၂၀၂၀ ရွေးကောက်ပွဲနှင့် မသန်စွမ်းတို့၏ မျှော်လင့်ချက်

၂၀၂၀ ရွေးကောက်ပွဲနှင့် မသန်စွမ်းတို့၏ မျှော်လင့်ချက်
ဓာတ်ပုံ - AP

ဒီဇင်ဘာ ၂၄ ။          ။  လာမည့်  ၂၀၂၀ ရွေးကောက်ပွဲတွင် မသန်စွမ်းသူများက ပါတီကိုယ်စားပြု  လူငယ် ကိုယ်စားလှယ်လောင်းများအဖြစ် ပါဝင်ယှဉ်ပြိုင်လိုသည့် ဆန္ဒများ ရှိနေကြပါသည်။

၂၀၂၀ ရွေးကောက်ပွဲတွင် မသန်စွမ်းသူများက ဆန္ဒမဲပေးသည့် နေရာမျိုးကနေ မဟုတ်ဘဲ လူငယ် ကိုယ်စားလှယ်လောင်း များအဖြစ် ပေါ်ပေါက်လာနိုင်သည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ  ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ အတွင်းက  ပြော ထားဖူးသည်။

နိုင်ငံတကာတွင်  မသန်စွမ်းသူများအဖြစ် အမျိုးအစား  ၉ မျိုး ခွဲခြားထားရာ မြန်မာနိုင်ငံ၌  အမျိုးအစား ၄ မျိုး သတ်မှတ် ထားကြောင်း သိရသည်။

၂၀၁၄  ခုနှစ် သန်းခေါင်စာရင်းအရ  အသက် ၁၅ နှစ်ကနေ ၃၄ နှစ်အတွင်း  အမြင်အာရုံ မသန်စွမ်းသူ ၅ ဒသမ  ၃ ရာခိုင်နှုန်း ၊ ကိုယ်အင်္ဂါ မသန်စွမ်းသူ   ၈ ဒသမ  ၄၉ ရာခိုင်နှုန်း ၊ အကြားအာရုံ မသန်စွမ်းသူ ၈ ဒသမ ၆၄ ရာခိုင်နှုန်း ၊ ဉာဏ်ရည်မသန်စွမ်းသူ  ၁၂ ဒသမ ၄၁ ရာခိုင်နှုန်း ရှိနေပြီး မသန်စွမ်းသူ စုစုပေါင်း  ၂ ဒသမ ၃ သန်း ရှိကြောင်း သိရသည်။

ထို့ကြောင့် ရွေးကောက်ပွဲများတွင် မသန်စွမ်းသူများ ပါဝင်၍ အရွေးချယ်ခံနိုင်မည့် အခြေအနေကို ဖန်တီးပေးမည့် ပါတီ မူဝါဒများ နိုင်ငံရေးပါတီများမှ ပြင်ဆင်ပေးရန် လိုအပ်ကြောင်း မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့မှ အကြံပေး မယုယသူက  ပြောသည်။

“ဒါကတော့ ပါဝင်မယ့် ပါတီတွေမှာ အရည်အချင်းရှိတဲ့ ဝင်ရောက် အရွေးချယ်ခံနိုင်တဲ့ မသန်စွမ်းသူတွေ ရှိမယ်ဆိုရင် ပါတီ ရဲ့ ကိုယ်စားပြု အနေနဲ့ ပါဝင်ပေးဖို့ ၊ ပါတီရဲ့ မူဝါဒ ချမှတ်ဖို့လိုတယ်လို့ ထင်ပါတယ်။ ကျွန်မသိသလောက် တချို့ပါတီ တွေမှာ မူဝါဒအားဖြင့် ချမှတ်ထားတာ ရှိတယ်။ တချို့ပါတီတွေကတော့ မရှိသေးဘူး။  အဲတော့ လွှတ်တော်ထဲ ရောက်ဖို့ ဆိုရင် တချို့နိုင်ငံတွေမှ ကိုတာစနစ်အနေနဲ့ ပေးတယ်”ဟု ၎င်းက ပြောသည်။

