ဆယ်စုနှစ်တစ်ခုအတွင်း ဝင်ငွေအမြင့်မားဆုံး အားကစားသမားများ ထိပ်ဆုံးစာရင်းမှာ ရော်နယ်လ်ဒို၊ မက်ဆီတို့ကို ကျော်ဖြတ်ပြီး မေဝဲလ်သာ ရပ်တည်

ဆယ်စုနှစ်တစ်ခုအတွင်း ဝင်ငွေအမြင့်မားဆုံး အားကစားသမားများ ထိပ်ဆုံးစာရင်းမှာ ရော်နယ်လ်ဒို၊ မက်ဆီတို့ကို ကျော်ဖြတ်ပြီး မေဝဲလ်သာ ရပ်တည်
Photo: AFP

အမေရိကန်လက်ဝှေ့ကျော် ဖလွိုက် မေဝဲလ်သာဟာ ဆယ်နှစ်တစ်ခုအတွင်း ဝင်ငွေအမြင့်မားဆုံး အားကစားသမားများစာရင်းမှာ ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ မက်ဆီတို့ကို ဖြတ်ကျော်ပြီး ထိပ်ဆုံးမှာ ရပ်တည်နေခဲ့ပါတယ်။

ကမ္ဘာကျော်မဂ္ဂဇင်းတစ်စောင်ဖြစ်တဲ့ Forbes က (၂၀၁၀)ခုနှစ်ကစလို့ ဆယ်စုနှစ်တစ်ခုအတွင်း ဝင်ငွေအမြင့်ဆုံး ကစားသမား (၁၀)ဦးစာရင်းကို ထုတ်ပြန်ခဲ့တာလည်းဖြစ်ပါတယ်။

အသက် (၄၂)နှစ်အရွယ်ရှိ မေဝဲလ်သာဟာ ၂၀၁၀ နောက်ပိုင်း လက်ဝှေ့ပွဲပေါင်း (၁၀)ပွဲသာ ကစားခဲ့ပေမယ့် (၁၀)နှစ်အတွင်း သူ့ရဲ့ ဝင်ငွေမှာ ပေါင် (၇၀၆)သန်း (အမေရိကန်ဒေါ်လာ ၉၁၅ သန်း)အထိ ရှိခဲ့ပါတယ်။

သူဟာ ၂၀၁၇ ခုနှစ်က ကစားသမားဘဝကနေ အနားယူသွားခဲ့ပါတယ်။ ဒါ့အပြင် မေဝဲလ်သာဟာ မက်ဂရီဂေါ်နဲ့ ထိုးသတ်ခဲ့တဲ့ပွဲမှာ လက်ဝှေ့လောကရဲ့ အမြင့်ဆုံးဝင်ငွေတစ်ရပ်ဖြစ်တဲ့ ဒေါ်လာသန်း (၃၀၀)အထိ ပိုင်ဆိုင်ခဲ့သလို ၂၀၁၅ ခုနှစ်က ပတ်ကွီယိုနဲ့ ထိုးသတ်ခဲ့တဲ့ပွဲမှာလည်း ဒေါ်လာသန်း (၂၀၀)နီးပါးရရှိခဲ့သူဖြစ်ပါတယ်။

မေဝဲလ်သာဟာ လက်ဝှေ့သမားဘဝက အနားယူသွားတဲ့အချိန်အထိ ရှုံးပွဲမရှိရပ်တည်နိုင်ခဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာကလည်း ဂျပန်ကစ်ဘောက်ဆာသမား နာဆူကာဝါနဲ့ သရုပ်ပြထိုးသတ်တဲ့ လက်ဝှေ့ပွဲကနေ ဒေါ်လာ (၉)သန်း (ပေါင် ၇ သန်း) ရရှိခဲ့ပါတယ်။

Forbes က ဖော်ပြတဲ့ ဆယ်စုနှစ်တစ်ခုအတွင်း ဝင်ငွေအမြင့်မားဆုံး အားကစားသမား (၁၀)ဦးစာရင်းရဲ့ ဒုတိယနဲ့ တတိယနေရာမှာ ကမ္ဘာကျော် ဘောလုံးသမား နှစ်ယောက်ဖြစ်တဲ့ ရော်နယ်လ်ဒိုနဲ့ မက်ဆီတို့က ရပ်တည်နေကြပြီး ထိပ်ဆုံးကစားသမား (၁၀) ဦးစာရင်းမှာ ဘောလုံးလောကက သူတို့နှစ်ဦးတည်းသာ ပါဝင်ခဲ့ပါတယ်။

ဂျူဗင်တပ်စ်တိုက်စစ်မှူး ရော်နယ်လ်ဒိုရဲ့ ခန့်မှန်းဝင်ငွေမှာ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း အမေရိကန်ဒေါ်လာ သန်း (၈၀၀)ရှိခဲ့ပြီး မက်ဆီရဲ့ ဝင်ငွေကတော့ အမေရိကန်ဒေါ်လာ သန်း (၇၅၀)ရှိခဲ့ပါတယ်။

သူတို့ (၃)ဦးရဲ့နောက်မှာတော့ လီဘရွန်ဂျိမ်းစ်၊ ဖက်ဒါရာ၊ တိုင်ဂါးဝုဒ်၊ မစ်ကီဆန်၊ ပတ်ကွီယို၊ ဒူရန်နဲ့ ဟာမီလ်တန်တို့က အစဉ်လိုက်ရပ်တည်နေပါတယ်။

ဆယ်နှစ်တစ်ခုအတွင်း ဝင်ငွေအမြင့်ဆုံး အားကစားသမားများ (ဝင်ငွေ/ဒေါ်လာ)

၁။ မေဝဲလ်သာ (လက်ဝှေ့) ၉၁၅သန်း
၂။ ရော်နယ်လ်ဒို (ဘောလုံး) ၈၀၀ သန်း
၃။ မက်ဆီ (ဘောလုံး) ၇၅၀ သန်း
၄။ လီဘရွန်ဂျိမ်းစ် (ဘက်စကတ်) ၆၈၀ သန်း
၅။ ဖက်ဒါရာ (တင်းနစ်) ၆၄၀ သန်း
၆။ တိုင်းဂါးဝုဒ် (ဂေါက်သီး) ၆၁၅ သန်း
၇။ မစ်ကီဆန် (ဂေါက်သီး) ၄၈၀ သန်း
၈။ ပတ်ကွီယို (လက်ဝှေ့) ၄၃၅ သန်း
၉။ ဒူရန် (ဘက်စကတ်) ၄၂၅ သန်း
၁၀။ ဟာမီလ်တန် (ပြိုင်ကား) ၄၀၀ သန်း

Ref; Metro

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly