက်က ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ရှိ လူဝင်မှုကြီးကြပ်ရေးဌာနသို့  ဗီဇာသက်တမ်းတိုးရန် လာရောက်စဉ် ထိုင်းအာဏာပိုင်များက ထိန်းသိမ်းခဲ့ပြီး မြန်မာအစိုးရဘက်သို့ လွှဲပြောင်းပေးရန် ထိုင်းအစိုးရက စီစဉ်နေခြင်းအပေါ် လူ့အခွင့်အရေးအဖွဲ့များက ကန့်ကွက်လျက်ရှိနေသည်။

ထို့နောက် UN က တတိယနိုင်ငံသို့ ပို့ဆောင်ရန် ကြားဝင် စေ့စပ်ညှိနှိုင်းနေပြီး ထိုင်းအစိုးရက UN ၏ ဆုံးဖြတ် ချက်ကို စောင့်ဆိုင်းနေကြောင်း သိရသည်။

မနှင်းဇာဖြူ၏ ဖခင်ဖြစ်သူ လက်ရှိ ရခိုင်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစံကျော်လှကတော့ တတိယနိုင်ငံတစ်ခု ကို ပို့မည်ဆိုသော သတင်းကို ကြားရကြောင်း၊ သို့သော် သေသေချာချာ မသိရသည့်အတွက် ဘာမှ မပြောနိုင် သေးကြောင်း ဆိုသည်။

“ တတိယ နိုင်ငံတစ်ခုကို ပို့မယ်ဆိုတာ သတင်းပဲကြားရတာ။ ငါတို့လည်း အဲဒီထက်ပိုတာ မသိရဘူး။ ထိုင်း အချုပ်ခန်းထဲမှာ ထိန်းသိမ်းထားတယ် ကြားတယ်။ မိဘ တစ်ယောက်အနေနဲ့ စိတ်မကောင်းဖြစ်တယ်။ သူတို့ရဲ့ အခြေအနေကို တစ်ခုမှ မသိရသေးတဲ့အတွက် ပြောလို့မရဘူး။ ဖြစ်တဲ့ အခြေအနေကို သိမှ မျှော်လင့်ချက်ကို ထားလို့ရတယ်။ အခုနေမှာ ရေရေရာရာ အတိအကျမသိတော့ ဘယ်လိုမှ မျှော်လင့်ချက်ထားလို့မရဘူး” ၎င်းက ပြောသည်။

AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်၏ ဇနီးနှင့် သား/သမီးတို့အား လူ့အခွင့်အရေး စံချိန်စံနှုန်းဖြင့် အညီ ထိန်းသိမ်းထားပြီး တတိယနိုင်ငံသို့ ပို့ဆောင်ရန် UN  အဆုံးအဖြတ်ကို စောင့်ဆိုင်းနေကြောင်း ထိုင်းသတင်း ဌာနတချို့က ထိုင်း လ.ဝ.က မှ အရာရှိကြီး တစ်ဦး ပြောစကားကို ကိုးကား၍ ရေးသားဖော်ပြထားသည်။သို့သော် မည်သည့် နိုင်ငံဆိုသည်ကိုတော့ မဇ္ဈိမက သီးခြား အတည်ပြုချက် ရယူနိုင်ခြင်း မရှိသေးပေ။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး UNHCR ကို မဇ္ဈိမက ဆက်သွယ်ခဲ့သော်လည်း မနှင်းဇာဖြူနှင့် သား/သမီး နှစ်ဦးကို တတိယနိုင်ငံသို့ ပို့ဆောင်မည့်ကိစ္စအား မှတ်ချက်ပြု မပြောဆိုနိုင်ကြောင်း အီးမေးလ်က တဆင့် အကြောင်းပြန်ခဲ့သည်။ထိုင်းသံရုံးသို့ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းပြန်လည် ဖြေကြားခဲ့ခြင်း မရှိခဲ့ပေ။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required