လာမည့် ၂၀၂၀ ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ် ရွေးချယ်ရာတွင် နိုင်ငံ့အရေးကို တာဝန်ယူ ဆောင်ရွက်နိုင် သူများ ထဲမှ အရည်အသွေးတူနေပါက မသန်စွမ်းသူများကို ဦးစားပေးရန် အဆင်သင့်ရှိကြောင်း  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)မှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောသည်။

“လွှတ်တော် ကိုယ်စားလှယ် ၊ နိုင်ငံ့အရေးကို တာဝန်ယူ ဆောင်ရွက်ရမယ့်ပုဂ္ဂိုလ်များ ကိစ္စမျိုးမှာ အရည်အသွေးချင်း တူ ရင်  ကျွန်တော်တို့က မသန်စွမ်းသူများကို ဦးစားပေးဖို့  အဆင်သင့်ရှိပါတယ်။ ဒါပေမယ့် လွှတ်တော် ကိုယ်စားလှယ် ဆို တာ မသန်စွမ်းအရေးပဲ လုပ်ချင်လို့ မရပါဘူး။ တစ်နိုင်ငံလုံး အရေး (  သို့မဟုတ် ) သက်ဆိုင်ရာ တိုင်းနှင့်ပြည်နယ် အရေး ကို ထိထိရောက်ရောက် စွမ်းဆောင်နိုင်ဖို့ လိုပါတယ်။ ကျွန်တော်တို့ NLD ကို ကိုယ်စားပြုပြီး ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်တဲ့ အတွက် အဖွဲ့ရဲ့ မူဝါဒများနဲ့ လိုက်နာနိုင်တဲ့သူ၊ အဖွဲ့ချုပ်ရဲ့ မူဝါဒအတိုင်း လူတွေနဲ့ ထိတွေ့ ဆက်ဆံနိုင်သူဖြစ်ဖို့ လိုပါတယ်။ အဲလို အရည်အချင်းချင်း တူရင်တော့ ပိုတောင် ရွေးချယ်ခံရဖို့ ရှိပါတယ်လို့ ပြောချင်ပါတယ် “ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့မှ အကြံပေး မယုယသူကတော့ အရည်အချင်းရှိပြီး နိုင်ငံရေးကို စိတ်ဝင်စား သည့် မသန်စွမ်းသူများ နိုင်ငံရေးပါတီများမှတဆင့် ရွေးကောက်ပွဲကို ဝင်ရောက် အရွေးချယ်ခံလိုပါက နိုင်ငံရေးပါတီများ ဘက်မှ လက်ခံပေးရန် မူဝါဒများ ချမှတ်ပေးထားလိုကြောင်း၊ ထိုင်းနိုင်ငံတွင် မသန်စွမ်းများအတွက် လွှတ်တော်များမှာ ကိုတာစနစ်အရ တစ်နေရာစီ ပေးထားကြောင်း ဆိုသည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD)မှ ဒုဥက္ကဋ္ဌ စိုင်းညွန့်လွင်ကတော့ မြန်မာနိုင်ငံတွင် လွှတ်တော်အတွင်း မသန်စွမ်းသူများ ပါဝင်လာရေးအတွက် ကိုတာ(ခွဲတမ်း)စနစ် သတ်မှတ်နိုင်ရန် မလွယ်ကူးသေးကြောင်း၊ အဓိကမှာ လူထုကို အကျိုးပြုနိုင်ရန် လိုအပ်သလို စဉ်းစား တွေးခေါ်နိုင်ပြီး ဥပဒေပိုင်းနှင့် နိုင်ငံရေးဆိုသော အခန်းကဏ္ဍများတွင် တာဝန် ထမ်းဆောင်ပါက ငြင်းဆန်စရာမရှိဘဲ လက်ခံကြိုဆိုမည်ဟု ဆိုသည်။
“ ကျွန်တော်တို့ လက်ရှိ အနေအထား အတိုင်းကတော့ လမ်းဖွင့်ပေးထားတဲ့ အနေအထား တစ်ခုလောက်ပဲ လုပ်လို့ရမယ် ထင်တယ်။ ကိုတာလုပ်ဖို့ မလွယ်သေးဘူး၊ ဥပမာ - ကိုတာက  ၁ ရာခိုင်နှုန်း ၊ ၂ ရာခိုင်နှုန်း သတ်မှတ်လိုက်ရင် ရအောင် လုပ်တော့မှာလေ။  အဲတော့ အခက်အခဲရှိတယ်၊ ရှာရမှာလေ။ အခုက အမျိုးသမီးတွေ ၃ ရာခိုင်နှုန်း ပြောတာပဲ ရှိတယ်။ တကယ် လက်တွေ့မှတော့  အရည်အချင်း ပြည့်မီတဲ့ အမျိုးသမီးပေါ့။ ရွေးကောက်ပွဲဝင်မယ်  ၊ လွှတ်တော်ထဲ အလုပ်လုပ် မယ်ဆိုတဲ့ ဆန္ဒရှိတဲ့ အမျိုးသမီးတွေ ၃၀  ရာခိုင်နှုန်းပြည့်အောင် ကျွန်တော်တို့ မရှာနိုင်ပါဘူး။ ဆိုတော့ ကိန်းဂဏန်း တစ်ခု အနေနဲ့ လျာထားရင်တော့ အခက်အခဲ ရှိနိုင်တယ်။ ဒါပေမယ့် လာနိုင်တဲ့သူ  ၊ လာလိုတဲ့ ဆန္ဒရှိသူတွေ အတွက်တော့ ကျွန်တော်တို့က တံခါးဖွင့်ထားဖို့ အဆင့်သင့်ပါပဲ ”ဟု ၎င်းက သူ၏ အမြင်ကို ပြောပြသည်။

