သဘာဝငှက်သိုက်လုပ်ငန်း အခက်ကြုံနေမှု ဖြေရှင်းရန် တနင်္သာရီငှက်သိုက်လုပ်ငန်းရှင်များ အသင်းဖွဲ့စည်း

သဘာဝငှက်သိုက်လုပ်ငန်း အခက်ကြုံနေမှု ဖြေရှင်းရန် တနင်္သာရီငှက်သိုက်လုပ်ငန်းရှင်များ အသင်းဖွဲ့စည်း

မြိတ်၊ ဒီဇင်ဘာ (၂၄) ။                ။ သဘာဝငှက်သိုက်များ ရောင်း/ ဝယ်မှုနှင့်ပတ်သက်၍ လုပ်ငန်းရှင်များ ကြုံတွေ့ နေရသည့် အခက် အခဲများကို သက်ဆိုင်ရာ အစိုးရ အဖွဲ့ထံ တင်ပြ တောင်းဆိုနိုင်ရေးအတွက်ရည်ရွယ်ြပီး တနင်္သာရီ ငှက်သိုက် လုပ်ငန်းရှင်များ အသင်းကို ဖွဲ့စည်းထားကြောင်း သိရသည်။

ငှက်သိုက် လုပ်ငန်းရှင်များ ကြုံတွေ့နေရသည့် အခက် အခဲများကို အသင်းအဖွဲ့ ဖွဲ့စည်း တစ်ခု ပေါ်ပေါက်လာပါက ပူးပေါင်း ဖြေရှင်း ပေးနိုင်လိမ့်မည်ဟု လုပ်ငန်းရှင်များ မျှော်လင့်နေကြခြင်းလည်း ဖြစ်သည်။

 “ကျွန်တော်တို့ တနင်္သာရီ ငှက်သိုက် လုပ်ငန်းရှင်များအသင်းကို နိုဝင်ဘာလထဲမှာ စတင် ဖွဲ့စည်း ခဲ့ပါတယ်၊ အသင်းသူ/သား ၄၀ ဦးကျော်နဲ့ စခဲ့တာ ဖြစ်တယ်။ ငှက်သိုက် လုပ်ငန်းရှင်များ အသင်းကို ဖွဲ့စည်း ဖြစ်တာက ဒေသတွင်းမှာ လုပ်ငန်းရှင်တွေ ကြုံတွေ့နေရတဲ့ အခက်အခဲ ပြဿနာတွေကို နိုင်ငံတော် အစိုးရကို တင်ပြဖို့အတွက် အသင်း တစ်ခု အနေနဲ့ ဖွဲ့စည်းတာ ဖြစ်တယ်” ဟု တနင်္သာရီ ငှက်သိုက် လုပ်ငန်းရှင်များ အသင်းမှ အဖွဲ့ဝင် တစ်ဦး ဖြစ်သူ ဦးဟန်မင်းစိုးက ပြောသည်။

တနင်္သာရီတိုင်းအတွင်း ဇီဝစိုး ငှက်သိုက်လုပ်ငန်းများမှာ မြိတ်ခရိုင်နှင့် ကော့သောင်း ခရိုင်အတွင်းရှိ မြို့နယ်များတွင် သဘာဝ သစ်တော ထွက်နှင့် လူနေအိမ်များ၌ မွေးမြူခြင်းများမှ ထွက်ရှိနေခြင်း ဖြစ်သည်။

လက်ရှိ ခရိုင် နှစ်ခုမှာ ငှက်သိုက် မွေးမြူသူ လုပ်ငန်းရှင်များမှာ လွန်ခဲ့သည့် ၁၀ နှစ်ခန့်က မွေးမြူသူ ရာဂဏန်း ခန့်သာ ရှိရာမှ ယခု အခါမှာ မြို့ပေါ်နှင့် ကျေးရွာများပါ မကျန် မွေးမြူသူ ထောင်နှင့်ချီ၍ ရှိလာနေကြောင်း သိရသည်။

ငှက်သိုက် လုပ်ငန်းရှင်များ အကြား ကြုံတွေ့ နေရသည့် အခက် အခဲများအနေဖြင့် ခရီးဝေး Customer များ ငှက်သိုက်သယ်ယူ ခွင့်နှင့်ပတ်သက်ပြီး၊ သစ်တောထွက်ပစ္စည်းဟုဆိုကာ မျှောစာ ထုတ်ယူရပြီး ကြန့်ကြာမှုများရှိနေသဖြင့် ရောင်းဝယ်မှုအပိုင်းတွင် အဆင်မပြေမှုများ ရှိနေကြောင်း သိရသည်။

“ငှက်သိုက် လုပ်ငန်းရှင်တွေမှာ အဓီက ရင်ဆိုင် နေရတာက မျှောစာ ကိစ္စပါ၊ ဒေသခံတွေကို ရောင်းရတာ ပြဿနာ မရှိပေမယ့် နယ်ဝေးက လာတဲ့ ဧည့်သည်တွေ အများကြီး ဝယ်သွားချင်ပေမယ့် သစ်တောက မျှောစာကို ချက်ချင်း မထုတ်ပေးတော့ သယ်ယူသွားရင် သစ်တောထွက် ပစ္စည်းနဲ့ ငြိနေလို့ ဆိုပြီး၊ ဖမ်းဆီးခံရ နိုင်ပါတယ်”လို့ မြိတ်မြို့၊ ထားဝယ်စုရပ်ကွက်နေ ငှက်သိုက်ထုတ်လုပ်ရောင်းချသူ ဒေါ်ယုမော်က ပြောကြား သည်။

ငှက်သိုက်ထုတ်လုပ် ရောင်းချသူ မအေးအေးစိုးက “အခုက သစ်တောက စားသုံးသူတွေ ငှက်သိုက်တွေကို သယ်ယူခွင့်က ခရီးဝေး Customer တွေ ၅ ကျပ်သားမှ ၁၀ ကျပ်သား အထိပဲ သယ်ယူခွင့် ပြုထားပါတယ်၊ ဒီထက် များရင် မျှောစာလျှောက်ရပါတယ်၊ မပါရင်တော့ ဖမ်းခံရတတ်ပါတယ်” ဟု ပြောသည်။

လက်ရှိတွင် မြိတ်ခရိုင်နှင့် ကော့သောင်းခရိုင်တို့တွင်  လူနေအိမ်များ၌ ငှက်သိုက် မွေးမြူသည့် အိမ် တစ်ထောင်ကျော် အထိ ရှိနေကြောင်း မြိတ်ခရိုင် ငှက်သိုက်လုပ်ငန်းရှင်များ အသင်းထံမှ သိရသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အထိ စာရင်းများ အရ ဇီဝဇိုးငှက်ကို အိမ်တွင်မွေးမြူကာ ငှက်သိုက်ထုတ်လုပ်ရန် တနင်္သာရီတိုင်းဒေသကြီး သစ်တောဌာနနှင့် စာချုပ်ချုပ်ဆိုထားသည့် အိမ်မှာ ၃၇၁ လုံး အထိသာ ရှိကြောင်း သစ်တောဦးစီးဌာန၏ စာရင်းများအရ သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required