မြန်မာနိုင်ငံ မသန်စွမ်းသူများ အသင်းချုပ်ဥက္ကဋ္ဌ ဦးအောင်ကိုမြင့်က မသန်စွမ်းသူများ ပါတီ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက် ယှဉ်ပြိုင်ရာတွင် ခွဲခြား ဆက်ဆံခံရမှု မရှိစေရေးအတွက် နိုင်ငံပါတီများဘက်မှ တိကျသည့် မူဝါဒများ ချပေးကာ ကြပ်မတ် ဆောင်ရွက်ပေးလိုကြောင်း သူ၏ဆန္ဒကို ထုတ်ပြောလာသည်။

“ ပါတီဝင်အားလုံးက ဘာပဲပြောပြော မသန်စွမ်းဘဲ ပြောပြော ၊ ဆင်းရဲ ၊ချမ်းသာပဲ ပြောပြော လူတစ်ယောက်ရဲ့ ချို့ယွင်း အားနည်းမှု ဖြစ်နေတဲ့ အခြေအနေအပေါ် မူတည်ပြီး ဒါတွေကို အကြောင်းပြုပြီးမှ ခွဲခြားဆက်ဆံမှုတွေ မကျင့်သုံးကြဖို့၊ မူဝါဒ၊ စည်းမျဉ်းတွေ တားမြစ်ထားတာ မဟုတ်ဘဲ ကိုယ်စိတ်ကနေ တစ်ဦးချင်းစိတ်ထဲက ဒီလိုမျိုး  ခွဲခြားဆက်ဆံမှုတွေ မပါဖို့ ၊ အရည်အချင်းကို အရည်အချင်းအတိုင်းပဲ ယှဉ်ပြီး ၊ အရည်အချင်းနဲ့ပဲ ယှဉ်ပြိုင်သွားတဲ့ ပုံစံမျိုး ကျွန်တော်တို့ကို လုပ်သွားပေးမယ်ဆိုရင် သေချာတယ်။ ကျွန်တော်တို့ တနည်းအားဖြင့် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက် ရွေးချယ်ခွင့် ရှိလာမှာ ဖြစ်ပါတယ် “ ဟု ပြောသည်။

အရည်အသွေးပြည့်သည့် မသန်စွမ်းပုဂ္ဂိုလ် ဘယ်လောက် ရမလဲဆိုခြင်းပေါ် မူတည်မည်ဖြစ်ကြောင်းနှင့် ရာခိုင်နှုန်း တစ်ခု သတ်မှတ်၍ လုပ်ခြင်းသည် အသားကျနေသော ဒီမိုကရေစီ နိုင်ငံတွင် ပို၍ အဆင်ပြေမည် ဖြစ်သော်လည်း မြန်မာနိုင်ငံသည် ဒီမိုကရေစီအစစ်ရရေး ကြိုးပမ်းအားထုတ် နေရဆဲကာလ ဖြစ်နေကြောင်း NLD ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွန့်ကတော့ ဆိုသည်။

“ကျွန်တော်တို့ကတော့ ရာခိုင်နှုန်း  တစ်ခု သတ်မှတ်ပြီး လုပ်တာက အသားကျပြီးသား  ဒီမိုကရေစီနိုင်ငံမှတော့ ပိုပြီး အဆင်ပြေလိမ့်မယ်။ အခုက  ဒီမိုကရေစီအစစ်ကိုရဖို့  ကြိုးပမ်းအားထုတ်ဆဲ ကာလမှတော့ ကျွန်တော်တို့နိုင်ငံ အရည် အသွေး ပြည့်ဝရင် ၊အရည်အသွေးချင်းတူရင် သူတို့က ဦးစားပေး ခံရပါလိမ့်မယ် ၊ ဒါပေမဲ့  ကိုတာတစ်ခု သတ်မှတ်ပြီးတော့ ရွေးချယ်ဖို့တော့ အခုလက်ရှိအခြေအနေတော့ မဖြစ်နိုင်သေးဘူးလို့ ပြောချင်ပါတယ်။ သူဟာ ခွဲခြားဆက်ဆံရမှာ မဟုတ်ပါ ဘူး။ ကျန်တဲ့ ကျွန်တော်တို့ အဖွဲ့ချုပ် အဖွဲ့ဝင်တွေလိုပဲ သူဟာ နိုင်ငံရေး စွမ်းရည်မြင့် သင်တန်းတွေ တက်မယ်။ ပြည်သူ လူထုနဲ့ ထိတွေ့ ဆက်ဆံမှု ရှိမယ်။ ပြည်သူ့လူထုက သူကို ထောက်ခံမှု ရာနှုန်းတက်လာရင် ကျွန်တော်တို့က သူကို ရွေး ချယ်ဖို့ စဉ်းစားရမှာ ဖြစ်ပါတယ် “ ဟု ၎င်းက သူ၏ အမြင်ကို ရှင်းပြသည်။ 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ(USDP)၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်ကလည်း ပြည်ထောင်စု ရွေး ကောက်ပွဲကော်မရှင်မှ သတ်မှတ်ထားသည့် အရည်အချင်း ပြည့်မီပြီး ပါတီ၏ စံချိန်စံညွန်းနှင့် ကိုက်ညီသူ မည်သူမဆို ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်နိုင်သည်ဟု ဆိုသည်။

“ကျွန်တော်တို့ပါတီက ရွေးချယ်ဖို့ သတ်မှတ်ထားတဲ့ စံချိန်စံညွန်းတွေနဲ့ ကိုက်ညီတဲ့သူဆိုရင် မည်သူမဆို ကိုယ်စားလှယ် လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်လို့ ရတယ်။ အဓိကကတော့  ကျွန်တော်တို့ မူအနေနဲ့ ပြောရရင်  အရွေးချယ်ခံမယ့် ကိုယ်စားလှယ်ဟာ မိမိမဲဆန္ဒနယ်မှာရှိတဲ့ ပြည်သူလူထုတွေရဲ့ ထောက်ခံမှု ရဖို့လိုတယ်။ နောက်  သူတို့က ဒေသခံ ပြည်သူ လူထုရဲ့ အကျိုးစီးပွားကို ကိုယ်စားလောင်း တစ်ယောက်အနေနဲ့ လုပ်နိုင်တဲ့ အရည်အသွေးရှိဖို့ လိုတယ်။ အဲဒီအပေါ်မှာပဲ ကျွန်တော်တို့က အခြေခံတယ်။ မသန်စွမ်းဖြစ်ခြင်း ၊ မဖြစ်ခြင်းအပေါ်မှာ ကျွန်တော်တို့ တိုင်းတာထားတာ  မရှိဘူး”ဟု ၎င်း က ပြောသည်။

မြန်မာနိုင်ငံ သမိုင်းမှာတော့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် မသန်စွမ်းသူ တစ်ဦးဖြစ်သူ ကရင်တိုင်းရင်းသား စောသူရအောင် အနိုင်ရရှိခဲ့ခြင်းက သမိုင်းမှတ်ကျောက်တင်ခဲ့ရသော အစဉ်အလာတခု ဖြစ်ခဲ့ပါသည်။
စောသူရအောင်သည် ငယ်ရွယ်စဉ်အချိန်က ပိုလီယိုရောဂါခံစားခဲ့ရပြီး ချိုင်းထောက်ကို အားပြု၍ သွားလာ လှုပ်ရှားရသော် လည်း ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့နယ်၏ လစ်လပ်မဲဆန္ဒနယ်တွင် NLD ပါတီ ကိုယ်စားပြု၍ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာ အနိုင်ရရှိခဲ့ပြီး ယခု ပဲခူးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ် တည်ရှိ နေပါသည်။

ပဲခူးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် စောသူရအောင်က  မသန်စွမ်းသူများ ရွေးကောက်ပွဲ ဝင်ပြိုင်ရန် စိတ်ဝင် စားမှုရှိလျှင် လွှတ်တော်ကိုယ်စားလှယ်တဦး၏ လုပ်ငန်းတာဝန်၊ ကိုယ်စားပြုမည့် မဲဆန္ဒရှင်များ၏ လိုအပ်ချက်များကို ပြင်ဆင်ထားရန် လိုအပ်ကြောင်း အကြံပြုသည်။

“ လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်ရဲ့ လုပ်ငန်းတာဝန်တွေ သိထားရမယ်။ အနည်းဆုံး ဥပဒေတွေ လေ့လာ ထားရ မယ်။ နောက်ပြီး ကိုယ်စားပြုရမယ့် မဲဆန္ဒရှင်တွေအကြောင်းကို ကောင်းကောင်း သိထားရမယ်။  လိုအပ်ချက်ကို ဖြည့် ဆည်း ပေးရမယ်။ ဆိုလိုတာက မသန်စွမ်းအတွက် စီ -  နေရာ အဲလိုမျိုးလုပ်ပြီး သီးခြား ရွေးချယ်တာမျိုး ရှိရင်တော့ မသန်စွမ်းအရေး သီးခြားလုပ်လို့ ရတာပေါ့။ အဲတာကလည်း လောလောဆယ် လွှတ်တော်တွေမှ  မရှိသေးဘူး။ မသန်စွမ်း အရေးအတွက် မသန်စွမ်း ကိုယ်စားလှယ်မျိုး မရှိသေးဘူး။ တိုင်းရင်းသားအရေးအတွက် တိုင်းရင်းသား ကိုယ်စားလှယ်ပဲ ရှိသေးတယ်။ ဒါကြောင့် သူတို့က မသန်စွမ်းတွေပဲ သီးခြား ကိုယ်စားပြုလို့ မရဘူး။ အခု အနေအထားမှတော့ ကျွန်တော်တို့ က ကိုယ်ကို ရွေးချယ်တဲ့ မဲဆန္ဒရှင်အရေးပဲ ကိုယ်စားပြုနေရတယ် “  ဟု  ၎င်းက ပြောသည်။
ထို့ကြောင့် လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် မသန်စွမ်းသူများအနေဖြင့် မည်သည့် ပါတီကနေ ကိုယ်စားပြုပြီး ရွေးကောက်ပွဲ ဝင်ရောက် အရွေးချယ်ခံလာကြမလဲ၊ မသန်စွမ်းအရေးနှင့် နိုင်ငံ့အရေးကို မည်ကဲ့သို့ လွှတ်တော်အတွင်းမှာ ကြိုးပမ်းလာကြမလဲ ဆိုတာကိုတော့ စောင့်ကြည့်ရတော့မည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly